သတင်းထောက် လုံခြုံရေးကို တပ်ကစိုးရိမ်သတဲ့လား

သတင်းထောက် လုံခြုံရေးကို တပ်ကစိုးရိမ်သတဲ့လား
မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ postcard ဖြစ်ပါသည်။
ဗညားကျော်ရေးသည်။
ပလက်ဝ (စက်တင်ဘာ၊ ၂၀၁၉)

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်ဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၃၈ ရှိနေပြီး မနှစ်ကထက် တစ်ဆင့်လျော့ကျသွားတယ်လို့ ဒီနှစ်အတွက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်အညွှန်းကိန်းက ဆိုပါတယ်။ အစိုးရဌာနဆိုင်ရာတွေမှာ သတင်းရယူခွင့် တောင်းခံတဲ့အခါ နှောင့်နှေးကြန့်ကြာနေသလို တချို့ဌာနတွေမှာဆိုရင် ဘာသတင်းမှ မေးလို့မရပါဘူး။

ကျွန်တော်ရဲ့သတင်းသမား လုပ်သက်နှစ်နှစ်ခွဲဝန်းကျင်မှာသတင်းလွတ်လပ်ခွင့် ကန့်သတ်ခံရတဲ့ အဆိုးဆုံးကိစ္စတစ်ခု ကြုံခဲ့ရပါတယ်။  အဲဒါကတော့ ပြီးခဲ့တဲ့ဇွန်လတုန်းက ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့မှာရှိတဲ့ စစ်ဘေးရှောင်သူတွေနဲ့ပတ်သက်တဲ့ သတင်းသွားယူတဲ့အခါမှာ အဟန့်အတားမျိုးစုံနဲ့ ကြုံခဲ့ရတာပါ။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ ရက္ခိုင့်တပ်မတော် (Arakan Army – AA) နဲ့ မြန်မာ့တပ်မတော်တို့ဟာ၂၀၁၅ ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းကစလို့ တိုက်ပွဲတွေဟာ  ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကဆိုရင် တိုက်ပွဲတွေဟာ ရွာနားဝန်းကျင်တွေမှာ ဖြစ်လာတာကြောင့် ဒေသခံတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာတွေ၊ လုပ်ငန်းတွေကိုထားခဲ့ပြီး အသက်လုထွက်ပြေးတိမ်းရှောင်ကြရပါတယ်။

စာရင်းတွေအရ နေရပ်စွန့်ခွာသူဦးရေဟာ ပလက်ဝမှာ ၁,၅၀ဝ နီးပါးလောက် ရှိပါတယ်။ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်မှာ  ဒီအကြောင်းသတင်းလိုက်ဖို့ ကျွန်တော်ဟာပလက်ဝကို ရန်ကုန်ကနေတက်သွားခဲ့ပါတယ်။

ကျွန်တော်ရောက်တဲ့နေ့မှာပဲ ပလက်ဝမှာ အင်တာနက်လိုင်းမရတော့ပါဘူး။ ဒီလိုဖြတ်တောက်လိုက်တာဟာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့်လို့ အစိုးရကထုတ်ပြန်ခဲ့ပြီး ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြောက်ပိုင်းကမောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ်တွေပါပါတယ်။

နောက်တစ်နေ့မနက်မှာတော့ ပလက်ဝမြို့ပေါ်မှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်လှူတဲ့အခမ်းအနားတစ်ခုရှိတယ်ဆိုတာကြောင့် အဲဒီကိုလာကြတဲ့စစ်ဘေးရှောင်ပြည်သူတချို့နဲ့ သူတို့ရဲ့အခက်အခဲတွေကို မေးမြန်းခွင့်ရခဲ့ပါတယ်။

စစ်ဘေးရှောင်အများစုဟာ နေရပ်ကိုပြန်နေကြသလို တချို့မပြန်ရဲသူတွေဟာလည်း သူတို့ဆွေမျိုးအိမ်တွေမှာ နေထိုင်ကြပါတယ်။

တိုက်ပွဲကြောင့်ရွာပျက်ဖြစ်သွားတဲ့ ကျေးရွာခုနစ်ရွာနီးပါးရှိတယ်လို့ ပလက်ဝမြို့ပေါ်ကစစ်ဘေးရှောင်ကူညီရေး ပရဟိတအဖွဲ့တွေဆီက ကြားသိရပါတယ်။ အဲဒီရွာသားအများစုဟာ မီးဇာကျေးရွာမှာစစ်ရှောင်အနေနဲ့ ရောက်နေတယ်လို့ သူတို့ကဆိုကြပါတယ်။

ပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းတုန်းက AA ကခေါ်ဆောင်သွားတဲ့ ကင်းသလင်းရွာသား ၅၄ ဦးထဲကလွတ်လာတဲ့ နှစ်ဦးဟာ မီးဇာကျေးရွာမှာ စစ်ရှောင်အနေနဲ့ရောက်နေတယ်လို့ သူတို့ကဆိုပါတယ်။

ဒါကြောင့်ကျွန်တော်လည်း နောက်နေ့မှာမီးဇာကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မီးဇာကျေးရွာဟာ ပလက်ဝမြို့  မြောက်ဘက်မှာရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပါတယ်။ မီးဇာရွာကိုရောက်ဖို့ ပလက်ဝမြို့ကနေ ကုလားတန်မြစ်ကြောင်းအတိုင်း စက်လှေနဲ့တစ်နေကုန်ဆန်တက်သွားရမှာဖြစ်တယ်။

ပထမတော့မနက်တိုင်းပြေးဆွဲတဲ့ ပလက်ဝ-မီးဇာစက် လှေနဲ့သွားမလို့ စဉ်းစားခဲ့ပေမယ့် လိုင်းစက်လှေဟာ လမ်းမှာ ခရီးသည်အတင်အချရှိလို့ ကြာတတ်တာကြောင့် ကျွန်တော်တည်းတဲ့တည်းခိုခန်းမန်နေဂျာက မီးဇာကို တိုက်ရိုက်ရောက်မယ့်စက်လှေကြုံနဲ့ ချိတ်ပေးပါတယ်။

ဒီစက်လှေကို ပညာရေးရုံးဝန်ထမ်းတစ်ဦးဖြစ်သူက စင်းလုံးငှားခဲ့တာဖြစ်ပြီး မီးဇာမှာရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်းသားတွေစားဖို့ဆန်အိတ် ၇၀ နီးပါးလောက်ကို ကျောက်တော်မြို့ကနေ တင်ခဲ့တာပါ။ ပလက်ဝမြို့မှာ တစ်ညအိပ်ပြီး နောက်နေ့မနက်မှာမီးဇာကို ဆက်သွားမှာဖြစ်ပါတယ်။

