လွှတ်တော်ကို လျစ်လျူရှုသည့် ရန်ကုန်မြို့သစ် စီမံကိန်း

လွှတ်တော်ကို လျစ်လျူရှုသည့် ရန်ကုန်မြို့သစ် စီမံကိန်း

၂ဝ၁၈၊ စက်တင်ဘာ၊ အောက်တိုဘာလထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ်(၅၈)မှ Cover Story ဖြစ်ပါသည်။

ဟေမာန်ပြည့်ရေးသည်။

 

ရန်ကုန်မြို့၊ ကြည့်မြင်တိုင် အနောက်ဘက်ကမ်းမှာ ဧကနှစ်သောင်း နီးပါး ကျယ်ဝန်းတဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီ တည်ထောင်ပြီး အကောင်အထည်ဖော်မယ့်အပေါ် မူဝါဒရေးရာ ပညာရှင် တွေ အပါ အဝင် လေ့လာသုံးသပ်သူတွေက ဝေဖန်ထောက်ပြမှုတွေ ရှိနေ ပါတယ်။

မြို့သစ်စီမံကိန်းအကောင်အထည်ဖော်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ တည် ထောင်ပြီး လုပ်ဆောင်တာဟာ တိုင်း အစိုးရရဲ့ လုပ်ပိုင်ခွင့်ဘောင်ကို ကျော်လွန် နေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီလို လုပ်ဆောင်တာဟာ လုပ်ထုံးလုပ်နည်း တွေနဲ့ ညီညွတ်မှု ရှိ၊ မရှိနဲ့ ပွင့်လင်းမြင်သာ မှုရှိရဲ့လားဆိုတဲ့အပေါ်မှာ မူဝါဒရေးရာ ပညာရှင်တွေက သံသယရှိနေကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း

တိုင်းဒေသကြီးအစိုးရတစ်ရပ်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မြို့သစ်တစ်မြို့အဖြစ် တိုးချဲ့တည်ထောင်ဖို့  မပါဝင်ဘူးလို့ ပထမအကြိမ် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ စီးပွားရေးတက္ကသိုလ် (အငြိမ်းစား) ကထိက ဦးစောမြင့်မောင် က ဆိုပါတယ်။

”အခြေခံဥပဒေထဲမှာ ပေးထားတဲ့ တိုင်းနဲ့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ မြို့ ရွာဖွံ့ဖြိုးတိုးတက်ရေးဆိုတာက ရပ်ကွက်လေး၊ ဘာလေးအသေးစားလေး တွေ၊ တိုင်းနဲ့ ပြည်နယ်က မြို့ငယ်လေးတွေ မရှိသေးတဲ့ နေရာအသစ်ထောင်တာတွေ။ ဒါတွေကိုလုပ်ဖို့ရာအတွက်လုပ်ပိုင်ခွင့်ပေး ထားတာ”လို့ သူက ထောက်ပြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား ၂ အရ တိုင်းဒေသကြီး(သို့မဟုတ်) ပြည် နယ်လွှတ်တော်က ဥပဒေပြုနိုင်တဲ့ စာရင်းမှာ မြို့ ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းလွှတ်တော်က ဥပဒေပြုနိုင်ပါတယ်။ လက်ရှိအချိန်ထိတော့ ရန်ကုန် တိုင်းလွှတ်တော်မှာ မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ပတ်သက်တဲ့ ဥပဒေပြု ထားတာ မရှိသေးပါဘူး။

”အခြေခံဥပဒေထဲမှာ အရွယ် အစား ဘယ်လောက်ဆိုတဲ့ကန့်သတ်ချက် လေးမပါတာလေး တစ်ခုပဲလိုနေတာ။ သူ တို့က အဲဒီလိုနေတာလေးတစ်ချက်ကို အခွင့်ကောင်းယူပြီးတော့ ဒါလုပ်လို့ရတယ်ကွဆိုပြီး လုပ်လိုက်တာ။ ဒါ ဥပဒေကို လက်တစ်လုံးခြား လှည့်တယ်လို့ ခေါ်တယ်” လို့ ဦးစောမြင့်မောင်က ဝေဖန်ပါတယ်။

ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄ သြဂုတ်မှာ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာမြို့သစ်အများပိုင်ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးကြောင်း တိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ပွင့်လင်းမြင်သာမှု မရှိကြောင်း ဝေဖန်ခဲ့တာကြောင့် ရန်ကုန်မြို့သစ်စီမံကိန်းကို ယာယီရပ်ဆိုင်းဖို့ တိုင်းဒေသကြီးအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

၂ဝ၁၅ ဇွန်မှာ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ရန်ကုန်မြို့သစ်စီမံကိန်း အကောင် အထည်ဖော်ရေးအဆိုကို လွှတ်တော်မှာတင်သွင်းခဲ့ပြန်ပါတယ်။ အဲဒီတစ်ကြိမ်မှာတော့ လျှို့ဝှက်မဲခွဲဆုံးဖြတ်ပြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

အဲဒီနောက် ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ တိုင်းအစိုးရက တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီသုံးခုနဲ့ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ သဘောတူစာချုပ်ကို ဝန်ကြီးချုပ်ဦးဆောင်တဲ့ တိုင်းအစိုးရအဖွဲ့က NLD အစိုးရကို အာဏာလွှဲပြောင်းပေးဖို့ နှစ်ရက်အလိုမှာ လက် မှတ်ရေးထိုးခဲ့ပါတယ်။

ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းဦးဆောင် တဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရသစ် တက်လာတဲ့အခါ အဲဒီစာချုပ်ကို ဖျက် သိမ်းပြီး ပုံစံအသစ်နဲ့လုပ်ဆောင်ဖို့ တစ်ဖန်ပြန်လည်စီစဉ်ခဲ့ပါတယ်။

