စီဇံမျိုးကျော်
ဇန်နဝါရီ-၂
မြန်မာ-တရုတ်နယ်စပ်တွင် သစ်သီးကုန်သွယ်ရေးဂိတ်ပိတ်ဆို့ခံထားရမှုကြောင့် ယခုနှစ်တွင် စိုက်ပျိုးထားသမျှ အရှုံးပေါ် တော့မည့် အခြေအနေနှင့်ရင်ဆိုင်နေရကြောင်း ဖရဲစိုက်တောင်သူများက ပြောသည်။
“ တောင်သူတွေ အကုန်လုံးကချေးငှားပြီး စိုက်ပျိုးထားရတာ။ အခုလိုသာ ဂိတ်ထပ်ပိတ်ထားပြီး အရောင်းအဝယ် မဖြစ်ဘူး ဆိုရင် တောင်သူတွေက အိမ်ရောင်းပြီး အကြွေးဆပ်ရင်ဆပ်၊ မဆပ်ရင် ပြေးရမလိုဖြစ်နေပြီ” ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်က ဖရဲစိုက်တောင်သူ ဦးကျော်ကျော်ကပြောသည်။
ဖရဲသီးတစ်ဧကလျှင်စိုက်ပျိုးစရိတ် အနည်းဆုံး ကျပ်သိန်း၂၀ခန့်ရှိပြီး ကားခ၊ ထုတ်ပိုးခအားလုံးပေါင်းလျှင် မြစ်သားမြို့မှ မူဆယ်အထိ ၁၂ဘီးကားတစ်စီးလျှင် ကျပ်သိန်း ၄၀ မှ ၄၅ သိန်း အကြား ရင်းနှီးရောင်းချရကြောင်း သူကပြောသည်။
တရုတ်နိုင်ငံဘက်မှ စစ်ဆေးမှုစနစ်ကြန့်ကြာမှုကြောင့် ဒီဇင်ဘာလ ၂၆ရက်နေ့မှစတင်ကာ မြန်မာ-တရုတ်နယ်စပ်၊ သစ်သီး တင်ပို့သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ကျင့်စန်းကျော့ဟုခေါ်သည့် ဂိတ်ပေါက်တွင် အသီးကားအစီးရေ ၅၀၀ ခန့် စတင်ပိတ်မိခဲ့ပြီး လက်ရှိအချိန်အထိ အစီးရေ ၁,၀၀၀ ခန့်ပိတ်မိနေသည်ဟု မူဆယ်မြို့ရှိသစ်သီးဝလံ ကုန်သည်များက ပြောသည်။
သစ်သီးပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ မူဆယ်မြို့မှ ဦးစိုင်းဆိုင်နောင့်က စစ်ဆေးခံရရန်စောင့်ဆိုင်းရသည့် အချိန်ကြာမြင့်မှုကြောင့် ဖရဲသီးများ အပုတ်အနာများလာပြီး ကုန်ကားတစ်စင်းလုံး ပြစ်လိုက်ရသည်အထိဆုံးရှုံးမှုများဖြစ်ပေါ်လာသည်ဟု ဆိုသည်။
ယခင်က နယ်စပ်သို့ ဆိုက်ရောက်လာသည့် သစ်သီးကားများအနေဖြင့် ၂၄ နာရီအချိန်အတွင်း အရောင်းအဝယ် လုပ်နိုင် သော်လည်း ယခုအခါ ကားတစ်စီးလျှင် သုံးရက်မှ လေးရက်အထိ စောင့်ဆိုင်းလာရသည့်အတွက် ဆုံးရှုံးမှုများ တိုးမြင့် ဖြစ်ပေါ်လာရသည်ဟု သူက ရှင်းပြသည်။
ကျင်စန်းကျော့ဂိတ်ပိတ်ခံရမှုပြသနာစတင်သည့်နေ့မှ ယနေ့အထိ ခန့်မှန်းချေ အမေရိကန်ဒေါ်လာနှစ်သန်းခန့် မြန်မာသစ် သီးရောင်းသူများဘက်မှ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်ဟု မူဆယ်ရှိ သစ်သီးရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် အရှေ့ မြောက်တံခါးအများနှင့်သက်ဆိုင်သောကုမ္ပဏီလိမိတက်၏ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုးက ပြောသည်။
ယင်းအပြင် နယ်စပ်အခက်အခဲများကြောင့် ဖရဲသယ်ကားခများလည်း သုံးပုံတစ်ပုံခန့် ဈေးနှုန်းမြင့်တက်လာပြီး ယခင် ၁၀ သိန်းခန့်နှင့်ငှားရသည့်ကားတစ်စီးလျှင် ယခုအခါ ကျပ် ၁၅ သိန်းခန့်အထိ တိုးမြင့်သွားပြီဖြစ်ကြောင်း ဖရဲစိုက် တောင်သူ များက ပြောသည်။