သင်္ဃန်းညီနောင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

သင်္ဃန်းညီနောင်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ရန်ကုန် – ၂၀၂၄ မတ် ၂၈ (မော်ကွန်း)

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ကြား သုံးပတ်ကျော်ကြာထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ဒီနေ့မနက် ၁၀ နာရီခန့်ကစပြီး ဝှေ့ရှမ်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာအတွင်းကိုလည်း ဗုံးဆန်ကျရောက်ခဲ့တာကြောင့် နေအိမ်နဲ့ ဆိုင်ခန်း ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။

ဝှေ့ရှမ်းကျေးရွာ ဒေသခံတစ်ဦးကတော့ “ မနေ့တည်းကလည်း ရွာထဲကို လက်နက်ကြီးကျတယ်။ ဒီမနက်ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ ရပ်ကွက် (၇) ထဲကို ဗုံးခုနစ်လုံးထပ်ကျတယ်ပြောတယ်။ ဆိုင်ခန်းတွေ၊ နေအိမ်တွေ ၁၀ လုံးလောက်တော့ ပျက်စီးသွားတယ်၊ မီးတွေလည်းလောင်သွားတယ်” လို့ အဲဒီ ကျေးရွာဒေသခံက ပြောပါတယ်။

ဝှေ့ရှမ်းကျေးရွာက ဒေသခံတွေကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတည်းက တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ရွာလုံးကျွတ်နီးပါး မြဝတီမြို့ကို တိမ်းရှောင်နေကြရတာကြောင့် လူထိခိုက်မှုတော့ မရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

မြဝတီ-ကော့ကရိတ်လမ်းအဝင်မှာရှိတဲ့ သင်္ဃန်းညီနောင်ကျေးရွာအနီးမှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီစခန်းတွေကို ယခုလ ၇ ရက်မှာ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေကြောင့် သင်္ဃန်းညီနောင်ကျေးရွာအပါအဝင် ဝှေ့ရှမ်း၊ ဇရပ်ဖြူကုန်း စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စဖြစ်တာတော့ သင်္ဃန်းညီနောင်မှာ စပြီးဖြစ်တာ အခု သုံးပတ်ကျော်လောက်ရှိလာပြီ။ ဖြစ်တဲ့နေရာတွေလည်း ပိုကျယ်လာတယ်၊ နေ့တိုင်းလိုလို တိုက်ပွဲကရှိနေတာလေ ရွာတွေထဲမှာတော့ လူစောင့်လောက်ပဲထားပြီး အကုန်ပြေးနေရတာ” လို့ ဒေသတွင်းအကူအညီပေးရေး လုပ်ဆောင်နေသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြဝတီမြို့ပေါ်က စာသင်ကျောင်းတွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင်အရေအတွက်ကလည်း သုံးထောင်ကျော်ထိ ရှိလာပြီဖြစ်ပါတယ်။

ယခုလ ၈ ရက်ကလည်း သင်္ဃန်းညီနောင်က ရွာသစ်ရွာကို လက်နက်ကြီးထိမှန်တာကြောင့် နေအိမ် ၅၀ နီးပါး မီးလောင်သွားသလို မြဝတီသဘာ၀တရားရိပ်သာ ဘိုးဘွားဂေဟာမှာရှိတဲ့ သက်ကြီးရွယ်အိုနှစ်ဦး သေဆုံးခဲ့ကာ ရှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြဝတီမြို့နယ်က သင်္ဃန်းညီနောင်အခြေစိုက် တပ်ရင်းနှစ်ခုဖြစ်တဲ့ ခမရ ၃၅၅နဲ့ ၃၅၆ တို့ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို မြဝတီမြို့နယ်ထဲက ဖလူးစစ်စခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ကျိုက်ဒုံဗျူဟာစခန်းနဲ့ မဲသရောထစခန်းကုန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

ပုံစာ – ဒီနေ့မနက်ပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ဝှေ့ရှမ်းကျေးရွာက နေအိမ်တွေ ပျက်စီးနေတဲ့ မြင်ကွင်း
ဓာတ်ပုံ – Ko Boung

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."