၂ဝ၁၇မတ်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး ၂ဝ၁၇-၂၀၁၈ ဘဏ္ဍာနှစ်ဒေသ္တရစီမံကိန်း ဥပဒေကြမ်း တင်သွင်းရာမှာ ရန်ကုန်မြို့သစ် ဖွံ့ဖြိုး တိုးတက်မှုမဟာဗျူဟာစီမံကိန်းကို နောက်ဆက်တွဲ စီမံကိန်းအဖြစ် တိုင်းဒေသကြီးအစိုးရက တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ စီမံကိန်းဆိုင်ရာ အသေးစိတ် အချက်အလက်တွေ မပါတဲ့အတွက် နောက်ဆက်တွဲ စီမံကိန်းမပါဘဲ ဒေသန္တရစီမံကိန်းဥပဒေကြမ်းကိုပဲ လွှတ်တော်က အတည်ပြုခဲ့ပါတယ်။

အဲဒီနောက် ဇူလိုင်မှာ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်ငါးရပ်ကို လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ရှင်းပြခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ ပထမ အကြိမ်လွှတ်တော်မှာ အတည်ပြုထားပြီးသား စီမံကိန်းဖြစ်တဲ့အတွက် ဆက်လက် အကောင်အထည်မှာဖြစ်တယ်လို့ ဒီနှစ် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ပြုလုပ်တဲ့ ဒုတိယသမ္မတနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ပါတယ်။

ပထမအကြိမ် လွှတ်တော်သက်တမ်းက ဆုံးဖြတ်ထားတာကို လက်ဆင့် ကမ်းတာဖြစ်ပြီး ကြိုက်နှစ်သက်မှု မရှိရင် လွှတ်တော်မှာ ပြင်ဆင်နိုင်တယ်လို့သူက ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်းနှင့်ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ ဖြစ်တဲ့ ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက  ”ဒီမြို့သစ်စီမံကိန်းကို ကျွန်မတို့လွှတ်တော်အနေနဲ့ သဘောတူ လက်ခံခြင်း မရှိသေးပါဘူး။ ကျွန်မတို့က မှတ်တမ်းတင်ထားရုံပဲရှိသေးတယ်။ စီမံကိန်းလုပ်မယ်ဆိုရင် လွှတ်တော်ကို ပြန်လည် တင်ပြပေးပါလို့ ပြောထားပြီးသား”လို့ ဆိုပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၅၁ အရ တိုင်းဒေသကြီး (သို့မဟုတ်) ပြည် နယ်အစိုးရက စီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေ၊  ပြည် ထောင်စုဥပဒေတွေနဲ့ မဆန့်ကျင်စေဘဲ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ် လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းဟာ အရင် အစိုးရလက်ထက် လွှတ်တော်မှာတုန်းက အတည်ပြုခဲ့တဲ့  စီမံကိန်းဖြစ်ပေမယ့် လုပ် မယ့် ပုံစံပြောင်းသွားတာကြောင့် လက်ရှိ လွှတ်တော်မှာ အတည်ပြုဖို့ လိုတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင် ဝင်းက ပြောပါတယ်။

”အသေးစိတ်လုပ်ငန်းကို လက်ခံ ထားတာမဟုတ်ဘူး။ အသေးစိတ်လုပ်ငန်း ကို ပြန်တင်ဖို့လိုပါလိမ့်မယ်” လို့ သူက ဆို ပါတယ်။

ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက လွှတ်တော်ကို မတင်ပြဘဲ မြို့သစ်စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်မယ်ဆိုရင်တော့ တိုင်းအစိုးရ ကို ”လွှတ်တော်မှာ လာတင်ပြဖို့ လွှတ် တော်ဥက္ကဋ္ဌကနေ တစ်ဆင့် အကြောင်း ကြားစာ ပေးပို့နိုင်တယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်

ပြီးခဲ့တဲ့အစိုးရရဲ့ အကောင်အထည် မဖော်နိုင်တဲ့ အိပ်မက်ကို လက်ရှိအစိုးရက အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့ အနေနဲ့ တိုင်းအစိုးရက ရန်ကုန်မြို့သစ်ဖွံ့ ဖြိုးရေးကုမ္ပဏီလီမိတက် (New Yangon Development Company Limited – NYDC )ကို ၂ဝ၁၇ ဒီဇင် ဘာမှာ ဖွဲ့စည်းလိုက်ပါတယ်။

ဒီကုမ္ပဏီကို ၁၉၅ဝ ပြည့်နှစ်အထူးကုမ္ပဏီများအက်ဥပဒေအရ ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး တိုင်းအစိုးရက ရာနှုန်းပြည့်ပိုင်ဆိုင် တယ်လို့ ဆိုပါတယ်။

အဲဒီမှာ ၁၉၉ဝ ကျော်တုန်းက တပ် မတော်ရဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင် ဖို့ အထူးကုမ္ပဏီအက်ဥပဒေနဲ့ ဖွဲ့စည်းခဲ့ပြီး ဦးပိုင်လို့ လူသိများခဲ့တဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နဲ့ နှိုင်းယှဉ်ထောက်ပြ စရာ ဖြစ်လာတာပါပဲ။   ဦးပိုင်နဲ့ပတ်သက် ပြီး ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ဝေ ဖန်မှုတွေ ရှိခဲ့ပါတယ်။

လက်ရှိဒီမိုကရေစီအစိုးရလက် ထက်မှာလည်း အထူးကုမ္ပဏီအက်ဥပဒေ နဲ့ပဲ တိုင်းအစိုးရက ကုမ္ပဏီထူထောင်ပြီး စီးပွားရေးလုပ်မယ့်အပေါ် ပညာရှင်တွေ က ဝေဖန်မှုတွေရှိပါတယ်။ မြန်မာ့စီးပွား ရေးဦးပိုင်လီမိတက်ကိုတော့ ၂ဝ၁၆ မတ် မှာ ၁၉၁၄ မြန်မာနိုင်ငံ ကုမ္ပဏီများအက် ဥပဒေအရ အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီးဖြစ်   ပါတယ်။

