ဗညားကျော်၊ ဒီဇင်ဘာ-၂၇
သစ်တင်ကားတစ်စီးကို ဖမ်းဆီးပြီး ကျပ်ငွေ ၁၀ သိန်း လာဘ်ယူခဲ့တဲ့ ပဲခူးတိုင်း၊တောင်ငူမြို့က နယ်ထိန်းရဲကို အဂတိလိုက်စားမှုနဲ့ အမှုဖွင့် အရေးယူလိုက်တယ်လို့ ကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။
တောင်ငူမြို့မရဲ့စခန်းက နယ်ထိန်း ဒုရဲအုပ်ဟန်လင်းအောင်နဲ့ အဖွဲ့ဟာ ဖေဖော်ဝါရီ ၂ရက် နံနက်ပိုင်းက ပျဉ်းကတိုးသစ် တွေ တင်ဆောင်လာတဲ့ ယာဉ်တစ်စီးကို မြို့အဝင်မှာ ဖမ်းခဲ့ပြီး ကျပ်ငွေ သိန်း ၅၀ တောင်းယူခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်တယ်။
ဒီနောက် ယာဉ်ပိုင်ရှင်က အကြိမ်ကြိမ်ညှိနှိုင်းကာ နောက်ဆုံး ကျပ်ငွေ ၁၀ သိန်းနဲ့ ဈေးတည့်ခဲ့ပြီး ဒီငွေကို နှစ်ကြိမ်ခွဲလို့ ဒုရဲအုပ်က လက်ခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်တဲ့အတွက် အဂတိဥပဒေနဲ့ အမှုဖွင့်အရေးယူလိုက်တာလို့ ကော်မရှင်က ထုတ်ပြန်တယ်။
ဒါကြောင့် ဒုရဲအုပ်ဟန်လင်းအောင်ကို တောင်ငူမြို့မရဲစခန်းမှာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ အမှုဖွင့်အရေးယူလိုက်တာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ထားတယ်။
ကော်မရှင်အနေနဲ့ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အရေးယူနိုင်တဲ့ ဒီပုဒ်မနဲ့ ဒီနှစ်အတွင်း တရားစွဲဆိုအရေးယူခဲ့ တာ ဟာ ၅၄ ဦးအထိ ရှိပြီလို့ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြပါတယ်။
ဓါတ်ပုံ- အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖေ့ဘုတ်
#dailynews