မနက် ၇ နာရီခွဲဝန်းကျင်မှာ မြစ်ဆိပ်ကနေစက်လှေခွာပြီး ပလက်ဝမြို့အထက်ကိုဆန်တက်ပါတယ်။ ၁၀ မိနစ်အကြာမှာတော့ မြို့အထွက်မှာရှိတဲ့ ပလုပ်တောင်စစ်ဆေးရေးဂိတ်ကိုရောက်ပါတယ်။ ဒီဂိတ်ဟာ ပလက်ဝအထက်ပိုင်းကိုတက်တဲ့ စက်လှေအားလုံးကိုစစ်ဆေးတာပါ။ ဒီဂိတ်မှာ တပ်မတော်သားတချို့နဲ့ ရဲတချို့ဟာ ခရီးသည်အသွားအပြန်စာရင်းနဲ့ မှတ်ပုံတင်စတာတွေကို စစ်ဆေးကြပါတယ်။

ကျွန်တော်တို့စီးလာတဲ့ စက်လှေလည်းဆိပ်ကမ်းနားကပ်လိုက်တယ်။ ဂိတ်ကတာဝန်ရှိသူကို ဆန်တင်လာတဲ့အကြောင်းနဲ့ စာရွက်စာတမ်းတချို့ပြလိုက်ပါတယ်။ အဲဒီနောက် အရပ်ဝတ်နဲ့ရဲတစ်ဦးက စက်လှေပေါ်တက်လာပြီး လိုက်စစ်ဆေးပါတယ်။ ပြီးတော့သူက ပညာရေးရုံးဝန်ထမ်းဆီက လက်ဖက်ရည်ဖိုးဆိုပြီး ငွေ ၂,ဝ၀ဝ ကျပ်ယူသွားပါတယ်။

အဲဒီနောက် စက်လှေထွက်ခွင့်ရခဲ့ပါတယ်။ စက်လှေထွက်ပြီးသိပ်မကြာခင်မှာပဲ ပညာရေးရုံးဝန်ထမ်းဆီကို ဖုန်းဝင်လာပါတယ်။ စက်လှေသံက ဆူညံနေတာကြောင့် သူလည်းစက်လှေဦးပိုင်းကိုထွက်ပြီး ဖုန်းပြောရင်း စက်လှေမောင်းသူကို စက်လှေပြန်လှည့်ဖို့ လက်အမူအရာနဲ့ ပြလိုက်ပါတယ်။

ကျွန်တော်ထိုင်နေတဲ့နေရာကို သူဝင်လာတဲ့အခါ “ဘာဖြစ်လို့လဲ” လို့မေးကြည့်တဲ့အခါ သူက “ဘာဖြစ်လဲမသိဘူး၊ စက် လှေပြန်ခေါက်(လှည့်)ခိုင်းတယ်” လို့ မျက်နှာမသာမယာနဲ့ဆိုပါတယ်။

စက်လှေနောက်ပြန်လှည့်နေချိန်မှာပဲလူနှစ်ဦးပါတဲ့ စက်လှေအသေးတစ်စီးဟာ ကျွန်တော်တို့စက်လှေနောက်က လိုက်လာပြီး ကျွန်တော်တို့စက်လှေကိုပလုပ်တောင်ဂိတ်ကိုလှည့်ခိုင်းပါတယ်။ အဲဒီလူနှစ်ဦးကတော့ ပလုပ်တောင်ဆိပ်ကမ်းမှာတွေ့ခဲ့တဲ့ ပိုက်ဆံ ၂,ဝ၀ဝ ယူတဲ့ရဲနဲ့တခြားရဲတစ်ဦးဖြစ်ပါတယ်။

no.68-postcard-jpg-1

photo-Banyar Kyaw
ပလုပ်တောင်ဂိတ်တွင် စစ်ဆေးခံနေသည့် စက်လှေများ

ပိုက်ဆံယူတဲ့ရဲက ကိုယ်ခန္ဓာပိန်ပိန်ပါးပါးဖြစ်ပြီး နောက်တစ်ဦးကခပ်ပြည့်ပြည့်ဖြစ်ပါတယ်။ ပိုက်ဆံယူတဲ့ရဲက စက်လှေအသေးပေါ်ကနေ ပုဆိုးပြင်ဝတ်ရင်း ကျွန်တော့်ကိုစကားလှမ်းပြောပါတယ်။

စက်လှေသံတွေ ဆူညံနေတာတစ်ကြောင်း၊ နောက်ပြီးသူပြောတာချင်းစကားနဲ့ဖြစ်လို့ ဘာပြောမှန်းလည်း မသိတာကြောင့် သူ့ကိုကျွန်တော်ကတော့ ပြုံးရုံပြုံးပြလိုက်ပါတယ်။ ဒါနဲ့သူကဗမာလိုမှတ်ပုံတင်ပါလားဆိုပြီး ထပ်မေးပြီး ထုတ်ပြခိုင်းပါတယ်။

အဲဒီအချိန်မှာ နောက်တစ်ဦးဖြစ်တဲ့ခပ်ပြည့်ပြည့်ရဲဟာ စက်လှေပေါ်တက်လာပြီး ကျွန်တော့်နားမှာ ဆောင့်ကြောင့်ထိုင်လိုက်ကာ ကျွန်တော်နဲ့အပြန်အလှန်မေးမြန်းပြောဆိုကြပါတော့တယ်။

“အစ်ကို ဘယ်သွားမှာလဲ”

“မီးဇာဘက် သွားမလို့”

“ဘာသွားလုပ်မှာလဲ”

“သတင်းသွားယူမလို့”

“ဘာသတင်းလဲ”

ဥပဒေနဲ့မညီတဲ့အလုပ်တွေ သွားလုပ်မှာမဟုတ်တဲ့အတွက် ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြန်ဖြေလိုက်ပါတယ်။

“မီးဇာမှာ ၁၀ တန်းအောင်ချက် သုညရာခိုင်နှုန်းဖြစ်တာရယ်၊ ခူမီးချင်းရိုးရာယဉ်ကျေးမှုအကြောင်းနဲ့ စစ်ဘေးရှောင်တွေအကြောင်းပါ”

အဲဒီနောက်မှာတော့ ကျွန်တော်ထုတ်ပေးလိုက်တဲ့မှတ်ပုံတင်နဲ့ သတင်းထောက်ကတ်ပြားကို ရဲနှစ်ဦးဟာ အပြန်ပြန်အလှန်လှန်ဖုန်းနဲ့ဓာတ်ပုံရိုက်ယူကြပါတယ်။  ပြီးတော့ခပ်ပြည့်ပြည့်ရဲက သူ့အထက်လူကြီးကို ဖုန်းနဲ့ အကြောင်းကြားနေပါတယ်။