”စစ်တပ်က လုပ်တာကျ မပြောဘဲ နဲ့ ခုကျုပ်တို့လုပ်တာကျပြောလားဆိုရင် ဒီမေးခွန်းမေးလို့မရဘူး။ မလုပ်သင့်တဲ့ ဟာ တစ်ခုကို နောက်ထပ် ထပ်မလုပ်နဲ့” ဟု စီးပွားရေးပညာရှင် ဦးစောမြင့်မောင် က ဆိုပါတယ်။

ဒါ့အပြင်အစိုးရက ကုမ္ပဏီထောင် ပြီး လုပ်တာဟာ ဘယ်မူဝါဒနဲ့အညီ လုပ် ဆောင်နေတာလဲဆိုတာ မသဲကွဲဘူးလို့ အင်ဂျင်နီယာပညာရှင် တစ်ဦးဖြစ်ပြီး Mandalay Technology ကုမ္ပဏီရဲ့အုပ် ချုပ်မှုဒါရိုက်တာလည်းဖြစ်တဲ့ ဦးဇော်နိုင် က ဆိုပါတယ်။ ဦးဇော်နိုင်က အမေရိကန် နိုင်ငံ မစ်ရှီဂန်ပြည်နယ်တက္ကသိုလ်က နိုင်ငံ တကာဖွံ့ဖြိုးတိုးတက်ရေးဘာသာရပ်ကို လေ့လာခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံ National Institute of Development Administrative မှာ ပါရဂူဘွဲ့အတွက် ပြင်ဆင်နေသူဖြစ်ပါတယ်။

အထူးကုမ္ပဏီအက်ဥပဒေနဲ့ ကုမ္ပဏီ ဖွဲ့မယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်အမိန့် ကြေညာစာ လိုအပ်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ထောက်ပြပါတယ်။ ၁၉၇၃ စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဆိုင်ရာ ဥပဒေ အရ မြန်မာနိုင်ငံပြန်တမ်းမှာ ထည့်သွင်း ကြေညာမှသာ အမိန့်ကြေညာစာဖြစ် တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီ မိတက် ကို ၂ဝ၁၇ ဒီဇင်ဘာ ၁၂ ရက်မှာ မှတ်ပုံတင်တယ်လို့မြန်မာနိုင်ငံ ရင်းနှီး      မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး မှတ်ပုံတင်ပြီးကြောင်း အသိအမှတ်ပြု လက် မှတ် (CERTIFICATE)ကို ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပေးခဲ့ပေမယ့် လက်ရှိအချိန်အထိ အမိန့်ကြေညာစာ ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ကုမ္ပဏီများမှတ်ပုံတင်ဌာန ညွှန်ကြားရေး မှူး ဦးမျိုးမင်းက မော်ကွန်းကိုပြောပါတယ်။

ဝန်ကြီးဌာနတွေအနေနဲ့ ပုဂ္ဂလိကနဲ့ ဖက်စပ်စီးပွားရေးလုပ်မယ်ဆိုရင် ပြည် ထောင်စုအစိုးရအဖွဲ့ဆီက ခွင့်ပြုချက်ရ အောင် အရင်ကြိုးပမ်းပြီးမှ ကုမ္ပဏီမှတ်ပုံ တင်ဖို့ လုပ်ပေမယ့် ရန်ကုန်တိုင်းအစိုးရ ကတော့ ကုမ္ပဏီမှတ်ပုံတင်ရရှိဖို့ ဦးစား ပေး လုပ်တာဖြစ်တယ်လို့ ဦးမျိုးမင်းက ဆိုပါတယ်။

ကုမ္ပဏီဖွဲ့စည်းဖို့ သမ္မတရဲ့အမိန့် ကြေညာစာ ရရှိထားပြီးပြီလားလို့ ရန်ကုန် မြို့သစ်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိ တက်ကို မော်ကွန်းက တွေ့ဆုံမေးမြန်းတဲ့ အခါ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစည်း အဝေးဆုံးဖြတ်ချက်နဲ့ ကုမ္ပဏီကို ဖွဲ့စည်းခဲ့ တာဖြစ်လို့ ”ရန်ကုန်တိုင်းအစိုးရဘက် ကနေ လိုအပ်တဲ့ လိုအပ်ချက်တွေကိုလုပ်ပြီးပြီလို့ပဲယူဆတယ်”လို့ ကုမ္ပဏီဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဌာန အကြီးအကဲ ဒေါ်ဝင့်ဝင့်ထက်လှိုင်က မော် ကွန်းကို ပြောပါတယ်။

ဒါပေမဲ့ ဦးဇော်နိုင်ကတော့ အထူးကုမ္ပဏီအက်ဥပဒေနဲ့ကုမ္ပဏီဖွဲ့စည်းမယ်ဆိုရင် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက် လိုအပ်သလို ”နှုတ်မိန့်နဲ့ လုပ်လို့ မရဘူး” လို့ ထောက်ပြပါတယ်။

ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီ မိတက်နဲ့ပတ်သက်ပြီး သိရှိနိုင်ဖို့ သြဂုတ် ၂၁ ရက်မှာ မော်ကွန်းက သတင်းမီဒီယာ ဥပဒေအရ သတင်းအချက်အလက်ရယူ ခွင့်ပြုရန်လျှောက်လွှာနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံ စာတင်ခဲ့ပါတယ်။ အကြောင်းပြန်ကြားခြင်းမရှိတာကြောင့် စက်တင်ဘာ ၇ ရက်မှာ တစ်ကြိမ်၊ စက် တင်ဘာ ၁၂ ရက်မှာတစ်ကြိမ် တိုင်း အစိုးရအဖွဲ့ထံ လူကိုယ်တိုင်သွားရောက် မေးမြန်းပေမယ့် ဝန်ကြီးချုပ်ဆီကို တင်ပြ ထားဆဲဖြစ်တယ်လို့ လျှပ်စစ်၊ စက်မှု လက်မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးရဲ့ ရုံးအဖွဲ့က ပြော ပါတယ်။ သတင်းမီဒီယာဥပဒေမှာတော့ အလုပ်လုပ်ရက် ၁၅ ရက်အတွင်း အကြောင်းပြန်ကြားပေးရမယ်လို့ ပါရှိပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဥပဒေကို လိုက်နာခြင်းမရှိခဲ့ပါဘူး။

စက်တင်ဘာ ၁၃ ရက်က တစ်ကြိမ် ထပ်မံ သွားရောက်မေးမြန်းတဲ့အခါမှာ     NYDC ကုမ္ပဏီဘက်ကို မေးမြန်းဖို့ အထက်က မှတ်ချက်ပြုတယ်” လို့ လျှပ် စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ် ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ရုံးအဖွဲ့ က မော်ကွန်းကို ပြောပါတယ်။

နိုင်ငံတော်မဟာဗျူဟာအတွက် အရေးပါတဲ့ မြို့သစ်ဖော်ထုတ်ခြင်းလုပ် ငန်းကဲ့သို့ ရင်းနှီးမြှုပ်နှံမှုမျိုးတွေ ပြုလုပ် မယ်ဆိုရင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို အဆိုပြုချက်တင်ပြပြီး ခွင့် ပြုမိန့်ယူဖို့လည်းလိုအပ်တယ်လို့ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေက ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းလို ရင်းနှီး မြှုပ်နှံမှုပမာဏကြီးမားတဲ့ စီမံကိန်း၊ မြို့ သစ်ထောင်တဲ့ စီမံကိန်းလိုမျိုးဆိုရင် အစိုးရအဖွဲ့ ၊ လွှတ်တော်တို့ရဲ့ ခွင့်ပြုချက် တွေရပြီးမှ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို တင်ပြရမှာဖြစ်ပေမယ့် လက်ရှိအချိန် အထိတော့ တင်ပြလာတာ မရှိသေးဘူးလို့ ကော်မရှင်ရုံးအဖွဲ့က မော်ကွန်းကို စက် တင်ဘာ ၁၁ ရက် နေ့လယ်ပိုင်းမှာ တယ် လီဖုန်းနဲ့ ဖြေကြားပါတယ်။

သြဂုတ်လဆန်းပိုင်းက ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး မှာ ရန်ကုန်တိုင်းအတွင်း အကောင် အထည်ဖော်မယ့် စီမံကိန်းတွေနဲ့ ပတ် သက်ပြီး ဝန်ကြီးချုပ်က ရှင်းပြတာမျိုး ရှိပေမယ့် အသေးစိတ်အချက်အလက် တွေ ပါဝင်တဲ့ အဆိုပြုချက်ကိုတော့ တင် လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ၂ဝ၁၇ ဧပြီ ၁ဝ ရက်မှာ ထုတ်ပြန်တဲ့ အမိန့်ကြေညာစာအမှတ် (၁၅/၂ဝ၁၇) အရ မြို့သစ်တည်ထောင် ခြင်းလုပ်ငန်းတွေအတွက် ဆောက်လုပ် ရေးဝန်ကြီးဌာနရဲ့ အတည်ပြုချက်ရယူဖို့ လိုပါတယ်။

ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရယူပြီးပြီလားလို့ NYDC    ကုမ္ပဏီကို မော်ကွန်းက မေးမြန်းတဲ့အခါ ”ဝန်ကြီးချုပ်နဲ့ တိုင်းဒေသကြီးအစိုးရက ဒါကို ကိုင်တွယ်နေတယ်” လို့ NYDC ရဲ့စီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဌာန အကြီး အကဲ ဒေါ်အေးအေးခိုင်က ပြောပါတယ်။

NYDC  ဟာ မြို့သစ်စီမံကိန်း အတွက် ဖြစ်တန်စွမ်းလေ့လာဆဲ အဆင့်သာ ရှိသေးပြီး လိုအပ်တဲ့အဆင့်မှာ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က မော်ကွန်းကို ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်ရဲ့ ဒါရိုက်တာအဖွဲ့ ဖွဲ့ စည်းပုံနှင့်ပတ်သက်ပြီး ဝေဖန်မှုတွေ လည်း ရှိနေပါတယ်။ ရန်ကုန်တိုင်း လျှပ် စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ် ရေးနဲ့ ဆောက်လုပ်ရေးဝန်ကြီး ဒေါ်နီလာ ကျော်က NYDC  ရဲ့ ဥက္ကဋ္ဌအနေနဲ့ တာ ဝန်ယူပြီး၊ ဒုဥက္ကဋ္ဌ နဲ့ အမှုဆောင်အရာရှိ ချုပ်အဖြစ် Surge Pun & Associates (Myanmar) (SPA) လီမိတက်ရဲ့ ဥက္ကဋ္ဌ ဦးသိမ်းဝေ ခေါ် ှကမါန ဏကည က တာဝန် ယူမှာဖြစ်ပါတယ်။

SPA (Myanmar) လီမိတက် ကုမ္ပဏီအုပ်စုက ဘဏ္ဍာရေး၊ အိမ်ရာဖော် ထုတ်တည်ဆောက်ရေး၊ ဝန်ဆောင်မှု၊ စိုက်ပျိုးရေး၊ မော်တော်ယာဉ်လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေးနှင့် လက်လီ ရောင်းဝယ်မှုလုပ်ငန်းများမှာ ဆောင်ရွက် လျက် ရှိပြီး ကုမ္ပဏီပေါင်း ၄ဝ ခန့် ပါဝင်     ပါတယ်။

