အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ မတ် ၅ (မော်ကွန်း)
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သည့် COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာနိုင်ငံရှိ စက်ရုံ ၁၃ ရုံ ပိတ်သိမ်းသွားရပြီဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)က ပြောသည်။
မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ရုံးတွင် COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာလုပ်ငန်းရှင်များ ကြုံတွေ့နေရသည့် အခက်အခဲများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို မတ်လ ၅ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထိုသတင်းစာရှင်းလင်းပွဲတွင် ပါဝင်ရှင်းလင်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM) ဥက္ကဋ္ဌ ဦးမောင်မောင်က မြန်မာအလုပ်သမားဦးရေ ၅၀၀၀ ခန့် လုပ်ငန်းခွင်မှ ရပ်နားလိုက်ရသည်ဟု ပြောသည်။
“အလုပ်လက်မဲ့ ဘယ်လောက်ဖြစ်လဲ၊ ဘယ်လောက်ရှိလဲဆိုတဲ့ ကိစ္စကတော့ ကျွန်တော်သိတာက ကန်ကြီးထောင့် မှာ ပိတ်သွားတယ်၊ အဲဒီမှာ ၂၀၀၀ လောက် ရှိမယ်ထင်တယ်၊ နောက် လပ်ကီးစတားရှိမယ်၊ အဲဒီတော့ ဒီနှစ်ပတ်အတွင်းမှာပဲ စက်ရုံပိတ်လို့ အလုပ်ရပ်ဆိုင်းလိုက်ရတဲ့သူ ၅၀၀၀ လောက် ရှိတယ်” ဟု ဦးမောင်မောင်က ပြောသည်။
စက်ရုံ (၁၃) ရုံ ရပ်နားထားရပြီဆိုသော်လည်း မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်(MIC) ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်းလိုကြောင်း အကြောင်းကြားသည့် စက်ရုံတစ်ရုံသာ ရှိသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း(MGMA) အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
“MIC ကို သတင်းပို့တာ တစ်ရုံလို့ ပြောတဲ့အခါမှာ အဲဒီသတင်းပို့တဲ့ရုံက ပိတ်ဖို့သတင်းပို့တယ်လို့ ပြောတာပါ၊ ပိတ်သွားခြင်း၊ မပိတ်သွားခြင်းကို ပြောတာမဟုတ်ပါဘူး၊ နောက် ၁၃ ရုံဆိုတာကလည်း အလုပ်သမားဝန်ကြီးဌာနရဲ့ သတင်းအရ ပြောခြင်းဖြစ်ပါတယ်”ဟု ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။
COVID -19 ရောဂါ ဂယက်ကြောင့် မြန်မာနိုင်ငံတွင် စီးပွားရေးထိခိုက်ခြင်း ကြုံတွေ့နေရပြီး မည်မျှထိခိုက်သည်ကို လတ်တလောတွင် တွက်ချက်ဖော်ပြနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) အထွေထွေအတွင်းရေးမှူး ဦးအေးဝင်းက ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မတ်လ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် သတင်းအရ ကမ္ဘာပေါ်တွင် COVID -19 ရောဂါဖြစ်ပွားနေသည့် နိုင်ငံ ၇၃ နိုင်ငံ၊ ဓာတ်ခွဲအတည်ပြုလူနာ ၉၀၈၇၀ ဦး၊ ကမ္ဘာအနှံ့ သေဆုံးသူ ၃၁၁၂ ဦးရှိသည်။
#Dailynews