၂ဝ၁၈၊ ဒီဇင်ဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၆ဝ)မှ Editorial ဖြစ်ပါသည်။
အုပ်ချုပ်မှုသက်တမ်း နှစ်နှစ်ခွဲကျော်လာပြီဖြစ်သော လက်ရှိအစိုးရ၏ အခြေအနေသည် နိုင်ငံတကာ အခင်းအကျင်းတွင်သာမက ပြည် တွင်းအခင်းအကျင်းမှာပါ ကြီးမားသော အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်။
ယခင်အစိုးရအဆက်ဆက် မဖြေရှင်းဘဲ လက်ဆင့်ကမ်း လွှဲပြောင်းပေးခဲ့သော အမွေဆိုးများထဲမှ တစ်ခုဖြစ်သည့် ရခိုင်ပဋိပက်္ခ ကြောင့် နိုင်ငံတကာတွင် ခေါင်းမဖော်ဝံ့အောင် သိက်္ခာအချခံနေရသည့် အချိန်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပါအဝင် အရေးတကြီး ပြုပြင်ပြောင်းလဲရမည့် လုပ်ငန်းစဉ်များမှာလည်း နှောင့်နှေးတန့်အီလျက် ရှိပါသည်။
တပ်မတော်နှင့် ရင်ကြားစေ့ရေး လုပ်ဆောင်နေသည့် ကိစ်္စမှာလည်း ရလဒ်ကောင်းပေါ်ထွက်လာသည်ကို မမြင်တွေ့ရသေးပါ။ ကြားဖြတ်ရွေးကောက်ပွဲတွင် တပ်မတော်သားများထံမှ NLD ကိုယ်စားလှယ်လောင်းများ ထောက်ခံမဲ တစ်မဲမှ မရလိုက်ခြင်းကိုကြည့် ခြင်းအားဖြင့် လက်ရှိအရပ်သားအစိုးရပေါ် ထားရှိသော တပ်မတော်၏သဘောထားကို အကဲခတ်နိုင်ပါလိမ့်မည်။
လူမျိုးရေး၊ ဘာသာရေးအပေါ် အခြေခံသည်ဟု ယူဆစရာဖြစ်နေသည့် ပဋိပက်္ခများကြောင့် တိုင်းပြည်ဂုဏ်သိက်္ခာ ဖွတ်ဖွတ် ကြေနေသည့်အချိန်တွင် ထပ်မံ၍ မြွေပူရာကင်းမှောင့်ချင်သေးသည့်၊ တစ်စခန်းထချင်ပြန်သေးသည့် လူမျိုးရေး၊ ဘာသာရေးအစွန်း ရောက်များကိုလည်း ထိထိရောက်ရောက် မထိန်းကွပ်နိုင်သေးသည်မှာ စိုးရိမ်စရာဖြစ်နေပါသည်။
နှစ်ဆွေးအကျပ်အတည်း၊ အမြစ်တွယ်ဆူးညှောင့်ခလုတ်များကြားထဲ ညှပ်ပူးညှပ်ပိတ်ဖြစ်နေသော ယခုလို အချိန်မျိုးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအနေဖြင့် အတိုက်အခံဘဝတုန်းက လမ်းကြောင်းချင်းမတူသည့်တိုင် ပန်းတိုင်ချင်း တူခဲ့ကြသော မိတ်ဆွေသင်္ဂဟများနှင့် ပြန်လည် ထိတွေ့ဆက်ဆံရန် အရေးတကြီး လိုအပ်နေပါသည်။ ထို အဆွေခင်ပွန်းကောင်းများ ထဲတွင် တိုင်းရင်းသားအဖွဲ့များ၊ ၈၈ အရေးတော်ပုံ ရဲဘော်ရဲဘက်များ ပါဝင်သကဲ့သို့ တာဝန်ယူမှု တာဝန်ခံမှုရှိသော ပွင့်လင်းလူ့ဘောင် ထွန်းကားဖွံ့ဖြိုးရေးကိုဦးတည်သည့် သတင်းမီဒီယာများလည်း ပါဝင်ပါသည်။ တစ်ချိန်တည်းတွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် တတ်သိပညာရှင် အစုအဖွဲ့များ၏ အားလည်း လိုပါလိမ့်မည်။
ထိုသို့ မိတ်ဟောင်းမိတ်သစ်များနှင့် နွေးထွေးသော ဆက်ဆံရေးမျိုး တည်ဆောက်ရမည့်အချိန်တွင် NLD အစိုးရ၏ လုပ်ဆောင် မှုအချို့မှာ မိတ်ဆွေကို ရန်သူအသွင် သဘောထားရာ ကျနေပါသည်။ တစ်ချိန်တည်းတွင် မိတ်ဆွေသစ်များကို ရှေ့တိုးမလာဝံ့အောင် ဟန့်တားနေသလိုဖြစ်နေရာ တိုင်းပြည်ချောက်ကမ်းပါးအ၀ ရောက်ရှိရေး လိုလားသူများ လက်ခုပ်တီးမည့် အကွက်မျိုး ဖြစ်နေသည်။
တိုင်းပြည် ပြာပုံဘဝမှ ကျွတ်လွတ်ရေးကို မျှော်ရည်သန်သူများက ကျန်ရှိသည့် နှစ်နှစ်ခွဲ မရှိတရှိ အုပ်ချုပ်ရေးသက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရထံမှ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး အပါအဝင် ရွေးကောက်ပွဲကတိကဝတ်များ ဖြည့်ဆည်းပေးရေးကို မျှော်မှန်းထားကြပါသည်။ ထိုမျှော်မှန်းချက် လင်းရောင်ခြည်များ မမှေးမှိန်မကွယ်ပျောက်ခင် ဖော်ဆောင်ရမည့် ကိစ်္စများကို ရဲတင်းစွာ အရေးတကြီး လုပ်ဆောင်ရန် လိုအပ်ပါသည်။
သို့ဖြစ်သောကြောင့် NLD အစိုးရအနေနှင့် တန်ဖိုးရှိသော ရွှေရောင်နှစ်များကို သံချေးတက်မခံဘဲ မိတ်ဟောင်းဆွေဟောင်း များနှင့် နွေးထွေးပျူငှာသော ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ရင်း၊ မိတ်သစ်ဆွေသစ်များအား တံခါးဖွင့် လက်ကမ်းကြိုဆိုကာ ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကို မြှင့်တင်မောင်းနှင်ပါရန် ကျွနု်ပ်တို့ မော်ကွန်းမဂ်္ဂဇင်းက တိုက်တွန်းလိုက်ပါသည်။
မော်ကွန်းအယ်ဒီတာအဖွဲ့