NYDC  ရဲ့ဒါရိုက်တာအဖွဲ့မှာ ရန် ကုန်တိုင်းသစ်တောနဲ့ စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းနဲ့ သီးခြားလွတ်လပ်တဲ့ ဒါရိုက်တာအဖွဲ့ဝင်နှစ်ဦးအဖြစ် စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ွနသမါန့သန၊ ကုလသမဂ္ဂ လုံခြုံရေးညှိနှိုင်းမှုဆိုင် ရာ အရာရှိဟောင်း ဦးထွန်းမြတ်တို့လည်း ပါဝင်ပါတယ်။

ဒီစီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်မယ့် NYDC  ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန် ကြီး ဒေါ်နီလာကျော်ဟာ ရင်းနှီးမြှုပ်နံှမှု တွေကို စိစစ်ခွင့်ပြုပေးရတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင်လည်း ဖြစ်နေတဲ့အတွက်ကြောင့် ”လုပ်ပိုင်ခွင့် အာဏာနဲ့ အကျိုးခံစားခွင့်တွေ၊ အကျိုးစီး ပွားပဋိပက္ခတွေ ဖြစ်နိုင်တယ်”လို့ ပညာ ရှင်တွေက သုံးသပ်ပါတယ်။

အိပ်မက်ဆန်တဲ့  NYDC

ရန်ကုန်မြို့ အနောက်ဘက်ကမ်းမှာ ရှိတဲ့ မြေနေရာတွေကို ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်သွားမယ့်စီမံကိန်းဟာ လူ ပေါင်းသုံးသန်းကို နေစရာပေးနိုင်မှာ ဖြစ် ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ် သန်းကျော် ဖန်တီးပေးနိုင်ဖို့ ရည်ရွယ် တယ်လို့ NYDC က ဆိုပါတယ်။

၂ဝ၁၄ သန်းခေါင်စာရင်းအရ ရန် ကုန်ရဲ့ လက်ရှိလူဦးရေက ခုနစ်သန်းရှိ ပါတယ်။ ဒါပေမဲ့ လက်ရှိလူဦးရေတိုးနှုန်း အရ တစ်နှစ်မှာ တစ်သိန်းဝန်းကျင် လောက်သာ တိုးလာတာဖြစ်တဲ့အတွက် ဒီလောက်ကြီးမားတဲ့ မြို့သစ်စီမံကိန်းမျိုး ကို အဆောတလျင်လုပ်ဖို့ မလိုဘူးလို့ မြို့ ပြ စီမံကိန်းပညာရှင်တွေက ထောက်ပြ   ပါတယ်။

လက်ရှိရန်ကုန်မြို့မှာ စည်ပင်သာ ယာရေးပြဿနာ၊ လမ်းဘေးဈေးသည် ပြဿနာ၊ တရားဥပဒေစိုးမိုးမှုပြဿနာ စသဖြင့် ပြုပြင် ဖြေရှင်းစရာပြဿနာတွေ အများအပြားရှိနေတဲ့အချိန် အနောက် ဘက်ကမ်းမှာ မြို့သစ်ချဲ့ဖို့လုပ်တာဟာ တိုင်းအစိုးရအနေနဲ့ ”Vision (အနာဂတ် အမြင်) ပျောက်နေတယ်လို့ ခံစားရ တယ်”လို့ ဦးဇော်နိုင်က ဆိုပါတယ်။

ရန်ကုန်တိုင်းအစိုးရအနေနဲ့ တစ် ချိန်တုန်းက စိမ်းလန်းစိုပြည်သာယာမှု ကြောင့် ‘ဥယျာဉ်မြို့တော်’ လို့ နာမည် ကျော်ခဲ့တဲ့ လက်ရှိရန်ကုန်ကို အာရုံစိုက်ဖို့ လိုတယ်လို့ သူက အကြံပြုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ တိုင်းလွှတ်တော်ကိုယ် စားလှယ်တွေတွေ့ဆုံပွဲမှာ မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ဖို့ထက် လက်ရှိရန် ကုန်မြို့ဟောင်းဖွံ့ဖြိုးတိုးတက်ရေးကို ဦး စားပေးလုပ်ဆောင်သင့်တယ်လို့ သမ္မတ က ပြောခဲ့ပါတယ်။

ဒါ့အပြင်စီမံကိန်းတည်ဆောက် မယ့်နေရာက ရေဝပ်တဲ့ နေရာဖြစ်တဲ့ အတွက် မြေဖို့တဲ့ ကုန်ကျစရိတ်မြင့်မားနိုင် တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဒလ၊ ကြည့်မြင်တိုင်နဲ့ တွံတေးမြစ် ကမ်းတစ်လျှောက်မှာ ဆိုင်ကလုန်းမုန် တိုင်းကြောင့် မြင့်တက်နိုင်တဲ့ရေအမြင့်ပေ  ခြောက်ပေ ကနေ ၁၅ ပေအထိ ရှိတယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) က ပြုလုပ် ထားတဲ့ ၂ဝ၁၆ ရေလွှမ်းမိုးမှု အ္တရာယ် စစ်တမ်းက သတိပေးထားပါတယ်။ ဒါ ကြောင့် မြို့သစ်စီမံကိန်းအတွက် မြေယာ ဖွံ့ဖြိုးဖို့ လုပ်မယ်ဆိုရင် မြေဖို့တာနဲ့ သိပ် သည်းအောင်ပြုလုပ်တဲ့ ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားဖို့လိုတယ်လို့ အကြံပြု ထားပါတယ်။

