လွိုင်ကော် -၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း)
စစ်ကောင်စီကဝါဒဖြန့်သလို လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် သေဆုံးတာမဟုတ်ဘဲ လက်ရှိအချိန်ထိသက်ရှိထင်ရှားရှိနေသေးပြီး တိုက်ပွဲတွေအတွင်းပိတ်မိနေလို့ ကယ်ထုတ်ခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ်နဲ့ စက်မှုသိပ္ပံကျောင်းက Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေထဲက တချို့ကို နေရပ်ပြန်နိုင်ဖို့ မနေ့ကစီစဉ်ပေးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုတွေလုပ်ဆောင်ပြီး စစ်ကောင်စီနဲ့ ဆက်နွယ်မှုမရှိတဲ့သူတွေကို Non-CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်တာနဲ့ စစ်ကောင်စီရဲ့ ယန္တယားမှန်သမျှမှာမပါဝင်ဖို့ ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး နေရပ်ပြန်နိုင်ဖို့ စီစဉ်ပေးခဲ့တာလို့ IEC ရဲ့ အတွင်းရေးမှူး(၁) မဇူးပဒုမ္မာက မော်ကွန်းကို ပြောပါတယ်။
လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်ကတော့ စုံစမ်းစစ်ဆေးမှုတွေမလုပ်ရသေးတာကြောင့် အခုပထမအသုတ်နေရပ်ပြန်ဖို့ စီစဉ်ပေးတဲ့အထဲမှာမပါသေးဘဲ စစ်ကောင်စီဘက်က ဝါဒဖြန့်သလို သေဆုံးသွားတယ်ဆိုတာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။
“ စစ်ကောင်စီကဝါဒဖြန့်သလိုမျိုး သေဆုံးသွားတာမျိုး၊ သတ်ဖြတ်ခံရတာမျိုး လုံးဝမဟုတ်ဘူးဆိုတာ IEC ကော KNDF ဘက်က တာဝန်ရှိသူတွေလည်း ထုတ်ပြန်ပြီးသားဖြစ်ပါတယ်။ ပြီးရင်တော့ နေရပ်ပြန်နိုင်ဖို့ ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။
ကယ်ထုတ်လာခဲ့တဲ့ Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်စုစုပေါင်း ၂၀၄ ဦးထဲက ဝန်ထမ်း ၇၀ ဦးနဲ့ မိသားစုဝင် ၃၇ ဦးကို ပထမအသုတ်အဖြစ် နေရပ်ပြန်နိုင်ဖို့ IEC နဲ့ သက်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းတွေက စီစဉ်ပေးခဲ့တာလို့ ထုတ်ပြန်ပါတယ်။
Non-CDM ဝန်ထမ်းတွေကို ဖမ်းဆီးခေါ်ဆောင်လာတာမျိုးမဟုတ်ဘဲ တိုက်ပွဲကြားမှာပိတ်မိနေတဲ့ ဆရာ၊ ဆရာမတွေကို ကယ်ထုတ်လာပြီး နေရပ်ပြန်ဖို့ စီစဉ်ပေးနေတာလို့ IEC အတွင်ရေးမှူးက ရှင်းပြပါတယ်။
လက်ရှိအချိန်မှာ ကျန်ရှိနေတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို လိုအပ်တဲ့စုံစမ်းစစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ပြီးပါက နေရပ်ပြန်နိုင်ဖို့ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားပါတယ်။
“ စစ်ကောင်စီနဲ့ပက်သက်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကို အားနည်းစေမယ့်လုပ်ရပ်မျိုးတွေ နောက်ပြီးတော့ စစ်ကောင်စီကိုသတင်းပေးလုပ်ဆောင်တာမျိုးတွေ၊ ဒီထက်ပိုပြီးတော့ စစ်ကောင်စီနဲ့ ချိတ်ဆက်ဆောင်ရွက် စသဖြင့် ဒီလိုမျိုးတွေရှိလာတယ်ဆိုရင်တော့ တရားရေးဘက်က ဆက်ပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်” လို့ IEC အတွင်းရေးမှူးက ဆိုပါတယ်။
ကရင်နီပြည်နယ်ထဲမှာ “၁၁၁၁စစ်ဆင်ရေး” စတင်ပြီး တိုက်ပွဲတွေပြင်းထန်ချိန် လွိုင်ကော်တက္ကသိုလ်ထဲပိတ်မိနေတဲ့ Non-CDM ဝန်ထမ်းတွေကို တိုက်ပွဲပြင်းထန်နေတဲ့ကြားက ကရင်နီတော်လှန်ရေးအင်အားစုတွေက အခုလ ၁၄ ရက်က ကယ်ထုတ်ခဲ့တာပါ။
အာဏာသိမ်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ထိန်းသိမ်းခံထားရတဲ့ ဆရာဆရာမတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခု ထိခိုက်နစ်နာမှုရှိခဲ့ရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့အဖွဲ့က တာဝန်ယူတာဝန်ခံရမှာဖြစ်ပြီး ကြီးလေးတဲ့ပြစ်ဒဏ်ခံရမယ်လို့ သူတို့ရဲ့ဝါဒဖြန့်မီဒီယာတွေမှာ ဖြေကြားထားပါတယ်။
ပုံစာ-တိုက်ပွဲတွေအတွင်း ကယ်ထုတ်ခဲ့ရတဲ့ Non-CDMဝန်ထမ်းတွေကို နေရပ်ပြန်နိုင်ဖို့ IECနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက စီစဉ်ပေးနေပုံ။
ဓာတ်ပုံ-IEC

