ရန်ကုန် – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
ရေကြီးမှုတွေဖြစ်နေတဲ့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ကျေးရွာအချို့မှာ ကူညီကယ်ဆယ်ရေး လက်ရှိအချိန်ထိ မရောက်ရှိသေးတဲ့အတွက် အခက်အခဲတွေဖြစ်နေတယ်လို့ လှည်းကူးဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြို့မှာ စံချိန်တင်ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရန်ကုန်တိုင်းက မှော်ဘီ၊ လှည်းကူး၊ ဖောင်ကြီး အစရှိတဲ့မြို့နယ်တွေပါ ရေနစ်မြုပ်မှုတွေရှိခဲ့ပါတယ်။
ကူညီကယ်ဆယ်ရေးအဖွဲ့တွေက လှည်းကူးမြို့ပေါ်နဲ့ နီးစပ်တဲ့ ကျေးရွာတွေကို ရောက်ရှိလာပြီဖြစ်ပေမယ့် လှည်းကူး – ဖောင်ကြီး ကားလမ်းပေါ်က လူအရောက်နည်းတဲ့ ကျေးရွာတွေမှာ လက်ရှိအချိန်ထိ အကူအညီ မရောက်ရှိသေးဘူးလို့ လှည်းကူးမြို့နယ် သတင်းအချက်အလက်တွေထုတ်ပြန်တဲ့ Hlegu Information Centre က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အထူးသဖြင့် လှည်းကူးမြို့နယ်က မြစ်၊ချောင်းတွေနဲ့ နီးစပ်တဲ့ အင်းတိုင်၊ တလုပ်ကုန်း၊ သရက်ပင် အစရှိတဲ့ ကျေးရွာတွေမှာ ဒီနေ့မနက်ပိုင်းထိ ခါးလယ်လောက်ထိ ရေရောက်ရှိနေဆဲဖြစ်ပြီး အကူအညီတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
“အဲ့ဒီရွာတွေက အမြန်လမ်းကသွားရင် ၁၅ မိုင်ကနေ အထဲကို ဝင်ရတဲ့ရွာတွေ။ အခုထိကို အဲ့ဒီဘက်တွေမှာ လူအရောက်အပေါက်နည်းနေပြီး အကူအညီတွေလိုနေတယ်” လို့ Hlegu Information Centre က တာဝန်ရှိသူက ပြောပါတယ်။
လှည်းကူးမြို့ပေါ် ရပ်ကွက်တွေနဲ့ ကျေးရွာပေါင်း ၄၀ ခန့် ရေဝင်နစ်မြုပ်ခဲ့တာဖြစ်ပြီး ရေဘေးဒုက္ခသည် လေးထောင်ခန့်ကို ကူညီကယ်ဆယ်ရေးစခန်းတွေဆီ ပို့ဆောင်ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအသင်းတွေဆီက သိရပါတယ်။
ဒါ့အပြင် ရေဘေးဒုက္ခသည်တွေအနေနဲ့ သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အဓိက လိုအပ်နေပြီး လျှပ်စစ်မီးနဲ့ ဆက်သွယ်ရေးလိုင်းတွေလည်း ပြန်လည်မရရှိသေးဘူးလို့ လှည်းကူးမြို့ ဒေသခံတွေက ပြောပါတယ်။
“အချို့က ကယ်ဆယ်ရေးစခန်းတွေကနေပြန်ပြီး အိမ်တွေမှာ နေထိုင်ကြပေမယ့် ချက်ပြုတ်စားသောက်လို့ မရကြသေးဘူးပေါ့။ အဲဒီအခက်အခဲတွေရှိတယ်။ မီးမရှိတဲ့အတွက်ကြောင့် ဖယောင်းတိုင်လည်း အခုလက်တလောမှာ အရေးပေါ်လိုနေတယ်” လို့ လှည်းကူးမြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။
ရေဘေးသင့်နေတဲ့ ပဲခူးမြို့အပါအဝင်၊ လှည်းကူး၊ မှော်ဘီ စတဲ့မြို့နယ်တွေကို နီးစပ်ရာ ဒေသအသီးသီးက ကူညီကယ်ဆယ်ရေးအဖွဲ့တွေ၊ ပရဟိတအသင်းတွေနဲ့ စေတနာရှင်ပြည်သူတွေက ကူညီထောက်ပံ့မှုတွေ သွားရောက်လုပ်ဆောင်နေကြပါတယ်။
ပုံစာ – လှည်းကူးမြို့နယ်မှာ ရေကြီးနစ်မြုပ်နေတဲ့ မြင်ကွင်း
Photo – HIC