ရေလွှမ်းမိုးမှု ဖြစ်နိုင်ခြေ စိစစ်အကဲ ဖြတ်ချက်အတွက် နယ်သာလန်အခြေ စိုက်  အင်ဂျင်နီယာလုပ်ငန်းနှင့် စီမံကိန်း အတိုင်ပင်ခံကုမ္ပဏီ Royal Haskoning DHV က လုပ်ဆောင်နေတယ်လို့ NYDC ကုမ္ပဏီ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

လိုအပ်တဲ့ မြေနေရာအချို့ကိုသာ မြေသားဖြည့်တင်းတာလုပ်ပြီး ကျန်တဲ့ နေရာတွေမှာတော့ ရေကြီးရေလျှံမှုကို ထိန်းချုပ်ဖို့ ရေစုကန်၊ ရေတံခါးနဲ့ ရေ အတက်အကျကို ထိန်းချုပ်တဲ့နည်းလမ်းနဲ့ လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့  NYDC ရဲ့ စီမံကိန်းနှင့်ဖွံ့ဖြိုးတိုးတက်မှု ဌာန အကြီးအကဲ ဒေါ်အေးအေးခိုင်က ပြောပါတယ်။

မြို့သစ်စီမံကိန်းက အလုပ်အကိုင် အခွင့်အလမ်း နှစ်သန်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ တိုင်းဒေသကြီး အစိုးရ က ပြောထားပေမယ့် ဒါဟာ လက်တွေ့ မကျဘူးလို့ မူဝါဒရေးရာပညာရှင်တွေက ဝေဖန်ထောက်ပြပါတယ်။

”အလုပ်အကိုင်နှစ်သန်းဆိုတာ ကြီးက လူရယ်စရာဖြစ်တာပေါ့။ အလုပ် အကိုင်နှစ်သိန်း ဖန်တီးပေးဖို့တောင် သိပ် လွယ်တဲ့ ကိစ္စတော့မဟုတ်ဘူး”လို့ မူဝါဒ ရေးရာလေ့လာဆန်းစစ်မှုတွေ ပြုလုပ်နေ တဲ့ အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ Sandhi Governance Institute  ရဲ့ တည်ထောင် သူလည်း ဖြစ်၊ ပြည်သူ့မူဝါဒရေးရာ ပညာ ရှင်ဖြစ်တဲ့ ဦးခိုင်ဝင်းက ထောက်ပြပါတယ်။

မြို့သစ်ဖွံ့ဖြိုးအောင်လုပ်ပြီး အလုပ် အကိုင်အခွင့်အလမ်း ဖန်တီးပေးတာ ထက် လက်ရှိစက်မှုဇုန်တွေမှာ အလုပ် အကိုင် အများအပြားဖန်တီးပေးဖို့ ဦးစား ပေးလုပ်ဆောင်သင့်တယ်လို့ ဦးခိုင်ဝင်းက ဆိုပါတယ်။ အကောင်အထည်ဖော်လက်စ  ဖြစ်တဲ့ သီလဝါအထူးစီးပွားရေးဇုန်လို နေ ရာမျိုးကို ပိုပြီးဖွံ့ဖြိုးလာအောင် ဦးစား ပေးလုပ်သင့်တယ်လို့ သူက အကြံပြုပါတယ်။

အကောင်အထည်ပေါ်မှာလား

ရန်ကုန်မြို့သစ်စီမံကိန်း ပထမ အဆင့်အတွက် ဆက်စပ်တဲ့အခြေခံ အဆောက်အအုံတွေ ဆောက်လုပ်ဖို့ ကုန် ကျစရိတ် အမေရိကန်ဒေါ်လာ  ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားပါ တယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရက NYDC လုပ်ငန်း လည်ပတ်နိုင်ဖို့နဲ့ လို အပ်တဲ့ လေ့လာသုံးသပ်မှုတွေ၊ စီမံကိန်း ရေးဆွဲမှုတွေ လုပ်ဆောင်ဖို့ လက်ရှိမှာ ကျပ်ငွေ ၁ဝ ဘီလီယံ (အမေရိကန်ဒေါ် လာ ၇ မီလီယံ) ထည့်သွင်းထားပါတယ်။

စီမံကိန်းအကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ရင်းနှီးငွေကို နိုင်ငံတကာ အဖွဲ့ အစည်းနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်းတွေ ဆီက ချေးငွေယူပြီး လုပ်ဆောင်မှာ မဟုတ်ဘဲ Public Private Partnership (PPP) အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံနဲ့ လုပ်ဆောင်မယ်လို့ ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြော ကြားထားပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းပထမ အဆင့်မှာ အခြေခံအဆောက်အအုံတွေ ဖြစ်တဲ့ ရွာ ငါးရွာ၊ တံတား နှစ်စင်း၊ ၂၆ ကီ လိုမီတာ (၁၆ မိုင်ကျော်) အရှည်ရှိတဲ့ ပင်မလမ်းများ ၊ ၁ဝ စတုရန်းကီလိုမီတာ (ဧက ၂,၅ဝဝနီးပါး) ရှိ စက်မှုဇုန်တစ်ခု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်ရုံတစ် ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများ၊ ရေသန့်နှင့် ရေဆိုး သန့်စင်စက်ရုံတို့ ပါဝင်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းလို ပမာဏ များပြားတဲ့ စီမံကိန်းအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု PPP နဲ့ လုပ်ဆောင်မယ်ဆိုရင် ”ရှင်းလင်းတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေ လို အပ်တယ်”ဟု ဦးခိုင်ဝင်းက ထောက်ပြ ပါတယ်။