ခပ်ပိန်ပိန်ရဲကတော့ မီးဇာဘက်ကို လုံခြုံရေးအရ ကျွန်တော်သွားလို့မရကြောင်းနဲ့ ဂိတ်ကိုလိုက်ခဲ့ပြီးတပ်ကို အကြောင်းကြားရပါမယ်လို့ဆိုလာပါတယ်။

ဒါနဲ့ပလုပ်တောင်ဂိတ်ကိုသူတို့စက်လှေနဲ့လိုက်သွားခဲ့ပါတယ်။ ဂိတ်ကိုရောက်တဲ့အခါမှာ အစိမ်းရောင်စွပ်ကျယ်နဲ့  ဘောင်းဘီတိုဝတ်ထားတဲ့လူတစ်ဦးဟာ စားပွဲခုံအရှေ့မှာလက်တစ်ဖက်ကဘောလ်ပင်ကိုင်ထားပြီး ကျန်လက်တစ်ဖက်နဲ့ဖုန်းပြောနေပါတယ်။ သူ့ရှေ့မှာလည်းစာရွက်တစ်ရွက်ရှိပါတယ်။ နောက်ပိုင်းမှသူဟာ တပ်ကဗိုလ်ကြီးတစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

သူ့အနားကပ်သွားတဲ့အခါမှာ သူကကျွန်တော့်ကိုမော့ကြည့်ရင်း ဘာကိစ္စလဲလို့မေးပါတယ်။ ဒါနဲ့ကျွန်တော်က သတင်းထောက်ဖြစ်ကြောင်းနဲ့ မီးဇာဘက်သတင်းသွားယူမှာဖြစ်ကြောင်း ပြောပြလိုက်ပါတယ်။ သူကလည်း ဆက်ပြီးတော့ဘာသတင်းလဲမေးတဲ့အခါမှာ ခပ်ပြည့်ပြည့်ရဲကကျွန်တော့်အစား မီးဇာကျေးရွာမှာ  ၁၀ တန်းအောင်ချက် သုညဖြစ်တဲ့အကြောင်းနဲ့ ခူမီးချင်းတိုင်းရင်းသားတွေရဲ့ရိုးရာယဉ်ကျေးမှုအကြောင်းလို့ ပြောလိုက်ပါတယ်။

ဒါနဲ့စွပ်ကျယ်အစိမ်းနဲ့လူက “အစ်ကိုခဏလေးထိုင်ပါ ဦး”လို့ဆိုပြီး သူနဲ့ဖုန်းပြောနေတဲ့လူကို အဲဒီမနက်ခရီးသည် အသွားအပြန်စာရင်းတွေကိုလှမ်းပြောနေပါတယ်။ ခဏအကြာမှာသူကကျွန်တော့်ကိုဘယ်သွားမှာလဲ၊ ဘာသတင်းလဲ၊ ဘယ်သတင်းဌာနကလဲဆိုပြီး ရုံးလိပ်စာကအစမေးပြီးလိုက်ရေးမှတ်ပါတယ်။ ပြီးတော့သူက ဖုန်းဆက်ပြီးတော့တစ်ဖက်လူကို ကျွန်တော့်အကြောင်းတွေကိုရှင်းပြပါတယ်။

ပြီးတော့သူက လုံခြုံရေးအရစိုးရိမ်ရတာကြောင့် ကျွန်တော်တစ်ခုခုဖြစ်ရင် တာဝန်မယူပေးနိုင်တဲ့အကြောင်းနဲ့ အသက်အန္တရာယ် အာမမခံနိုင်လို့ သွားခွင့်မပြုတာလို့ဆိုလာပါတယ်။ ဒါနဲ့ကျွန်တော်က လူတိုင်းသွားလာနေတဲ့ခရီးမှာ သတင်းထောက်တစ်ယောက်ကိုပဲ အသက်အ္တရာယ်လုံခြုံရေးအကြောင်းပြချက်နဲ့ မသွားခိုင်းဘူးဆိုတာမဖြစ်သင့်ကြောင်း၊ ကျွန်တော်ကလည်း အသက်အာမခံပေးဖို့ တောင်းဆိုနေတာမဟုတ်ကြောင်းနဲ့ ဒီခရီးဟာကိုယ့်ဆန္ဒအတိုင်းသွားတာဖြစ်ကြောင်း စွပ်ကျယ်အစိမ်းနဲ့လူကို ရှင်းပြပါတယ်။

ဒီလိုသွားတာဟာ ကိုယ့်စိတ်ဆန္ဒအတိုင်းသာဖြစ်ကြောင်း စာရေးတင်ခဲ့မယ်လို့လည်း သူ့ကိုပြောလိုက်ပါတယ်။

ဒါနဲ့ သူလည်းခပ်ပြည့်ပြည့်ရဲကို မြို့နယ်မှူးက ဘာပြောလဲလို့ မေးတဲ့အခါ သူတို့မြို့နယ်ရဲမှူးက သတင်းထောက်ကို တားပိုင်ခွင့်မရှိကြောင်းနဲ့ တပ်ကခွင့်ပြုတယ်ဆိုရင်သွားခိုင်းလိုက်ပါဆိုပြီး သူကို ပြန်ပြောလိုက်ပါတယ်။ စွပ်ကျယ်အစိမ်းနဲ့လူကလည်း “ငါ့ဘက်ခေါင်းတည်တာလား”လို့ မှတ်ချက်ပေးရင်း သူ့အထက်ကလူကြီးကို ဖုန်းထပ်ဆက်ပြန်ပါတယ်။

ခဏနေတော့ သူကကျွန်တော်ပြောခဲ့တဲ့အတိုင်း စာရေးခိုင်းပြီးဖတ်ကြည့်ပါတယ်။ ပြီးတော့ သွားခွင့်ပြုလိုက်တယ်။

