ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ညောင်ပင်ကြီးတောရွာမှာ အာဏာသိမ်းစစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် တောင်ယာလုပ်ကိုင်နေတဲ့ ရွာသားနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၃ ရက်နေ့က ဝက်လက်နယ် ညောင်ပင်ကြီးတောရွာနဲ့ ရွာနန်းရွာအနီးတစ်ဝိုက် ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်ခဲ့ပါတယ်။
အဲဒီအချိန် ညောင်ပင်ကြီးတောရွာက တောင်ယာလုပ်ကိုင်နေတဲ့ ပြည်သူနှစ်ဦးဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်မှုကို ခံရကာ သေဆုံးသွားကြောင်း၊ သေဆုံးသူတွေရဲ့ရုပ်အလောင်းကို ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့ နယ်ခံက ပြောပါတယ်။
ဒါ့အပြင် မနေ့က ထွက်ပြေးတိမ်းရှောင်ရင်း သက်ကြီးရွယ်အိုတစ်ဦး အအေးမိပြီး သေဆုံးသွားကြောင်း နယ်ခံတစ်ဦးက ပြောပါတယ်။
ဝက်လက်မြို့နယ် ပေါက်ကန်ရွာ၊ ညောင်ပင်ကြီးတောရွာ၊ ဝက်လည်ရွဲရွာတွေမှာလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက် တပ်စွဲထားလို့ရွာနားဝန်းကျင်က ရွာတွေအပါအဝင် ရွာငါးရွာက ဒေသခံထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ဘုရားလေးကုန်း ကျေးရွာက နေအိမ် လေးလုံးကို မီးရှို့ဖျက်ဆီးကာ လက်ဝက်ရတနာတွေကို ခိုးယူသွားခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၁ ရက်နေ့တွေက ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများခဲ့တယ်လို့ ဝက်လက်PDFက ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပစ်သတ်ခံရပြီးနောက် ပြန်တွေ့ရသည့် ပြည်သူနှစ်ဦး။
ဓာတ်ပုံ-နယ်ခံ
#Dailynews

