ရန်ကုန် – ၂၀၂၄ မတ် ၂၉ (မော်ကွန်း)
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းရှိရာ လွယ်ဂျယ်မြို့ကို KIA က ဝန်းရံပိတ်ဆို့ကာ ထိန်းချုပ်လိုက်နိုင်ပြီလို့ ဒေသခံတွေနဲ့ နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူတချို့က ပြောပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စခန်းတစ်ခုဖြစ်တဲ့ ယောယုံ စစ်ဗျူဟာစခန်းကို မနေ့ကနေ့လယ်ပိုင်းက KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီ ဗျူဟာစခန်းဟာ တရုတ်နယ်စပ်က လွယ်ဂျယ်၊ မိုင်ဂျာယန် ဒေသတွေရဲ့ တောင်ကြောအပေါ်မှာရှိတဲ့စခန်းဖြစ်ပြီး KIA အနေနဲ့ အဲဒီစခန်းကို ၃၉နှစ်အတွင်း ပြန်လည်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့စစ်ဗျူဟာကုန်းကို သိမ်းလိုက်ပြီးနောက်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေကို KIA အနေနဲ့ ပထမဦးဆုံး ထိန်းချုပ်သိမ်းပိုက်လိုက်နိုင်တာပါ။
လက်ရှိမှာ လွယ်ဂျယ်မြို့ပေါ်နဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို KIA က ဝန်းရံပိတ်ဆို့ထားပြီး အဲဒီမှာရှိနေတဲ့ စစ်ကောင်စီ ဝန်ထမ်းတွေကို ထွက်ခွာဖို့ အချိန်တစ်ရက်ပေးထားတယ်လို့ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“အခုက လက်နက်ချပြီး ထွက်လာခိုင်းထားတာ၊သူတို့က ဝိုင်းထားပြီးပြီပြောတယ်” လို့ အထက်ပါကုန်သည်က ပြောပါတယ်။
ကချင်ပြည်နယ်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းသုံးခုဖြစ်တဲ့ ကန်ပိုက်တီး၊ ပန်ဝါနဲ့ လွယ်ဂျယ်နယ်စပ်စခန်းတို့ ရှိရာက အဓိက နယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ လွယ်ဂျယ်ကို KIA က အခုလို ထိန်းချုပ်လိုက်နိုင်တာပါ။
KIA ဟာ ယခုရက်ပိုင်းအတွင်းက ဗန်းမော်-လွယ်ဂျယ်ကားလမ်းပေါ်က ယောယုံဗျူဟာစခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း ခုနစ်ခုကို သိမ်းယူခဲ့ပါတယ်။
ယခုလ ၇ ရက်ကစပြီး မြစ်ကြီးနား-ဗန်းမော်ကားလမ်းတစ်လျှောက်က စစ်ကောင်စီတပ်စခန်းတွေကို KIA က စတင်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပြီး သီတင်းသုံးပတ်အတွင်းမှာပဲ စစ်ကောင်စီတပ်ရဲ့ တပ်ရင်းဌာနချုပ်တွေအပါအဝင် စခန်းပေါင်း ၅၀ ကျော်ကို KIA က သိမ်းယူနိုင်ခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်အဖွဲ့တွေအကြား အပစ်အခတ်ရပ်စဲရေး သဘောတူချက်ကြောင့် တိုက်ပွဲတွေရပ်ဆိုင်းသွားပြီးနောက်မှာပဲ KIA က ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
လက်ရှိမှာလည်း ဗန်းမော်လွယ်ဂျယ် ကားလမ်းပေါ်က မိုင်ဂျာယန်မြို့အနီးမှာ KIA နဲ့ စစ်ကောင်စီအကြားတိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။
ပုံစာ – လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်
ဓာတ်ပုံ – စီးပွားကူးသန်း