ဒူးပလာယာ – ၂၀၂၃ နိုဝင်ဘာ ၂၄ (မော်ကွန်း)
သတင်းမီဒီယာတွေမှာ လူသိများတဲ့ လေးကေ့ကော်မြို့သစ်အုပ်ချုပ်ရေးမှူး ပဒိုစောဖားတရားဟာ ကေအဲန်ယူကော့ကရိတ်မြို့နယ်၊ မြို့နယ်ဥက္ကဋ္ဌအသစ်ဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပပြီးစီးခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆၊ ကော့ကရိတ်မြို့နယ်ရဲ့ ၁၀ ကြိမ်မြောက် မြို့နယ်ကွန်ဂရက်ကနေ အမြဲတမ်းကော်မတီဝင် ၃၀ ဦးကို ရွေးချယ်ပေးခဲ့တာပါ။
ပဒိုစောဖားတရားရဲ့ နောက်ထပ်အမည်ကတော့ စောဌေးအောင်မြင့်ဖြစ်ပါတယ်။
၂၀၂၁ နှစ်ကုန်ပိုင်း လေးကေ့ကော်မှာ တိုက်ပွဲတွေပြင်းထန်နေချိန် ဖမ်းဆီးရမိတဲ့ အာဏာသိမ်းစစ်တပ်ဘက်က စစ်သားတွေကို သေနတ်တစ်လက်လွယ်ကာ ထိန်းသိမ်းခဲ့စဉ်က အုပ်ချုပ်ရေးမှူး ပဒိုစောဖားတရားကို နိုင်ငံအနှံ့က ပြည်သူတွေက ချီးကျူးအားပေးခဲ့ကြပါတယ်။
၂၀၂၂ နှစ်ကုန်ပိုင်း အာဏာသိမ်းစစ်တပ်ကနေ သေ့ဘော့ဘိုး၊ လေးကေ့ကော်၊ မြဝတီ – ဝေါ်လေလမ်းတွေကို ပြန်လည်ထိန်းသိမ်းလိုက်နိုင်တဲ့အချိန်မှာတော့ ပဒိုစောဖားတရားဟာ အာဏာသိမ်းစစ်တပ်ရဲ့ အရာရှိတွေ၊ တပ်သားတွေကို ညစာတွေနဲ့ တည်ခင်းဧည့်ခံနေခဲ့ပြီး ပြည်သူတွေဟာ ဝေဖန်ခဲ့ကြပါတယ်။
လေးကေ့ကော်မြို့သစ်ဟာ ကေအဲန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့ ၂၀၁၀ ကြံ့ခိုင်ရေးအစိုးရတို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ထားရှိဖို့ ဂျပန်နိပွန်ဖောင်ဒေးရှင်းရဲ့ငွေနဲ့ ၂၀၁၅မှာ တည်ထောင်ထားတာဖြစ်ပြီး ရပ်ကွက်ခြောက်ခု၊ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပါတယ်။
ကွန်ဂရက်ကနေ ကော့ကရိတ်ဒုတိယမြို့နယ်ဥက္ကဋ္ဌကတော့ KNLA တပ်ရင်း ၁၆၊ တပ်ရင်းမှူး၊ ဒုဗိုလ်မှူးကြီး စောစန်းတင်ဖြစ်လာပြီး အတွင်းရေးမှူး ပဒိုမန်းမြအေး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောဟဲခု၊ မြို့နယ်တရားသူကြီး ပဒိုနန်းယမင်းလွင်တို့ဖြစ်လာပါတယ်။
မြို့နယ်ကွန်ဂရက်ဟာ လေးနှစ်တစ်ကြိမ် ခေါင်းဆောင်တွေကို ကျေးရွာအုပ်စုကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရတာဖြစ်ပါတယ်။
ပုံစာ – ၁၀ ကြိမ်မြောက် ကေအဲန်ယူ ကော့ကရိတ်မြို့နယ်ကွန်ဂရက်အပြီး မြို့နယ်ဥက္ကဋ္ဌအသစ်််််် ပဒိုစောဖားတရားနှင့် ဒုဥက္ကဋ္ဌအသစ် KNLA တပ်ရင်း ၁၆၊ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစန်းတင်။
ဓာတ်ပုံ – ကွန်ဂရက်