အရှေ့တောင်အာရှနိုင်ငံ အများစု မှာ PPP နဲ့ လုပ်ဆောင်ဖို့ သီးသန့်ဌာန တစ်ခု (သို့မဟုတ်) ပူးပေါင်းဆောင်ရွက်တဲ့ ယူနစ်တွေ ထားရှိပြီး PPP လမ်းညွှန်ချက် (သို့မဟုတ်) ဥပဒေနဲ့ လုပ်ဆောင်နေတယ် လို့ အာရှနှင့်ပစိဖိတ် ကုလသမဂ္ဂ စီးပွား ရေးနှင့် လူမှုရေးကော်မရှင်မှ ထုတ်ပြန် ထားတဲ့ PPP မူဝါဒ၊ ဥပဒေဆိုင်ရာ၊ မူ ဘောင်လမ်းညွှန်ချက်ဆိုင်ရာ အစီရင်ခံ စာက ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုပုံစံ (PPP) အတွက် သီးသန့်ဥပဒေ မရှိသေးသကဲ့သို့ PPP နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမယ့်ဌာန လည်း သီးသန့် မရှိသေးပါဘူး။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှုပုံစံ (PPP) မူဝါဒစာတမ်းတစ် စောင်ကို ၂ဝ၁၆ မှာ အမျိုးသားစီမံကိန်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဌာနက ရေးဆွဲခဲ့ပေမယ့် လက်ရှိအချိန် အထိ အတည်မပြုနိုင်သေးပါဘူး။

ရန်ကုန်မြို့သစ်စီမံကိန်းကို ပထမ အဆင့်အကောင်အထည်ဖော်ရေး ဖြစ်နိုင် ခြေလေ့လာဆန်းစစ်ချက်တွေလုပ်ဖို့ China Communications Construction Company Ltd. (CCCC) နဲ့ ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေး ကုမ္ပဏီတို့ ယခု နှစ် ဇန်နဝါရီဒုတိယပတ်မှာ နားလည်မှုစာ ချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ CCCC ကုမ္ပဏီ ဟာ တရုတ်အစိုးရက ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။

စီမံကိန်း ပထမအဆင့် ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ချက် လုပ်ဖို့ အရည် အချင်း ပြည့်မီတဲ့ ကုမ္ပဏီကိုNYDC က ရွေးချယ်ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်း ဆောင်ရွက်မှုဌာန အကြီးအကဲ ဒေါ်ဝင့်ဝင့် ထက်လှိုင်က ဆိုပါတယ်။

CCCC ကုမ္ပဏီက တံတား၊ လမ်း၊ အခြေခံ အဆောက်အအုံတွေ အဓိက ဆောက်လုပ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်ပြီး နည်းပညာရော ငွေကြေးပါ ရှိပြီး ရင်းနှီး မြှုပ်နှံလိုတဲ့ ကုမ္ပဏီလည်း ဖြစ်တယ်လို့ သူ က ဆိုပါတယ်။

”ဒီလို ပမာဏများတဲ့ ၁ ဒသမ ၅ ဘီလီယံ ဆိုတဲ့ အတိုင်းအတာကို တတ်နိုင် တဲ့ ရင်းနှီးမြှုပ်နှံမယ့် အသိုင်းအဝိုင်းက သေးပါတယ်။ ပြည်တွင်းကုမ္ပဏီတွေထဲမှာ လည်း ဒီပမာဏကို ထည့်ဝင်နိုင်တဲ့ ကုမ္ပဏီ မရှိပါဘူး” လို့ သူက ပြောပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို လေ့လာ ဆန်းစစ်မှုပြုလုပ်ဖို့ CCCC ကုမ္ပဏီနဲ့ ပဏာမ မူဘောင်သဘောတူညီမှုစာချုပ် ကို ယခုနှစ် ဧပြီ ၃ဝ ရက်မှာ လက်မှတ်ရေး ထိုးခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ် ပြည်က Shenzhen နဲ့ Shanghai Pundong ခရိုင်ကဲ့သို့ အစိမ်းရောင်မြို့ပုံစံ နမူနာယူပြီး လုပ်ဆောင်သွားမှာ ဖြစ် တယ်လို့ NYDC က ဆိုပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းလုပ်ငန်းစဉ် ကို အကောင်အထည်ဖော်တဲ့အခါမှာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူတွေကို တင်ဒါခေါ်ယူမှာဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံအချို့မှာကျင့်သုံးနေတဲ့ တင်ဒါခေါ်ယူ ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ Swiss Challenge  ကိုအခြေခံပြီး NYDC Challenge ပုံစံနဲ့ ဆောင်ရွက်သွားမယ်လို့ NYDC က ကြေညာထားပါတယ်။

NYDC Challenge အရ ဝင် ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီဟာ CCCC ကုမ္ပဏီက ရေးဆွဲထားတဲ့ဒီဇိုင်းအတိုင်း ဝင်ရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဝင် ရောက်ယှဉ်ပြိုင်တဲ့ကုမ္ပဏီက ပိုမို ကောင်း မွန်တဲ့ ကမ်းလှမ်းချက် ကမ်းလှမ်းလာခဲ့ရင် CCCC အနေနဲ့ ယှဉ်ပြိုင်နိုင်သလို လက် လွှတ်လို့လည်းရပါတယ်။ လက်လွှတ်မယ် ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီက ဒီဇိုင်းပိုင်းဆိုင်ရာကုန်ကျစရိတ်တွေ CCCC ကို ပြန်လည်ပေးအပ်ရမှာ ဖြစ်       ပါတယ်။

ဒါပေမဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ CCCC ကုမ္ပဏီရဲ့ အင်ဂျင်နီယာဆိုင်ရာ တွက်ချက်မှုတွေ၊ ငွေကြေးဆိုင်ရာ တွက် ချက်မှုတွေ ဖြစ်တဲ့အတွက် တင်ဒါခေါ်ယူ ပေ မယ့်လည်း တခြားကုမ္ပဏီတွေရရှိနိုင်ဖို့ အခွင့်အလမ်းက ၂ဝ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ အင်ဂျင်နီယာပညာရှင်တစ်ဦး ဖြစ်တဲ့ ဦးဇော်နိုင်က ဆိုပါတယ်။

