လွိုင်ကော် – ၂၀၂၃ နိုဝင်ဘာ ၂၀ (မော်ကွန်း)
တိုက်ပွဲတွေဖြစ်နေတဲ့ ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့က ပြည်သူတွေဟာ မြို့ကိုစွန့်ခွါထွက်ပြေးတိမ်းရှောနေကြရတယ်လို့ ပြောပါတယ်။
လွိုင်ကော်မြို့ခံတွေဟာ ယခုရက်ပိုင်းကစလို့ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ်နားက ဆီဆိုင်၊ ဆိုက်ခေါင်၊ ညောင်ရွှေ၊ အောင်ပန်း၊ တောင်ကြီး၊ အစရှိတဲ့ ရှမ်းပြည်နယ်ထဲက နီးစပ်ရာမြို့တွေမှာ ခိုလှုံနေကြတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ အိမ်စောင့်လူအနည်းငယ်လောက်နဲ့ မပြောင်းရွှေ့ချင်တဲ့ မိသားစုအချို့လောက်ပဲကျန်တော့တာဖြစ်ပြီး မြို့ပေါ်မှာ နေထိုင်သူအများအပြားဟာ စစ်ဘေးလွတ်ရာဒေသတွေကို ထွက်ခွာနေကြပြီလို့ လွိုင်ကော်မြို့ခံမစုမွန်က မော်ကွန်းကို ပြောပါတယ်။
“ကျွန်မတို့က မြို့ထဲမှာမရှိတော့ဘူး။ ဒီနေ့ပဲ ထွက်လာပြီ။ လမ်းကြောင်းတွေကလည်း ရှိတယ်။ ပရဟိတအဖွဲ့တွေက မြို့အပြင်မှာ လာခေါ်ပေးကြတယ်။ ပိတ်မိတဲ့လူတွေတော့ မဟုတ်ဘူး။ အိမ်စောင့်ကျန်တဲ့လူနည်းနည်းလောက်တော့ ကျွန်မတို့လမ်းထဲမှာ ရှိနေသေးတယ်။ ကျန်တဲ့လူတွေ အကုန်ထွက်နေကြပြီ။ မြို့ထဲမှာ လူကသိပ်မရှိတော့ဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ လွိုင်ကော်မြို့ရဲ့အနောက်ဘက်လမ်းဖြစ်တဲ့ ရုပ်ရှင်ရုံလမ်းကို ပိတ်ဆို့ထားပြီး မြို့ထဲကထွက်လာသူတွေကို ဖြတ်သန်းခွင့်မပေးတာကြောင့် လေယာဉ်ကွင်းလမ်းကနေ မြို့ကို ပြန်ပတ်ထွက်ရတယ်လို့ လွိုင်ကော်ကထွက်လာတဲ့ မစုမွန်က သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။
မြို့ထဲကနေထွက်လာတဲ့ စစ်ဘေးရှောင်တွေကို ပရဟိတအဖွဲ့တွေက မော်တော်ယာဉ်တွေနဲ့ ရှမ်းပြည်နယ်၊ ညောင်ရွှေဘက်ကို ပို့ဆောင်ပေးနေတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းအထိ မြို့ကနေ စွန့်ခွာနေသူတွေ ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ ကိုကျော်ဇောဦး က ပြောပါတယ်။
“အခုက လမ်းကြောင်းက ညောင်ရွှေလမ်းက သွားလို့ရတယ်။ အဓိကက မြို့ထဲက ထွက်လာကြဖို့ပဲ၊ မြို့အပြင်ရောက်ရင် ကျွန်တော်တို့က ကားကြီးတွေနဲ့ လူစုပြီး ခေါ်သွားပေးတယ်။ ညောင်ရွှေက ဘုန်းကြီးကျောင်းတွေ၊ ဇရပ်တွေမှာ စစ်ဘေးရှောင်တွေတည်းဖို့ နေရာတွေလုပ်ထားတယ်။ အဲ့ဒီနေရာတွေကို ကျွန်တော်တို့က လိုက်ပို့ပေးတယ်” လို့ ၎င်းကပြောပါတယ်။
တော်လှန်ရေး အင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ကရင်နီဒေသမှာ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်ဖို့အတွက် ၁၁၁၁ စစ်ဆင်ရေးကို ယခုလ ၁၁ ရက်က စတင်ဖော်ဆောင်နေပြီး လွိုင်ကော်မြို့နဲ့ အနီးတစ်ဝိုက်ကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်လာနေပြီး လွိုင်ကော်မြို့ပေါ်အထိ စစ်ဇုန်ကျယ်ပြန့်လာနိုင်တဲ့အတွက် ဒေသခံတွေ ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ရွှေ့ပြောင်းဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ချက်တစ်စောင်ကို စစ်ဆင်ရေးကာလ စတင်တဲ့ ယခုလ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း လွိုင်ကော်မြို့မှာ အခြေစိုက်တဲ့ ကုလသဂ္ဂမရုံးဝန်ထမ်းတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းအခြေစိုက် INGO ဝန်ထမ်းမိသားစုဝင် စုစုပေါင်း ၂၀၀ ကျော်လိုက်ပါလာတဲ့ မော်တော်ယာဉ် ၃၃ စီးပါ ယာဉ်တန်းကို လွိုင်ကော်ကနေ တောင်ကြီးကိုသွားဖို့ ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက စီစဉ်ပေးခဲ့ရသေးပါတယ်။
တော်လှန်ရေးအင်အားစုတွေဟာ ကယားပြည်နယ်ရဲ့မြို့တော်လွိုင်ကော်ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဖြစ်ပြီး စစ်ကောင်စီတပ်စွဲထားတဲ့ လွိုင်ကော်တက္ကသိုလ်ကို သိမ်းယူထားပါတယ်။
စစ်ကောင်စီတပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ ပြန်လည်တိုက်ခိုက်နေသလို တော်လှန်ရေးအင်အားစုတွေကလည်း မြို့ကို ဝန်းရံထားပြီး ပိတ်ဆို့တိုက်ခိုက်နေတဲ့ အခြေအနေဖြစ်ပါတယ်။
ပုံစာ – မြို့ကို စွန့်ခွာနေကြတဲ့ လွိုင်ကော်ဒေသခံများ
Photo – Supplied