ရန်ကုန်-၂၀၂၄ ဧပြီ ၁ (မော်ကွန်း)
သင်္ကြန်ကာလ ရုံးပိတ်ရက်တွေမှာ ရန်ကုန်ကနေ အခြားတိုင်းနဲ့ပြည်နယ်အသီးသီးကို ပြန်ကြမယ့်သူတွေများလို့ ကားလက်မှတ်အရောင်းဌာနတွေမှာ လက်မှတ်တွေရောင်းကုန်နေပြီး ပွဲစားတချို့ဆီမှာ ကားခနှစ်ဆပေးဝယ်နေရတယ်လို့ နယ်ပြန်ကြမယ့်သူတွေနဲ့ လက်မှတ်အရောင်းဌာနတွေက ပြောကြပါတယ်။
“၁၀ ရက်နေ့ ရွှေဘိုပြန်မလို့ မနက်ကပဲ ကားလက်မှတ်သွားဖြတ်တာ၊ Famousတို့ အောင်ရတနာတို့မှာတောင် ဝယ်လို့မရတော့ဘူးဗျ၊ အကုန်ပြည့်နေပြီတဲ့။ အသိကားဂိတ်ရှိလို့ အကူညီတောင်းလိုက်မှ ရတယ်။ ဒါတောင်မန္တလေးကားပဲရတာ။ ပွဲစားတွေဆီမှာတော့ သွားချင်တဲ့ဆီ လက်မှတ်ကြိုက်သလောက်ဝယ်လို့ရတယ်။ ဈေးတော့ကြီးတယ်” လို့ အောင်မင်္ဂလာကားဝင်းမှာ ကားလက်မှတ်ဖြတ်ခဲ့သူ ကိုထက်နိုင်က ပြောပါတယ်။
မော်ကွန်းက အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှာရှိတဲ့ ကားလက်မှတ်အရောင်းဌာနတွေကို ဆက်သွယ်ကြည့်ရာမှာလည်း အခုလ ၈ ရက်ကစပြီး သင်္ကြန်အကြိုနေ့ မတိုင်ခင်အထိ ကားလက်မှတ်တွေ ရောင်းကုန်သွားပြီလို့ ဆိုကြပါတယ်။
“၁၁ ရက်အတွက် မန္တလေးကုန်ပြီ။ မုံရွာဆိုရင် ၈ ရက်နေ့အတွက်ပဲရတော့မယ်။ ဘွတ်ကင်လုပ်ထားလို့မရပါဘူး။ ဂိတ်မှာလာဖြတ်မှရပါမယ်” လို့ မိုးကောင်းကင် ကားလက်မှတ်အရောင်းဌာနက ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
မနေ့က အောင်မင်္ဂလာ အဝေးပြေးကားဝင်းမှာ အခုလ ၆ ရက်နေ့ မြိုင်မြို့နယ်ကိုပြန်ဖို့ ကားလက်မှတ်သွားဝယ်ခဲ့တဲ့ မသက်သက်ကလည်း ပိတ်ရက်မတိုင်ခင်အထိ ကားလက်မှတ်တွေ ရောင်းကုန်သွားလို့ ဝယ်မရခဲ့ဘူးလို့ ဆိုပါတယ်။
“အိမ်မပြန်နိုင်တာ နှစ်နှစ်ရှိပြီ။ နယ်မှာက မိဘတွေပဲရှိတာ၊ ဒီနှစ်တော့ သင်္ကြန်ပိတ်ရက် ရအောင်ပြန်မလို့ မနေ့ကလက်မှတ်သွားဖြတ်တာ ဘယ်ဂိတ်မှ ဝယ်မရဘူး။ ပွဲစားတွေဆီမှာက ဈေးကြီးလို့ မဝယ်ခဲ့လိုက်ဘူး။ လက်မှတ်မရတော့လည်း မပြန်ရုံပေါ့”လို့ သူကပြောပါတယ်။
အောင်မင်္ဂလာကားဝင်းမှာရှိတဲ့ ကားလက်မှတ်ပွဲစားတွေဆီမှာတော့ ကားလက်မှတ်မျိုးစုံဝယ်လို့ရပြီး ပုံမှန်ဈေးထက် နှစ်ဆတန်ကြေးရှိတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေက ပြောကြပါတယ်။
“မုံရွာကို ပုံမှန်ဈေးဆိုရင် နှစ်သောင်းခွဲ၊ သူတို့(ပွဲစား)ဆီဆိုရင် လေးသောင်း၊ လေးသောင်းခွဲ၊ မန္တလေးဆိုရင် VIP က သုံးသောင်း၊ ပွဲစားဆီမှာ ခြောက်သောင်း အဲဒီလိုပေါက်ဈေးတွေရှိတယ်၊ နှစ်တိုင်းဒီလိုပါပဲ။ ပွဲစားနဲ့ အဝေးပြေး ကားဆရာတွေပေါင်းပြီးလုပ်တာမျိုးပေါ့။ ပုံမှန်ထိုင်ခုံတော့မရဘူး၊ ကြားထိုင်ခုံထိုးပေးတာ” လို့ အမည်မဖော်လိုတဲ့ ယာဉ်လိုင်းတစ်ခုက ဝန်ထမ်းက ပြောပါတယ်။
ကားလက်မှတ်ဝယ်ရာမှာလည်း လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေရှိတာကြောင့် မှတ်ပုံတင်အပြင် ရပ်ကွက်၊ ရဲစခန်းတွေဆီက ခရီးသွားထောက်ခံစာပါမှ ယာဉ်လိုင်းတွေက လက်မှတ်ရောင်းချပေးတယ်လို့ လက်မှတ်အရောင်းဌာနတွေနဲ့ ခရီးသည်တွေက ပြောကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ YRTC က ကော်မတီဝင်တစ်ဦးကတော့ သင်္ကြန်ကာလ ကားလက်မှတ်တွေ လုံလောက်အောင်ရောင်းချပေးဖို့နဲ့ ဈေးတင်မရောင်းကြဖို့ ယာဉ်လိုင်းအသီးသီးကို ပြီးခဲ့တဲ့လအတွင်းက ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ပုံစာ-အောင်မင်္ဂလာအဝေးပြေးကားဝင်း
ဓာတ်ပုံ-high class express