”ဂျပန်ကုမ္ပဏီက လုပ်တဲ့ လုပ်ထုံး လုပ်နည်းစံနှုန်းတွေနဲ့၊ တရုတ်ကုမ္ပဏီက လုပ်ထုံးလုပ်နည်းစံနှုန်းတွေနဲ့ ဘယ်လို နည်းနဲ့မှ မတူနိုင်ဘူး။ အမေရိကန်ကုမ္ပဏီ တို့၊ ဥရောပကုမ္ပဏီတို့ရဲ့ စံနှုန်းတွေက ပို တောင် မတူနိုင်သေးတယ်။ အဲဒီအတွက် ကျတော့ နောက်ဆုံးမှာ CCCC နိုင်ဖို့က ၈ဝ ရာခိုင်နှုန်းလောက်ဖြစ်သွားတယ်” လို့ ဦးဇော်နိုင်က ထောက်ပြပါတယ်။

အဲဒီလို တရုတ်ကုမ္ပဏီဖြစ်တဲ့ CCCC နဲ့ တခြားဆက်စပ် ကုမ္ပဏီတွေက သာ လုပ်ပိုင်ခွင့် ရရှိသွားမယ်ဆိုရင် ဖြစ် လာမယ့် ရန်ကုန်မြို့သစ်စီမံကိန်း အလား အလာကို ဦးဇော်နိုင်က ”တရုတ်မြို့သစ် ကြီးတစ်ခု ဖြစ်သွားနိုင်ခြေ ရှိတယ်” လို့ သုံးသပ်ပါတယ်။

CCCC ကရေးဆွဲနေတဲ့ စီမံကိန်းအဆိုပြုလွှာအသေးစိတ်ကိုအတည်ပြုပြီး ရင် ဒီနှစ်မကုန်ခင် တင်ဒါခေါ်ကာ  လက်ရှိ အစိုးရသက်တမ်းအတွင်း စတင် အကောင် အထည်ဖော်နိုင်ဖို့ NYDC ကုမ္ပဏီက မျှော်မှန်းထားပါတယ်။

ရန်ကုန်မြို့သစ်အတွက် မြို့ပြမဟာ ဗျူဟာစီမံကိန်း (Urban Master Plan)ရေးဆွဲဖို့အတွက် AECOM Singapore ကုမ္ပဏီကို ရွေးချယ်လိုက်တယ်လို့ NYDC  အမှုဆောင်အရာရှိချုပ်ရဲ့ အပတ် စဉ်စာစဉ် ၁၄ ကိုစက်တင်ဘာ ၁၁ ရက် ညနေပိုင်းမှာ ကုမ္ပဏီဝက်ဘ်ဆိုက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် မြို့ ပြစီမံကိန်းမဟာဗျူဟာနဲ့ဒီဇိုင်းရေးဆွဲဖို့ အတွက် စိတ်ဝင်စားမှု ဖော်ပြခြင်း လျှောက် လွှာ (EOI-EXpression of Interest) ခေါ်ယူကြောင်း  ဇွန် ၁၈ ရက်က New Light of Myanmarသတင်းစာမှာ ကြေညာခဲ့ပြီး တစ်လအတွင်း လျှောက် ထားလာတဲ့ ကုမ္ပဏီ ၁၄ ခုအနက်က ရွေး ချယ်ခဲ့တာလို့ NYDC က ဆိုပါတယ်။ မြို့ပြစီမံကိန်း မဟာဗျူဟာနဲ့ ဒီဇိုင်းရေး ဆွဲမှုအတွက် မြန်မာကျပ်ငွေ သန်းကိုး ရာကျော် (၉၆၁,၈၇၅,ဝဝဝ)ကုန်ကျမယ် လို့ ကုမ္ပဏီက ဆိုပါတယ်။

ရွေးချယ်ခံရတဲ့ AECOM ကုမ္ပဏီ အနေနဲ့ မြို့ပြမဟာဗျူဟာစီမံကိန်းနဲ့ ဒီ ဇိုင်းရေးဆွဲခြင်းကို မကြာခင် စတင်မှာ ဖြစ်ပြီး နှစ်လအတွင်း  ပထမအဆင့် ထွက် လာဖို့ မျှော်လင့်ကြောင်း ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။

ပြည်သူ့ရေးရာ မူဝါဒပညာရှင် ဦးခိုင်ဝင်းကတော့ ရန်ကုန်မြို့သစ် စီမံ ကိန်းကို အလျင်အမြန်အကောင်အထည် ဖော်နေတဲ့အတွက် နေပြည်တော်လိုမျိုး အာဏာရှိသူတွေ နာမည်ကျန်ခဲ့ဖို့နဲ့ စီး ပွားရေးတွက်ခြေကိုက်မှုကို မကြည့်ဘဲ လုပ်တဲ့ ‘ဆင်ဖြူတော် စီမံကိန်း’ ဖြစ်လာ မှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။

.

#mawkun

#magazine

#chronicle

#news

ဆက်သွယ်မှာယူနိုင်စေရန်..

OFFICE

No.121, 4th Floor, Corner of 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.

phone: 0931340239

: 09791663065

website: www.mawkun.com

facebook: @mawkunmagazine

#MawKunMagazine

ဆက်သွယ်မှာယူနိုင်စေရန်…….

         

OFFICE    : No.121, 4th Floor, Corner or 49 Street and Anawrahta Street, Pazundaung Township, Yangon, Myanmar.   

: 0931340239

: 09791663065

website: www.mawkun.com

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."