၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ဘီလီယံ ၂၆၀ ကျော်ဆုံးရှုံး
ကျော်ဇေယျ
နေပြည်တော်-၂၀၂၀ ဇွန် ၈ (မော်ကွန်း)
လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုများလျော့ကျသွားရန် ယခုအစိုးရလက်ထက်၌ သိသာသည့်ရလဒ်ထွက်အောင် မဖြေရှင်းနိုင်သေးကြောင်း ယနေ့ကျင်းပသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စတုတ္ထနှစ်ဆောင်ရွက်မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် အမြဲတမ်းအတွင်းဝန်က ပြောသည်။
ပြီးခဲ့သည့် အစိုးရလက်ထက်၌ နိုင်ငံတော်ဓါတ်အားစနစ်တွင် ထုတ်လုပ်မှု၏ ၂၅ ရာခိုင်နှုန်းအထိ ဓါတ်အားပျောက်ဆုံးမှုဖြစ်ပေါ်နေခြင်းကို ၁၅ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပြီး ယခုအစိုးရလက်ထက်တွင်လည်း ယင်းပမာဏနှုန်းဖြင့် ဆက်လက်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောသည်။
“အခုလည်း ကျနော်တို့ အမှန်အတိုင်းကို ပြောပါ့မယ်။ တစ်ပြည်လုံးကို Average ယူမယ်ဆိုရင် ၁၅၊ ၁၆ (ရာခိုင်နှုန်း ဓါတ်အားပျောက်ဆုံးလျက်)ရှိပါသေးတယ်” ဟု ဦးတင်မောင်ဦးက မော်ကွန်းကို ဖြေသည်။
၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ထုတ်လုပ်ခဲ့သည့် လျှပ်စစ်ပမာဏ၏ ၁၄ ရာခိုင်နှုန်းအထိ ပျောက်ဆုံးခဲ့သည်ဟု ဗဟိုစာရင်းအင်း အဖွဲ့က ဖော်ပြသည်။ ၎င်းပျောက်ဆုံးပမာဏသည် ယူနစ်သန်းပေါင်း ၂,၈၀၀ ကျော်ဖြစ်ပြီး ယင်းနှစ်၏ တစ်ယူနစ်ထုတ်လုပ်မှု ပျှမ်းမျှကုန်ကျစရိတ် ၉၃ ကျပ်ဖြင့် တွက်ချက်ပါက ဓါတ်အားပျောက်ဆုံးမှုကြောင့် ကျပ်ဘီလီယံ ၂၆၀ ကျော် ဆုံးရှုံးရခြင်းဖြစ်သည်။
လျှပ်စစ်ဓါတ်အားပျောက်ဆုံးမှုများကိုလျော့ချရန် ဓါတ်အားပျောက်ဆုံးမှုအများဆုံးမြို့နယ်များကို ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များစေလွှတ်ပြီး ပြဿနာများ၏ အဖြေကိုရှာဖွေရန် ဝန်ကြီးဌာနက ဆောင်ရွက်နေသည်ဟု သူကပြောသည်။
ဓါတ်အားခိုးယူသုံးစွဲမှုများတွင် ဝန်ထမ်းများပါဝင်ပတ်သက်ပါက အရေးယူနေပြီး ဓါတ်အားခိုးယူမှုများကို တစ်ချို့ ရပ်ကွက်၊ ကျေးရွာများတွင် ဆောင်ရွက်မှုတွေ ရှိကြောင်း ၎င်းကရှင်းပြသည်။
ဓါတ်အားပျောက်ဆုံးမှုလျော့ကျရေးကိုဆောင်ရွက်ရာတွင် နည်းပညာကြောင့်မဟုတ်သည့်ပျောက်ဆုံးမှုများကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး နည်းပညာကြောင့်ဖြစ်ပေါ်သည့် ပျောက်ဆုံးမှုများကို ဖြေရှင်းရန်အတွက်မူ ရန်ပုံငွေရရှိမှုအပေါ် မူတည်သည်ဟု ဦးတင်မောင်ဦးက ဆိုသည်။
ဓါတ်ပုံ – ကောင်းထက်စံ
ပြည်သူတွေစိုက်ထုတ်ကျခံနေရတဲ့ လျှပ်စစ်စီမံခန့်ခွဲမှုအလွဲ
#Dailynews