လွိုင်ကော်တက္ကသိုလ်ပါချုပ်အပါအဝင် ငါးဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြု

လွိုင်ကော်တက္ကသိုလ်ပါချုပ်အပါအဝင် ငါးဦးကို ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြု

လွိုင်ကော်-၂၀၂၄ မေ ၁၀ (မော်ကွန်း)

ကရင်နီပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ငါးဦးကို အခုလ ၈ ရက်က ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုလိုက်ပြီးနေရပ်ပြန်ပို့လိုက်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ခူပလူးရယ်က မော်ကွန်းကို ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင်ငါးဦးကို လူသားချင်းစာနာထောက်ထားမှုကို ဦးတည်တဲ့အနေနဲ့ ကရင်နီပြည်နယ် ကြားကာလ တရားစီရင်ရေးဥပဒေပုဒ်မ (၃၂) အရ ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သူကအခုလိုပြောပါတယ်။

“အဓိကကတော့ ဒီလွတ်ငြိမ်းခွင့်နဲ့ သီးခြားစစ်ဆေးဘုတ်အဖွဲ့ရဲ့ အစီရင်ခံတင်ပြမှုအရပေါ့နော်။ သူတို့ငါးဦးက ပြစ်ဒဏ်ကျခံနေတဲ့ ကာလအတွင်းမှာ စည်းကမ်းဖောက်ဖျက်မှု မရှိတာတွေတွေ့ရတယ်၊ ပူးပေါင်းဆောင်ရွက်တယ်ပေါ့နော်။ နောက်တစ်ဖက်ကလည်း သူတို့က အသက်ကြီးပြီး ကျန်းမာရေးကလည်း မကောင်းကြဘူးပေါ့နော်။ ဒီလိုအနေအထားတွေအပေါ်မှာ လူသားချင်းစာနာထောက်ထားမှုကို ဦးတည်တဲ့အနေနဲ့ အများရဲ့ဆုံးဖြတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးလိုက်တာဖြစ်ပါတယ်”
ပြစ်ဒဏ်ကနေလွတ်ငြိမ်းခွင့်ပြုလိုက်တဲ့သူတွေဟာ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ဦးအောင်ခင်မြင့်၊ ဒေါ်လှလေးမြင့်၊ ဒေါ်ယဉ်ယဉ်နိုင်၊ ဒေါ်မို့မို့ထွန်းနဲ့ ဒေါ်သီတာတို့ဖြစ်ပြီး သူတို့ကို လုံခြုံစိတ်ချရတဲ့လမ်းကြောင်းကနေ နေရပ်ပြန်ရောက်အောင်စီစဉ်ပေးလိုက်တယ်လို့ သူကဆိုပါတယ်။

သူတို့ငါးဦးကို ပြန်လွှတ်ပေးလိုက်တဲ့ ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေးဥပဒေပုဒ်မ(၃၂) နဲ့ပက်သက်ပြီး ခူပလူးရယ်က ရှင်းပြပါတယ်။

“(ပုဒ်မ) ၃၂ က IEC ရဲ့ လုပ်ပိုင်ခွင့်ပေါ့နော်။ ပြည်နယ်တရားရေးဌာနပေါ့။ IEC ရဲ့ အောက်မှာရှိတဲ့ တရားရေးဌာနက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ လမ်းညွှန်ချက်နဲ့အညီပဲ အကျဉ်းကျခံနေရသူတွေကို စီမံကြီးကြပ်ရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်။ ဥပမာ သူတို့လွတ်လပ်ခွင့်တွေ၊ နောက်ထိန်းသိမ်းထားတာတွေအပြင် လွတ်ငြိမ်းနဲ့ ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့နဲ့တွဲပြီးမှ လုပ်ရတဲ့ဟာကို ရည်ညွှန်းတာဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့သူငါးဦးနဲ့ပက်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က ပြန်ထိန်းသိမ်းနိုင်တဲ့အခြေအနေရှိမရှိကိုတော့ မသိဘူးလို့ ခူပလူးရယ်က ပြောပါတယ်။

လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် လွိုင်ကော်တက္ကသိုလ်က Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင် နှစ်ရာကျော်ကို လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားချိန်မှာ ကရင်နီတော်လှန်ရေးအဖွဲ့တွေက တိုက်ပွဲကြားက ကယ်ထုတ်ခဲ့တာပါ။
အဲဒီနောက်မှာတော့ Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို IEC က စုံစမ်းစစ်ဆေးပြီး စစ်ကောင်စီနဲ့ ပက်သက်မှုမရှိသူတွေကို နယ်နှင်ဒဏ်ပေးခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ရာမှာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်အပါအဝင် ငါးဦးကိုတော့ မတရားသင်းဆက်သွယ်မှုနဲ့ IEC က တရားစွဲဆိုခဲ့ပြီး အခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်က ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ကိုးသိန်းစီ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး အခုလ ၈ ရက်မှာ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ပုံစာ-ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပြုခံရတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်။
ဓာတ်ပုံ-IEC

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."