ဒီလိုခွင့်ပြုပြီးနောက်မှာ ခပ်ပြည့်ပြည့်ရဲက ကျွန်တော့်ကိုသူတို့ရဲမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တွေ့ခိုင်းနေတာကြောင့်တွေ့လိုက်ပါလို့ဆိုလာပါတယ်။ ဒါနဲ့ကျွန်တော်က အုပ်ချုပ်ရေးမှူးကို အပြန်ကျမှ တွေ့တော့မယ်လို့ဆိုတဲ့အခါ သူကဖုန်းဆက်ကြည့်ပါဦးဆိုပြီး ဖုန်းနံပါတ်တစ်ခုပေးပါတယ်။

no-68-postcard-jpg-2

ပလုပ်တောင်ဂိတ်တွင် သတင်းသွားယူရန် တင်ခဲ့သည့် လက်ရေးမူရင်း

အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်တဲ့အခါ ဖုန်းကစက်ပိတ်ထားပါတယ်။ ဒါကြောင့်ကျွန်တော်က အပြန်ကျမှ ဝင်တွေ့မယ်လို့ပြောတဲ့အခါ ခပ်ပြည့်ပြည့်ရဲက အုပ်ချုပ်ရေးမှူးကရုံးမှာရှိတဲ့အကြောင်းပြောပါတယ်။ ပြီးတော့ တပ်ကလည်းသွားခွင့်ပြုနေပြီဖြစ်တာကြောင့် နောက်ရက်ကျရင်သူတို့ဂိတ်ကနေ စက်လှေကြုံနဲ့ ထည့်ပေးမယ်လို့ဆိုပါတယ်။

ဒါကြောင့်ကျွန်တော်လည်း သူတို့စကားကိုလက်ခံပြီး မီးဇာကိုမတက်ဘဲ နေခဲ့လိုက်ပါတယ်။ အဲဒီအချိန်မှာ ပညာရေးဝန်ထမ်းရဲ့စက်လှေကို ကျွန်တော်မလိုက်တော့ကြောင်းပြောပြီး သွားခိုင်းလိုက်ပါတော့တယ်။ အုပ်ချုပ်ရေးမှူးရုံးကိုလည်း ပိုက်ဆံယူတဲ့ရဲကဆိုင်ကယ်နဲ့လိုက်ပို့ပေးပါတယ်။ ဒါပေမဲ့အုပ်ချုပ်ရေးမှူးက ရုံးမှာမရှိဘဲ နယ်ဆင်းနေတာကြောင့် မွန်းလွဲ ၁ နာရီလောက်မှလာခဲ့ပါလို့ ရုံးအဖွဲ့ကအမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ဒါနဲ့မွန်းလွဲ ၁ နာရီဝန်းကျင်လောက်မှာ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ဦးကိုအောင်နဲ့တွေ့ဖြစ်ပါတယ်။ သူကမီးဇာရွာကို သတင်းမီဒီယာက ဘာကိစ္စနဲ့သွားမှာလဲလို့မေးပါတယ်။ ဒါနဲ့ကျွန်တော်လည်း ထပ်မံရှင်းပြရပြန်ပါတယ်။ သူကမီးဇာကျေးရွာ  ၁၀ တန်းအောင်ချက်သုညဖြစ်တာ သတင်းမီဒီယာက ဘာလုပ်ပေးနိုင်မှာမို့လို့လဲဆိုပြီးမေးပါတယ်။ ပြီးတော့လက်ရှိပလက်ဝမြို့နယ်မှာဖြစ်နေတဲ့ ကိစ္စတွေဟာ ချရေးရင်မကုန်နိုင်တာကြောင့် သူလည်းအင်တာဗျူးမပေးချင်ဘူးလို့ငြင်းဆိုပါတယ်။

သူ့အနေနဲ့သတင်းထောက်ကို တားပိုင်ခွင့်မရှိပေမယ့် နယ်မြေမအေးချမ်းတာကြောင့် လုံခြုံရေးအရ မသွားပါနဲ့လို့ဆိုပြန်ပါတယ်။ ဒါနဲ့ကျွန်တော်က တပ်ကခွင့်ပြုထားတယ်လို့ဆိုတဲ့အခါ သူကသွားမယ်ဆိုရင် တပ်ကိုအကြောင်းကြားပြီးသွားပါလို့ပြောပါတယ်။ ဒါဆိုရင်သွားလိုက်ပါမယ်ဆိုပြီး ကျွန်တော်လည်း တည်းခိုခန်းကိုပြန်ခဲ့ပါတယ်။

အပြန်လမ်းမှာ ပညာရေးဝန်ထမ်းဆီက ပိုက်ဆံယူတဲ့ရဲကပဲ ကျွန်တော့်ကိုဖုန်းဆက်ပြီး ဘယ်မှာလဲဆိုပြီး မေးပါတယ်။ ကျွန်တော်ကတည်းခိုခန်းကိုပြန်နေကြောင်းပြောလိုက်ပြီး ဘာကိစ္စလဲလို့မေးကြည့်တဲ့အခါ သူက ဘယ်မှာလဲဆိုတာသိချင်လို့မေးကြည့်တာပါဆိုပြီး ပြောပါတယ်။

ပြီးတော့သူက မီးဇာကိုနောက်ရက်သွားရင် သူတို့ဂိတ်ကနေ စက်လှေကြုံနဲ့ထည့်ပေးမယ်လို့ဆိုပြီး ဖုန်းချသွားပါတယ်။ ကျွန်တော့်စိတ်ထဲမှာနောက်ယောင်ခံလိုက်နေသလိုခံစားရပြီး သိပ်ဘဝင်မကျလှပါဘူး။

ဒါနဲ့ဒုတိယမြောက်နေ့မှာ မီးဇာရွာအထက်ကိုတက်မယ့် စက်လှေကြုံထပ်ရပါတယ်။ ရဲတွေစီစဉ်ပေးမယ့် စက်လှေကြုံကိုတော့ သူတို့ကိုမယုံလို့မစီးဖို့ဆုံးဖြတ်လိုက်ပါတယ်။ တကယ်လည်းသူတို့မစီစဉ်ထားပါဘူး။

ဒီလိုနဲ့ ပလုပ်တောင်ဂိတ်ရောက်တဲ့အခါ မနေ့ကတွေ့ခဲ့တဲ့တပ်နဲ့ရဲတွေက ကျွန်တော့်ကိုပြန်ခေါ်ပြီး လုံခြုံရေးအရ သွားလို့မရတဲ့အကြောင်း ဗိုလ်ကြီးဆိုသူကထပ်တားပြန်ပါတယ်။ ပြီးတော့မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံစာ ယူခဲ့ဖို့ဆိုပါတယ်။ ပထမရက်ကကျွန်တော်ရေးပေးခဲ့တဲ့စာနဲ့ ခွင့်ပြုလို့မရဘူးလို့တပ်ကဆိုပါတယ်။

