မိုးကုတ် – ၂၀၂၃ ဇွန် ၂၆ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ အုံဒန်ကျေးရွာကို အခုလ ၂၀ ရက်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာ ဗုံးနှစ်လုံးဟာမပေါက်ကွဲဘဲ ကျန်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်က အဆိုပါဗုံးသီးနှစ်လုံးကို ဖောက်ခွဲမပစ်ဘဲ ဒီတိုင်းထားတာကြောင့် အချိန်မရွေးပေါက်ကွဲနိုင်ပြီး ဗုံးစတွေ ထိမှန်မှာကို ဒေသခံတွေစိုးရိမ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ကြဲချသွားတဲ့ ဗုံးတွေဟာ ပေါင် ၂၀၀ ဗုံးသီးတွေလို့ ဒေသအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေကဆိုကြပြီး အခုထိ လယ်ကွင်းထဲမှာရှိနေသေးတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဗုံးလည်း လယ်ကွင်းထဲမှာဒိီတိုင်းရှိနေတယ်၊ စစ်သားတွေလည်းရွာထဲအပြည့်ပဲ၊ ခုရွာထဲကိုဘယ်သူမှအဝင်မခံဘူး၊ရွာထဲမကျဘဲ လယ်ကွင်းထဲကျလို့ ထိခိုက်ဒဏ်ရာရတာတော့မရှိဘူး”လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
အုံဒန်ကျေးရွာအနီးက အာဏာသိမ်းစစ်တပ်စခန်းတစ်ခုကို အခုလ ၂၀ရက်မှာ မိုးကုတ်အခြေပြုတော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ရာ လေကြောင်းကနေ ခုလိုဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
အုံဒန်ကျေးရွာတိုက်ပွဲမှာစစ်သားတွေထိခိုက်သေဆုံးမှုများတာကြောင့် အနီးနားရွာက ပြည်သူတွေနဲ့ကားတွေကို အဓမ္မစေခိိုင်းပြီး မိုးကုတ်မြို့ထဲကို ဒဏ်ရာရစစ်သားနဲ့ သေဆုံးစစ်သားတွေကိုပို့ဆောင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အုံဒန်ကျေးရွာတိုက်ပွဲပြီးတဲ့နောက် အာဏာသိမ်းစစ်တပ်ဟာ အနီးနားကျေးရွာတွေမှာတပ်စွဲထားတယ်လို့ဒေသခံတွေကပြောပါတယ်။
#Dailynews

