ဝက်လက် – ၂၀၂၃ ဇူလိုင် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်နဲ့အရာတော်မြို့နယ်အစပ် သမရိုးရွာနဲ့ ကတို့ကိုင်းရွာက ပြည်သူခုနစ်ဦးကို အာဏာသိမ်းစစ်တပ်စစ်က ဒီနေ့မနက် ၆:၀၀ နာရီဝန်းကျင်မှာ ပစ်သတ်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ထောက်ပို့အဖွဲ့ဆီကသိရပါတယ်။
ရွာသာကြီးရဲ့အနောက်ဖက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းကရွှေပန်းကုန်းကျေးရွာနဲ့ သမရိုးရွာကြားမှာ စျေးသည်တွေကိုပစ်သတ်ခဲ့တာလို့ ထောက်ပို့အဖွဲ့တာဝန်ရှိသူကပြောပါတယ်.
” စစ်ကြောင်းကနံနက် ၃း၀၀ နာရီလောက်မှာထိုးတော့မသိလိုက်တာပါ၊ စျေးသည်တွေဆိုတော့စောစောထွက်ကြတာ၊ သူတို့အလောင်းတွေကိုတော့ဒီအတိုင်းထားခဲ့ပါတယ်”လို့ သူကပြောပါတယ်။
ပစ်သတ်ခံလိုက်ရတဲ့သူတွေဟာ ဝက်လက်မြို့နယ်သမရိုးရွာက အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦးနဲ့ အရာတော်မြို့နယ်၊ ကတို့ကိုင်းရွာက အမျိုးသမီးတစ်ဦးတို့ဖြစ်ပါတယ်။
ဈေးသည် ခုနစ်ဦးကိုပစ်သတ်သွားတဲ့စစ်ကြောင်းဟာ အရာတော်မြို့နယ်၊ ကတို့ကိုင်းရွာက နေအိမ်တစ်လုံးကိုမီးရှို့ပြီးနောက် အရာတော်မြို့နယ်ငွေတွင်းပျူရွာကိုဝင်ရောက်သွားခဲ့တယ်လို့ပြောပါတယ်။
#Dailynews

