မြဝတီ – ၂၀၂၅ စက်တင်ဘာ ၂၃ (မော်ကွန်း)
အာရှလမ်းနဲ့ သင်္ကန်းညီနောင်ကို တော်လှန်ရေးတပ်တွေ နောက်ဆုတ်လိုက်ရပြီးနောက်မှာ ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်လာနေပြီး ဒေသတွင်း စစ်ရှောင် ၃,၀၀၀ ဝန်းကျင်ရှိလာနေတယ်လို့ စစ်ရှောင်ကူညီသူတွေရဲ့ စာရင်းတွေကသိရပါတယ်။
ဒီတစ်ပတ် ကောက်ယူထားတဲ့ နောက်ဆုံး စစ်ရှောင်စာရင်းအရ မြဝတီဘက်မှာ စစ်ရှောင်စခန်း ခုနစ်ခုရှိပြီး စစ်ရှောင်ဦးရေ ၂,၉၁၉ ဦး ရှိနေပါတယ်။
“လောလောဆယ်မှာ တစ်အိမ်ထောင်စုမှာ (ခြောက်ပြည်ပါ)ဆန်တစ်အိတ်ပေးတယ်၊ အရေးပေါ်စစ်ရှောင်အတွက်ပေါ့”လို့ စစ်ရှောင်စာရင်းကိုင်သူတစ်ဦးက ပြောပါတယ်။
မြဝတီဘက်ရှိ စစ်ရှောင်ပြည်သူတွေအတွက် ပုံမှန်အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းကတော့ ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ(CIDKP)ဖြစ်ပြီး ကျန်အဖွဲ့အစည်းတွေလည်း လာရောက်ထောက်ပံ့တာ ရှိတယ်လို့ သူက ပြောပါတယ်။
“အထောက်အပံ့က အလုံအလောက်တော့ ဘယ်ရမလဲ၊ မလောက်လုံပေမယ့်လည်း အတိုင်းအတာတစ်ခု ဖူလုံတယ်”လို့ သူက ပြောပါတယ်။
ကေအဲန်ယူဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ မြဝတီဒေသက နေရာတချို့ကို စိုးမိုးထားချိန်မှာ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းထိုးစစ်သာ အဓိကပြုလုပ်နိုင်ခဲ့ပြီး ဒေသတွင်းစစ်ရှောင်တွေတချို့လည်း နေရပ်ပြန်နေထိုင်တာမျိုးတွေရှိခဲ့ပါတယ်။
အခုတော့ လေးကေ့ကော်မြို့သစ်အပါအဝင် မြဝတီဘက်မှာ လေးကေ့ကော်၊ မယ်ထော်တလေး၊ မင်းလက်ပံ၊ ဖလူး၊ ထီးမယ်ဝါးခီး၊ နို့ဖိုး၊ ကျောက်ခတ်စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာအနည်းဆုံး ၁၀ ရွာအထက် စစ်ရှောင်နေကြရပါတယ်။
ဒေသခံတွေ စစ်ရှောင်နေကြတဲ့ ကျေးရွာတွေ၊ စခန်းတွေက စစ်ပွဲတွေနဲ့ နီးကပ်ပြီး လုံခြုံမှုမရှိတာကို တွေ့ရပါတယ်။
အာရှလမ်းနဲ့ သင်္ဃန်းညီနောင်ကို ထိုးဖောက်နိုင်ဖို့အတွက် အာဏာသိမ်းစစ်တပ်ကို ကူညီပေးနေသူတွေကတော့ ကရင်နယ်ခြားစောင့်တပ်-BGFနဲ့ KNA လို့ခေါ်တဲ့ BGF လက်အောက်ခံ ကရင်အမျိုးသားတပ်မတော်တို့ ဖြစ်ပါတယ်။
ကရင်နယ်ခြားစောင့်တပ်နဲ့ ဒီမိုကရေစီအကျိုးပြုတပ်မတော်(DKBA)တို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲကို ထောက်ခံကူညီမယ်လို့ ကြေညာခဲ့သလို ဗုဒ္ဓဘာသာ ပဌာန်း ၂၄ ပစ္စည်းဘက်တံဆိပ်တပ် မူလလက်ဟောင်း DKBA ကလည်း ကျုံဒိုး-အာရှလမ်း ထိုးဖောက်နိုင်ရေးအတွက် စစ်တပ်ဘက်က ကူညီနေတာဖြစ်ပါတယ်။
ပုံစာ – မြဝတီ စစ်ရှောင်စခန်းတစ်ခုမှာ တွေ့မြင်ရတဲ့ စစ်ရှောင်ကလေးငယ်များ
ဓာတ်ပုံ – MawKun Magazine