ကျွန်တော် အုပ်ချုပ်ရေးမှူးကိုဖုန်းဆက်တော့ သူကစစ်တပ်ကခွင့်ပြုရင်သွားပါ၊ သူ့မှာဘာမှ ပြောစရာစကားမရှိဘူးဆိုပြီး ဖုန်းချသွားပါတယ်။ အဲဒီနေ့မနက်ပိုင်းတစ်လျှောက်လုံး ကျွန်တော်ခေါ်တဲ့ဖုန်းကို လုံးဝမကိုင်တော့ပါဘူး။

ဒါနဲ့ကျွန်တော်က အုပ်ချုပ်ရေးမှူးဆီမှာထောက်ခံစာယူရအောင် ကျွန်တော်ကအစိုးရဝန်ထမ်းမဟုတ်သလို အစိုးရသတင်းထောက်လည်းမဟုတ်ကြောင်း သူတို့ကိုရှင်းပြပါတယ်။ ပြီးတော့အခုခရီးစဉ်မှာလည်း အသက်အာမခံအတွက် လုံခြုံရေးတောင်းဆိုနေတာမဟုတ်ကြောင်း ထပ်ပြောရပါတယ်။

အဲဒီနေ့လယ်အထိ အုပ်ချုပ်ရေးမှူးနဲ့ တပ်ကဗိုလ်ကြီးနှစ်ယောက်ကြားမှာ တစ်ယောက်တစ်လှည့် ဘော်လီဘောပုတ်ရင်းနဲ့ အဖြေမထွက်ဘူးဖြစ်နေပါတော့တယ်။

နောက်ဆုံးမှာတော့ ချင်းပြည်နယ်အစိုးရအဖွဲ့က ပြောရေးဆိုခွင့်ရှိသူဦးစိုးထက်ကိုဖုန်းဆက်ပြီး ဘာအကူအညီပေးနိုင်မလဲလို့မေးကြည့်တဲ့အခါ သူက “မနေ့ကကျွန်တော့်ကို တပ်ဘက်ကရော၊ အရပ်ဘက်ကရောဆက်သွယ်တယ်၊ ဒီအချိန်ကအဲဒီဘက်မှာတော့ နယ်မြေမအေးချမ်းတော့ သူတို့ဘက်က စိုးရိမ်တာပါ” ဆိုပြီးပြောပါတယ်။

လက်ရှိပလက်ဝအခြေအနေဟာ အရေးပေါ်ဖြစ်လို့ အကုန်လုံးကိုသွားလာခွင့်ပိတ်ထားတာမျိုးဆိုရင် လက်ခံနိုင်ပေမယ့် အခုမှာတော့လူတိုင်းသွားလာနေကြတာဖြစ်လို့ သတင်းရယူခွင့်ကို မကန့်သတ်စေချင်ဘူးလို့ ကျွန်တော်ကပြောလိုက်ပါတယ်။

သူကဆုထူးစံကုမ္မဏီက ဝန်ထမ်းရှစ်ဦးကို ရခိုင်စကားမပြောတတ်လို့ AA က ဖမ်းသွားကြောင်းနဲ့ ကျွန်တော်သာ ရခိုင်လူမျိုးဖြစ်ရင် သွားခွင့်ပြုတဲ့အကြောင်းပြောပါတယ်။ ပြီးတော့သူက ပလက်ဝမြို့ပေါ်နဲ့ မြို့အနီးမှာရှိတဲ့ စစ်ဘေးရှောင်တွေနဲ့ တွေ့မေးပါလို့ဆိုပါတယ်။ ဒါပေမဲ့ပလက်ဝအထက်မှာရှိတဲ့ ကျေးရွာတွေကိုသွားချင်ရင် အဆင့်ဆင့်စာတင်ပါဆိုပြီး ပြောပါတယ်။

အဲဒီအချိန်မှာမနက် ၁၀ နာရီကျော်လောက်ဖြစ်နေပါပြီ။ မနေ့ကလည်းအုပ်ချုပ်ရေးမှူးကိုတွေ့ပြီးရင် သွားလို့ရတယ်ဆိုပြီး အခုကျထပ်အပိတ်ခံရတော့ ကျွန်တော်လည်းတော်တော်ဒေါသထွက်နေပါတယ်။

အဲဒီကနေပဲ အုပ်ချုပ်ရေးမှူးရုံးကလာခဲ့ပါလို့ ဆိုတာကြောင့်သွားခဲ့ပါတယ်။ ရုံးမှာထိုင်နေရင်း မီးဇာကိုဘယ်လို သွားရင်ကောင်းမလဲဆိုပြီး စဉ်းစားနေတဲ့အခါ မြို့ပေါ်ကသတင်းရင်း မြစ်တစ်ဦးကို သွားသတိရပါတယ်။

ဒါကြောင့်သူ့ဆီသွားပြီး အကူအညီတောင်းကြည့်တဲ့အခါ သူကပလုပ်တောင်ဂိတ်ကိုကျော်ပြီးစက်လှေတစ်စီးနဲ့ သွားဖို့ပြောပါတယ်။ ပလုပ်တောင်ဂိတ်ကိုကျော်ဖို့ဆိုင်ကယ်နဲ့လိုက်ပို့ပေးမယ်လို့လည်း သူကဆိုပါတယ်။ ဒါနဲ့ ကျွန်တော်လည်းသူ့အကြံကိုလက်ခံလိုက်ပါတယ်။

အဲဒီအချိန်မှာအုပ်ချုပ်ရေးမှူးရုံးက ကျွန်တော့်ကိုထပ်လာခဲ့ပါလို့ဆိုတာကြောင့် ရုံးကိုရောက်သွားတဲ့အခါမှာတော့ အုပ်ချုပ်ရေးမှူးက ပလက်ဝအထက်ကိုမသွားဘဲသူနဲ့အတူမြို့နယ်ရဲ၊မီးသတ်၊ပြန်ကြားရေးနဲ့လဝက စတဲ့ဌာနက လူကြီးတွေကို မေးချင်တာမေးပါဆိုပြီးဆိုလာပါတယ်။

ဒီလိုမေးမြန်းခွင့်ပြုတာဟာ ချင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူဦးစိုးထက်ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့မီးဇာရွာမှာ ၁၀ တန်းအောင်ချက်သုညဖြစ်ရတဲ့အကြောင်း ဖြေပေးမယ့်ပညာရေးမှူးတော့ပါမလာပါဘူး။ ပညာရေးအကြောင်းမေးတဲ့အခါ အုပ်ချုပ်ရေးမှူးကပဲဖြေပေးပါတယ်။ သူကလည်းဂဃနဏတော့မသိပါဘူး။

