မန္တလေး-၂၀၂၄ မတ် ၂၉ (မော်ကွန်း)
မန္တလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်တချို့မှာ ၁၀ တန်းစာမေးပွဲပြီးတဲ့နေ့ကစပြီး လျှပ်စစ်မီးမမှန်တော့တာကြောင့် ရေမော်တာတင် အသုံးပြုရတဲ့ရပ်ကွက်တွေမှာ ရေစတင်ပြတ်လပ်နေပြီလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
“အဝီစိတွင်းတူးထားတဲ့အိမ်တွေတောင်ရေပြတ်တာပဲ။ တချို့လည်း နီးစပ်ရာ ရေဘုံဘိုင်ရှိတဲ့ အိမ်တွေသွားရတာပေါ့။ တချို့တော့ လာလှူတာစောင့်တာပေါ့” လို့ ချမ်းအေးသာစံမြို့နယ်အတွင်းနေထိုင်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာ လျှပ်စစ်မီးမလာလို့ ရေအခက်အခဲကြုံနေရတဲ့ နေရာတွေဟာ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ မဟာအောင်မြေစတဲ့ မြို့နယ်တွေထဲက ရပ်ကွက်တွေဖြစ်တယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
မြို့ပေါ်ရပ်ကွက်တွေမှာ စည်ပင်ရေပေးဝေပေမယ့် လျှပ်စစ်မီးမလာတာကြောင့် ရေတင်လို့မရလို့ သုံးရေအခက်ကြုံနေတာလို့ မဟာအောင်မြေမြို့နယ်တွင်း နေထိုင်သူတစ်ဦးကလည်း ပြောပါတယ်။
“မီးမလာတော့ ရေတင်လို့မရဘူးလေ။ လာတော့လည်း တစ်နာရီနှစ်နာရီလောက်ပဲလာတာ။ လာရင်လည်း လာလိုက်ပြတ်လိုက်ပဲ။ မီးပြတ်တာက ၁၀ တန်းစာမေးပွဲစပြီးတဲ့ နေ့ကတည်းက ပြတ်တာ။ တစ်ရက်လုံးမှ တစ်နာရီနှစ်နာရီပဲလာတော့ ရေတင်ချိန်နည်းတယ်လေ။ သုံးရေတောင်မလောက်တော့ဘူး”လို့ သူကပြောပါတယ်။
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ ရေအခက်အခဲကြုံနေကြတာကြောင့် မြို့ခံပရဟိတအသင်းတချို့နဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တလေးတိုင်း)တို့က ရေဂါလံ ၃,၄၀၀၊ ၁,၀၀၀၊ ၅၀၀ ဆန့်ကားတွေနဲ့ လိုက်လံကူညီပေးနေကြပါတယ်။
မန္တလေးမြို့ပေါ်ရပ်ကွက်တွေမှာ မနှစ်က ဧပြီနဲ့ မေလတွေတုန်းက လျှပ်စစ်မီးပြတ်တောက်ချိန်များတာကြောင့် မြို့ခံတွေအနေနဲ့ သုံးရေပြတ်လပ်မှုအပြင် သောက်ရေအခက်အခဲတွေပါကြုံခဲ့ရလို့ မြို့ခံပရဟိတအသင်းတွေက ရေတင်ကားတွေနဲ့ လိုက်လံကူညီခဲ့ရပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစပြီး နိုင်ငံအနှံ့က မြို့အသီးသီးမှာ လျှပ်စစ်မီးမမှန်တာတွေ နေ့စဉ်ကြုံနေရပြီး မန္တလေးမြို့ပေါ်မှာတော့ မီးပြတ်ရင် ရေပြတ်လပ်တာပါ မကြာခဏကြုံနေရတာလို့ မြို့ခံတွေက ပြောကြပါတယ်။
ပုံစာ-ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့တွင်းမှာ ရေကူညီပေးနေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ ကားတစ်စီး
ဓာတ်ပုံ-မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့၊ မန္တလေးတိုင်းဒေသကြီးကော်မတီ။