ဝက်လက် – ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကျေးရွာမှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ကြီးကျေးရွာကို ဇန်နဝါရီ ၂၉ ရက်၊ မနက်၂ :၀၀နာရီခန့်က ဧရာဝတီမြစ်ခွဲကနေ ရေကြောင်းနဲ့ စစ်ကောင်စီတပ်တွေဟာ ဝင်ရောက်လာခဲ့ပါတယ်။
အဲဒီနောက် အပြန်အလှန် ထိတွေ့မှုတွေဖြစ်ပွားခဲ့ရာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်တွေလိုက်ပါလာတဲ့ စက်လှေတိမ်းမှောက်သွားပြီး လက်နက်ခဲယမ်းတချို့ မြစ်ထဲကျသွားခဲ့တယ်လို့ ဝက်လက် PDF တပ်ရင်း (၂) က သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့မှာ တိုက်ပွဲထပ်မံဖြစ်ခဲ့ရာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထွက်ပြေးတဲ့ ပြည်သူတွေကိုလည်း လိုက်လံပစ်ခတ်ခဲ့ပြီး ရွာသူရွာသား သုံးဦးကျည်ထိမှန်သွားခဲ့လို့ ဆေးရုံတက်ကုသနေရကြောင်း ဒေသခံက ပြောပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ သစ်ဆိမ့်ကြီးကျေးရွာက အရပ်သားပြည်သူ အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး လေးဦးကိုလည်း ဖမ်းဆီးထားပြီး ဒီကနေ့အထိ မိသားစုများနဲ့ ဆက်သွယ်ခွင့်မပေးဘူးလို့ ရွာခံတွေက ဆိုပါတယ်။
“ရွာထဲက လူတွေတော်တော်များများ ဖမ်းပြီး အနောက်ဘက် တောင်ပေါ် တပ်စွဲခေါ်ထားကြတယ်လို့ သိရပါတယ်။ အိမ်မှာရှိသမျှ ရွှေထည် ငွေကအစ အကုန်သိမ်းသွားပြီး လူလည်းပြန်မလွှတ် မိသားစုနဲ့လည်းမတွေ့ရ၊ အနွေးထည် ဖိနပ်ကအစ စီးခွင့်မပေး ရက်စက်နေကြပါတယ်”လို့ နယ်ခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ဒီကနေ့အထိ သစ်ဆိမ့်ကြီးကျေးရွာမှာပဲ တပ်စွဲထားကြောင်း၊ ဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရလို့ ရွာမှာကျန်ခဲ့တဲ့ ကျွဲ၊ နွား၊ တိရစ္ဆာန်တွေ အစာရေစာ ပြတ်လပ်နေကြောင်းနယ်ခံတွေက ပြောပါတယ်။
#Dailynews