ဒီနေရာမှာမေးချင်တာမေးပါလို့ဆိုပေမယ့် AA နဲ့ တပ်မတော်တိုက်ပွဲကြောင့် ရွာဘယ်နှရွာပျက်သလဲလို့ မေးတဲ့အခါ လေးငါးရွာလို့ပဲမှတ်ထားလိုက်ပါလို့ဆိုပါတယ်။ အဲဒီရွာနာမည်တွေကိုထုတ်မပြောပြပါဘူး။ ဒီနေရာမှာခြုံပြောရရင် မေးမြန်းခွင့်ရတယ်ဆိုတာထက် အများနဲ့တစ်ယောက်အငြင်းအခုံထိုင် လုပ်နေရသလိုပါပဲ။ AA ကိုဘယ်လိုမြင်လဲ၊ ဆုထူးစံကုမ္ပဏီကလူတွေကိုဖမ်းသွားတာ ဘယ်လိုမြင်လဲဆိုပြီး သူတို့ကကျွန်တော့်ကိုပြန်မေးကြတာဖြစ်ပါတယ်။

နောက်ဆုံးသူတို့ကိုမေးပြီးတဲ့အခါမှာ အုပ်ချုပ်ရေးမှူးက “ညီလေးရယ်၊ ဘယ်စကားပဲသုံးရသုံးရ အထက်မီးဇာကိုမသွားဖို့ တောင်းပန်ပါတယ်”လို့ဆိုလာပါတယ်။ ဒီလိုတောင်းပန်တာဟာ တကယ်စိုးရိမ်လို့ပဲလား၊ ဘာလို့လဲတော့ကျွန်တော်မခန့်မှန်းတတ်ပါဘူး။ အုပ်ချုပ်ရေးမှူးရုံးကအပြန်လမ်းမှာ မနေ့ကကျွန်တော့်ကိုဖုန်းဆက်တဲ့ရဲကထပ်ဆက်ပါတယ်။ ဒါနဲ့ကျွန်တော်ကပြန်သွားပြီလို့ဆိုတဲ့အခါ သူက ပျာပျာသလဲနဲ့ ဘယ်ကိုပြန်တာလဲဆိုပြီးမေးပါတယ်။

ဒါနဲ့ကျွန်တော်က တည်းခိုခန်းပြန်တာပါလို့ပြောလိုက်တဲ့အခါ သူကမနေ့ကလိုပဲအကူအညီလိုရင်  ပြောပါဆိုပြီးဖုန်းချသွားပါတယ်။ အဲဒီနေ့ကတည်းခိုခန်းကိုမပြန်တော့ဘဲ  နေ့လယ်စာထမင်းစားပြီးတာနဲ့ အထက်မီးဇာကိုတက်ဖို့ အယ်ဒီတာတွေနဲ့ အကျိုးအကြောင်းတိုင်ပင်လိုက်ပါတယ်။

မွန်းလွဲ ၁ နာရီဝန်းကျင်မှာ ပလုပ်တောင်ဂိတ်ကိုဆိုင်ကယ်နဲ့ကျော်ဖို့လုပ်ပါတယ်။ ကျွန်တော့်အတွေးက အုပ်ချုပ်ရေးရုံးနဲ့ပလုပ်တောင်ဂိတ်ကို မြို့ပြင်ကပတ်ပြီးပေါ့ပေါ့ပါးပါးကျော်သွားမယ်လို့ထင်မိတာပါ။ ဒါပေမဲ့ အတွေးနဲ့လက်တွေ့က တက်တက်စင်အောင်လွဲနေလို့ ကျွန်တော်လည်းတော်တော်စိုးရိမ် ထိတ်လန့်ခဲ့ရပါတယ်။

လိုက်ပို့ပေးတဲ့သူက ဆိုင်ကယ်ကိုအုပ်ချုပ်ရေးရုံးရှေ့ကဖြတ်မောင်းပါတယ်။ ပြီးတော့ ပလုပ်တောင်ဂိတ်အနောက်ဘက် ခပ်လှမ်းလှမ်းမှာရှိတဲ့ မုန့်ဆိုင်တွေနားမှာ ဆိုင်ကယ်ကိုရပ်လိုက်ပါတယ်။ အဲဒီကနေလမ်းကျဉ်းလေးထဲကိုဖြတ်ဝင်လိုက်ပြီး မြစ်ဆိပ်ကို ဆင်းဖို့လမ်းပြပါတယ်။ ဂိတ်နဲ့လမ်းဟာ အလွန်ဆုံးရှိ ဓာတ်တိုင်နှစ်တိုင်စာလောက်ပဲ ရှိမယ်ထင်တယ်။

အုပ်ချုပ်ရေးရုံးရှေ့ကဖြတ်တော့ သိပ်မစိုးရိမ်ပေမယ့် ပလုပ်တောင်ဂိတ်အနောက်က ဖြတ်လျှောက်တော့ ဖြစ်ပါ့မလားဆိုပြီးစိုးရိမ်မိပါတယ်။ သူတို့နဲ့တွေ့တဲ့နှစ်ရက်လုံးမှာ စကားအချေအတင်ပြောခဲ့ရတော့ လူချင်းမှတ်မိလွယ်နေလို့ ကျွန်တော့်ကိုမြင်သွားမလားဆိုပြီးရင်မောခဲ့ရပါတယ်။

ဒီကြားထဲဆိုင်ကယ်ရပ်တဲ့ မုန့်ဆိုင်ထဲကလူငယ်တစ်ယောက်က တအုအုအသံပြုပြီး ကျွန်တော့်ကိုလိုက်ပို့ပေးတဲ့သူကို လှမ်းခေါ်သလို၊ ဘာလိုလိုလုပ်တော့သူကဘယ်သူလဲပေါ့၊ ဖြစ် ပါ့မလားဆိုပြီးမေးကြည့်တော့ လိုက်ပို့ပေးတဲ့သူကဘာမှမဖြစ်ဘူးပြောပါတယ်။ အခုလိုတိတ်တိတ်လေး ဂိတ်အနောက်က ကျော်လာနေတဲ့အချိန်မှာ အဲဒီလိုအော်နေတာကိုသိပ်သဘောမကျပါဘူး။ နောက်မှ သိလိုက်ရတာက သူကအခြေအနေကြည့်ပေးနေတာလို့ဆိုပါတယ်။

မြစ်ဆိပ်ရောက်တော့ ချိန်းထားတဲ့စက်လှေက မလာသေးပါဘူး။ ဒါလည်းထပ်စိတ်ပူရပါတယ်။ ခဏအကြာမှာ စက်လှေဟာ ထိုးဝါးထိုးရင်းကမ်းနားကို ဖြည်းဖြည်းလေးကပ်လာပါတယ်။ မြစ်ဆိပ်နဲ့ပလုပ်တောင်ဂိတ်နဲ့ဆို ဘာမှမဝေးပါဘူး။ ကိုင်းပင်တွေတောထနေလို့ ကွယ်ထားသလိုဖြစ်နေတယ်။ ဂိတ်မှာထောင်ထားတဲ့ အလံနီလေးကိုတော့လှမ်းမြင်နေရတယ်။

