အောင်ပိုင်
ရန်ကုန် – ၂၀၂၀၊ မတ် ၁၉ (မော်ကွန်း)
ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီသို့ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာ ၁၂၈ သိန်းကျော်ကို လှူဒါန်းသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ လွှတ်တော်အစည်းအဝေးတွင် ကြေညာသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ် ၈၅သိန်း၊ရှစ်သောင်းကျပ်နှင့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦး၏ နေ့တွက်စရိတ် ၄၃ သိန်း စုစုပေါင်း ၁၂၈ သိန်း၊ ရှစ်သောင်းကျပ်ကို လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ သက်ဆိုင်ရာ အစုအဖွဲ့ကိုယ်စားလှယ်တို့က ဗဟိုကော်မတီသို့ ယနေ့ မနက်ပိုင်းတွင် ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။
ဇန်နဝါရီ ၃၀ တွင် ဖွဲ့စည်းခဲ့သော ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို မတ်လ ၁၃ တွင် အမျိုသားအဆင့်ဗဟိုကော်မတီအဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ကာ ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူခဲ့သည်။
စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနကလည်း ကိုဗစ်-၁၉ ရန်ပုံငွေအဖြစ် ကျပ်ဘီလီယံ ၁၀၀ ကို မတည်ထူထောင်ထားသည်ဟု မတ်လ ၁၈ တွင် ထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် ထိခိုက်သည့် မြန်မာနိုင်ငံသားပိုင် လက်ခစားအထည်ချုပ်လုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ အသေးစား၊အလတ်စားစီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်ကာ ထိုရန်ပုံငွေမှ ထုတ်ချေးမည်ဖြစ်ပြီး ထိခိုက်မှုအပေါ်မူတည်ကာ အတိုး နှုန်းနှင့် ချေးငွေကာလကိုလည်း ပြန်လည်သုံးသပ်မည်ဟု ထုတ်ပြန်ထားသည်။ ဒါအပြင် ပို့ကုန်လုပ်ငန်းတွေအပေါ် သတ်မှတ်ထားသည့် ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းကိုလည်း ဒီဘဏ္ဍာနှစ်မှာကင်းလွတ်ခွင့်ပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လက်တလောတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မတ်လ ၁၈ ရက် ညနေပိုင်းအထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မတွေ့ရသေးဘဲ စောင့်ကြည့်သံသယလူနာ ၁၅၇ ဦးအထိရှိလာပြီး ထိုအထဲတွင် ဗိုင်းရပ်စ်ပိုးမတွေ့လူနာ ၁၄၄ ဦး ဓာတ်ခွဲအဖြေစောင့်ဆိုင်းဆဲ ၁၃ ဦး ရှိပြီဖြစ်သည်။
မတ်လ ၁၈ ရက်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် နိုင်ငံပေါင်း ၁၅၉ နိုင်ငံအထိ ရှိလာပြီဖြစ်ကာ ရောဂါပိုးကူးစက်ခံရသူ ၁၇၉, ၁၁၂ ဦး နှင့် သေဆုံးသူ ၇,၄၂၆ ဦး ရှိလာပြီ ဖြစ်သည်။ သေဆုံးမှု ရာခိုင်နှုန်းမှာ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း၏ ၄ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သည်။
ဓာတ်ပုံ – ပြည်ထောင်စုလွှတ်တော်
#Dailynews