လောက်ကိုင် – ၂၀၂၂ ဒီဇင်ဘာ ၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့မှာ နှစ်ရက်အတွင်းတရုတ်ငွေစျေး တစ်ယွမ်ကို မြန်မာငွေ ၄၇၀ ကနေ ၃၇၀ကျပ်ဝန်းကျင်အထိ ထိုးကျခဲ့တယ်လို့ လောက်ကိုင်မြို့မှာနေထိုင်နေသူတွေကပြောပါတယ်။
ဒီဇင်ဘာ ၄ရက် မတိုင်ခင်က တစ်ယွမ်ကို ၄၇၀ ကျပ်အထိ စျေးရှိနေပြီး ဒီဇင်ဘာ ၄ရက်ကစကာ ငွေစျေးကျဆင်းခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
” အရင်က ၅၁၀ ကျပ်ထိရောက်ဖူးတယ်၊ စစ်ဖြစ်မယ်လို့သတင်းတွေစကြားပြီးကတည်းက စျေးကျသွားတာ၊ စစ်ဖြစ်မယ်သတင်းကြားပြီးတော့စျေးတွေလည်းကျ လူတွေလည်း ပြန်ကုန်ကြပြီ၊ မြို့ထဲမှာရှုပ်ယှက်ခတ်နေတာပဲ”လို့ ဒေသခံက ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းအထိ တရုတ်ငွေစျေး တစ်ယွမ်ကို မြန်မာငွေ ၃၉၀ ကျပ်အထိရှိနေပြီး ညနေ လေးနာရီနောက်ပိုင်းမှာ ငွေစျေးနှုန်း ၃၇၀ အထိ ကျဆင်းခဲ့တာလို့ဒေသခံက ပြောပါတယ်။
တရုတ်ငွေစျေးဟာ စစ်တပ်ကအာဏာမသိမ်းခင်မှာ တစ်ယွမ်ကို ၂၀၀ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တစ်ယွမ်ကို မြန်မာငွေ ၅၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
တရုတ်ငွေစျေးကျနေပေမယ့် အလုပ်ထွက်ကာအိမ်ပြန်သူတွေများနေတာကြောင့် ကားခတွေစျေးတက်နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
#Dailynews