ဒါကြောင့်စက်လှေကို မြစ်ကမ်းဘေးနားကကပ်မောင်းခိုင်းခဲ့ပြီး ကျွန်တော်ကတော့ထီးဆောင်းပြီး ကိုယ့်ကိုယ်ကိုယ်ကာထားပါတယ်။ ဒီလိုနဲ့နှစ်ရက်လုံးအပိတ်ခံခဲ့ရတဲ့ ပလုပ်တောင်ဂိတ်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ပလက်ဝကထွက်ပြီးခဏနေတော့ဖုန်းလိုင်းမမိတော့ပါဘူး။

ချင်းပြည်နယ်၊ ပလက်ဝရဲ့နေ့လယ်ခင်းနေဟာပူပြင်းလွန်းပါတယ်။ နေရောင်မထိအောင်ထီးအရိပ်အောက်မှာ တင်ပျဉ်ခွေကျုံ့ကျုံ့လေးထိုင်လိုက်ခဲ့ရပါတယ်။ တောင်အထပ်ထပ်ကြားမှာကွေ့ကောက်စီးဆင်းနေတဲ့ ကုလားတန်မြစ်ရေဟာနေရောင်အောက်မှာဝါကြင့်ကြင့်ဖြစ်နေတယ်။

မြစ်ဘယ်ညာကမြင်မြင်သမျှတောင်တိုင်းဟာ စာကလေးအမွေးနုတ်ထားသလိုတောင်ကတုံးတွေပါပဲ။ ချစ်ချစ်တောက်နေအပူရှိန်အောက်မှာ စက်လှေမောင်းသမားကတော့ခမောက် တစ်လုံးဆောင်းကာနေကာမျက်မှန်တပ်ပြီး ဘာမှမဖြစ်သလိုစက်လှေမောင်းလာပါတယ်။

မီးဇာကိုဒီနေ့ရောက်နိုင်မလားလို့ သူ့ကိုမေးကြည့်တော့ မရောက်နိုင်ဘူးလို့ဆိုပါတယ်။ ထွက်လာတာ နောက်ကျတာကြောင့် ထရွန်အိုင်ဆိုတဲ့ကျေးရွာမှာညအိပ်ရလိမ့်မယ်လို့ ပြောပါတယ်။ ပြီးတော့ဒီခရီးမှာလည်း ပလုပ်တောင်ဂိတ်လိုပဲ နောက်ထပ်စစ်ဆေးရေးဂိတ်နှစ်ခုဖြစ်တဲ့ နူးဗူးနဲ့ ထရွန်အိုင်ကျေးရွာတွေကို ထပ်ဖြတ်ရဦးမယ်လို့သူကဆိုပါတယ်။ ဘယ်စက်လှေမဆိုအကြောင်းကြားရ၊ မှတ်ပုံတင်ပြရတယ်လို့သူက ရှင်းပြတယ်။

နူးဗူးစစ်ဆေးရေးဂိတ်က ဘယ်သွားမှာလဲမေးရင် “ဝက်သွားကြည့်မယ်”လို့ ဖြေပါဆိုပြီး သူကသင်ပေးပါတယ်။ ကျွန်တော်စုံစမ်းသိရသလောက် နူးဗူးကျေးရွာမှာဖုန်းလိုင်းမမိပါဘူး။ အဲဒီကိုရောက်သွားရင် ဒီဂိတ်ဟာ ပလုပ်တောင်ဂိတ်နဲ့ အလွယ်တကူ အချိတ်အဆက်မလုပ်နိုင်လို့ ဒီဂိတ်ကိုကျွန်တော်ကျော် ဖြတ်နိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့ထရွန်အိုင်နဲ့ မီးဇာရွာမှာတော့ဖုန်းလိုင်းပြန်မိတာကြောင့် တပ်ကပလုပ်တောင်ဂိတ်ကိုသူတို့ချင်း လှမ်းမေးပြီး ကျွန်တော်ရောက်လာတာသိရင် မီးဇာကိုဆက်မတက်ခိုင်းတာမျိုး လုပ်ကောင်းလုပ်နိုင်တယ်လို့တွေးပြီး  စိတ်ပူမိတာအမှန်ပါပဲ။

no.68-postcard-jpg-3

photo-Banyar Kyaw
ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်များ

ဘာကြောင့်လဲဆိုတော့ ပလက်ဝ- မီးဇာကိုသွားလာနေတဲ့ သူတွေဟာခူမီးချင်းနဲ့ ရခိုင်လူမျိုးတွေဖြစ်ပြီးဗမာတစ်ယောက်သွားလာတာမရှိသလောက်ပါ။ ထရွန်အိုင်စစ်ဆေးရေးဂိတ်ကို ကျွန်တော်ရောက်ရင် သူတို့ကပလုပ်တောင်ကို လှမ်းမေးမှာသေချာပါတယ်။ ဝက်လာကြည့်တယ်လို့ ပြောတဲ့အကြောင်းပြချက်က ခိုင်လုံပါ့မလားဆိုပြီး နေပူပူမှာကျွန်တော် အတွေးပူနေပါတယ်။

နှစ်နာရီခွဲလောက် စက်လှေစီးလာပြီးတဲ့အခါမှာစက်လှေသမားက “ဒီရွာမှာ AA နဲ့ စစ်တပ် တိုက်ပွဲဖြစ်ခဲ့တာ”လို့ ပြောရင်းမောင်နှမကျေးရွာကို လက်ညှိုးထိုးပြပါတယ်။ ဒါနဲ့အပေါ်တက်ကြည့်ပြီး ရွာသားတွေနဲ့စကားပြောကြည့်ရင်ကောင်းမယ်ဆိုပြီး စက်လှေကိုကမ်းကပ်ခိုင်းလိုက်ပါတယ်။

ရွာအဝင်ကုန်းတက်အတိုင်း ကျွန်တော်တို့တက်လိုက်ကြပါတယ်။ ရွာသားတွေတစ်ယောက်မှမရှိဘဲ တစ်ရွာလုံး တိတ်ဆိတ်နေပါတယ်။ ရွာသားတွေဟာတိုက်ပွဲကြောင့် သူတို့ရွာအောက်ကဘဲချောင်းဝကျေးရွာကို ရွာလုံးကျွတ်ပြောင်းရွှေ့သွားကြတယ်လို့စက်လှေသမားက သူသိသလောက်ပြောပြပါတယ်။ ဒါနဲ့အနီးအနားက ရွာတချို့နဲ့ပြောင်းရွှေ့သွားတဲ့ ဘဲချောင်းဝကိုလိုက်သွားပါတယ်။

ရွာသားတွေ ဒီလိုတိမ်းရှောင်သွားတာဟာပြီးခဲ့တဲ့ မေ ၂၆ ရက်က  AA နဲ့ တပ်မတော်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအပြီးမှာ မပေါက်ကွဲဘဲကျန်နေသေးတဲ့ လက်နက်ကြီးကျည်ဆန်တွေကြောင့် ဖြစ်တယ်လို့ မောင်နှမကျေးရွာခံတွေကဆိုကြပါတယ်။

ဒါကြောင့်ကျွန်တော်လည်း မီးဇာကိုဆက်မသွားတော့ဘဲ မောင်နှမကျေးရွာအဖြစ်အပျက်ကို သတင်းတင်ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မီးဇာကိုဆက်သွားရင် နူးဗူးနဲ့ထရွန်အိုင်စစ်ဆေးရေးဂိတ်မှာလည်း ပလုပ်တောင်ဂိတ်လို စကားအများကြီးမပြောချင်တော့တာကြောင့်လည်းဖြစ်တယ်။

တိုက်ပွဲကြားက မြေစာပင် မောင်နှမကျေးရွာ (video)

ပလက်ဝမြို့အထက်မှာတိုက်ပွဲတွေကြောင့် ဒုက္ခခံနေရတဲ့လူတွေအကြောင်းကိုကိုယ်လက်တစ်ဆုံး နှိုက်နိုင်သလောက်အများပြည်သူကို တင်ဆက်မယ်ဆိုပြီးဒီမှာပဲခရီးစဉ် ရပ်လိုက်ပါတယ်။ ပြီးတော့ အဲဒီအနီးဝန်းကျင်ကရွာတစ်ရွာမှာ တစ်ညအိပ်စက်လိုက်ပါတယ်။

no.68-postcard-jpg-4

photo-Banyar Kyaw
သဲချောင်းဝကျေးရွာမှ အကူအညီ အထောက်အပံ့ ရယူနေသည့် ဒေသခံများ

နောက်နေ့မနက်စောစောမှာ မောင်နှမကျေးရွာမှာရှိနေသေးတဲ့ လက်နက်ကြီးကျည်ဆန်တွေကိုဓာတ်ပုံနဲ့ ရုပ်သံရိုက်ဖို့ ထပ်သွားခဲ့ပါတယ်။ သတင်းကိစ္စတွေပြီးတော့မနက် ၈ နာရီလောက်မှာ ပလက်ဝမြို့ တစ်ဖက်ကမ်းက မီးလက်ဝရွာကိုပြန်ခဲ့ပါတယ်။ မီးလက်ဝရွာကဆိုရင် မတူပီ-ကျောက်တော်-ပလက်ဝ လမ်းဆုံကို ဆိုင်ကယ်လမ်းပေါက်တယ်ဆိုတာကြောင့်ပါပဲ။ အဲဒီကနေရန်ကုန်ကိုပြန်ဖို့ပါ။

ပလက်ဝမြို့ကိုတော့ ကျွန်တော်မဝင်တော့ပါဘူး။ ဒီလိုမဝင်တာလည်း ကျွန်တော့်ကိုရဲတွေမတွေ့စေချင်သလို အုပ်ချုပ်ရေးက လူတွေလည်းမတွေ့စေချင်တာကြောင့်ပါ။

ဒါတောင်မီးလက်ဝကျေးရွာကို နေ့လယ်ပိုင်းကျွန်တော်ရောက်တော့ ဖုန်းဆက်ဆက်နေတဲ့ရဲကဖုန်းထပ်ခေါ်ပြီး ဘယ်မှာလဲမေးပါသေးတယ်။ ဒီတစ်ခါတော့ကျွန်တော်ကလည်း ကျွန်တော်ဟာသတင်းထောက်တစ်ဦးဖြစ်ပြီး ခံဝန်နဲ့နေရတဲ့ တရားစွဲခံမဟုတ်သလိုရာဇဝတ်သားလည်းမဟုတ်တာကြောင့် အခုလိုဖုန်းဆက်ပြီး မေးမေးနေတာ နှောင့်ယှက်မှုမြောက်တယ်ဆိုတာသိပါသလားလို့ ပြန်မေးလိုက်ပါတော့တယ်။

အဲဒီအခါမှာ ဖုန်းဆက်တဲ့ရဲက အဲဒီလိုမဟုတ်ကြောင်းနဲ့ သူကအကူအညီလိုရင် ပေးချင်တယ်လို့ ဆိုလာပါသေးတယ်။ ဒါနဲ့ကျွန်တော်ကလည်း မလိုဘူးလို့ပြောလိုက်ပါတယ်။ တကယ်တမ်းက ကျွန်တော်ဟာ သူတို့ဂိတ်ရှေ့ တစ်ဖက်ကမ်းကရွာကနေဖုန်းပြောနေတာပါ။

အဲဒီနောက် မီးလက်ဝရွာကနေတစ်ဆင့် ကျောက်တော်-မတူပီ-ပလက်ဝ လမ်းဆုံးကို ဆိုင်ကယ်နဲ့ထွက်ခဲ့ပြီး အဲဒီကနေလိုင်းကားနဲ့ကျောက်တော်ကိုပြန်ခဲ့ပါတယ်။ ကားပေါ်မှာတော့ခရီးသည်အများကြီးမပါဘူး။

အပြန်လမ်းခရီးတစ်လျှောက်လုံးမှာတော့ ပလက်ဝမြို့နယ်ရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာ၊ တိုက်ပွဲတွေကြောင့် ရွာသားတွေရဲ့ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စားသောက်ရေးခက်ခဲတာတွေကို ပြန်တွေးနေမိသလိုတစ်ဆက်တည်းမှာ ဒီအခက်အခဲတွေကို လူထုသိအောင်လုပ်ဖို့သွားတဲ့ သတင်းသမားကို အစိုးရပိုင်းနဲ့ တပ်ပိုင်းကဘာကြောင့်များသတင်းရယူခွင့်ကို ပိတ်ပင်ရတာလဲ၊ ဘာတွေများ ဖုံးဖိချင်နေကြတာလဲဆိုပြီး အတွေးဝင်နေမိပါတော့တယ်။


#mawkun #magazine #chronicle #postcard #chronicle


 

အမျိုးအစား - ပို့စ်ကဒ်

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."