ရန်ကုန်၊ ၂၀၂၃ မေ ၁၅ (မော်ကွန်း)
ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ ဝိုင်ဖိုင်အင်တာနက်ကြိုးတွေ ပြတ်ကျမှုတွေရှိခဲ့ပြီး မြို့နယ်အချို့မှာ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပါတယ်။
ရန်ကုန်တိုင်း ကိုကိုးကျွန်း၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) ၊ ကြည့်မြင်တိုင်မြို့နယ် အစရှိတဲ့ မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးမှုတွေရှိခဲ့ပြီး သစ်ပင်သစ်ကိုင်းကျိုးကျတာတွေ၊ ဓာတ်တိုင်များလဲကျမှု၊ ဆက်သွယ်ရေးတာဝါတိုင်ထိခိုက်ပျက်စီးမှုတွေ၊ ဓာတ်ကြိုးပြတ်တောက်မှုတွေနဲ့ သစ်ပင်ပြိုလဲမှုတွေ ရှိခဲ့ပါတယ်။
အဲ့ဒီလို ပျက်စီးမှုတွေကြောင့် ဓာတ်တိုင်တွေမှာ သွယ်တန်းထားတဲ့ အင်တာနက် ဝိုင်ဖိုင်ကြိုးတွေလည်း ပြတ်ကျခဲ့ပြီး မြို့နယ်အချို့မှာ အင်တာနက်လိုင်းပြတ်တောက်နေတာဖြစ်တယ်လို့ Tiger Net အင်တာနက်ဝိုင်ဖိုင်ဝန်ဆောင်မှုကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။
ဒီနေ့ မေလ ၁၅ ရက်မှာ အဲ့ဒီ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ နေရာတွေမှာ ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေပြီဖြစ်တယ်လို့ သူက ဆက်လက်ပြောပါတယ်။
“ကြိုးတွေနေရာတော်တော်များမှာ ပြတ်နေတာ၊ ဒီမနက် (မေ ၁၅ ရက်) မှာမှ လိုက်ပြင်နေတာ၊ တောင်ဒဂုံတို့၊ ဒဂုံဆိပ်ကမ်းတို့မှာ သစ်ပင်လဲတာတွေ၊ ဓာတ်တိုင်ကျိုးတာတွေရှိတယ်၊ ဝိုင်ဖိုင်လိုင်းတွေလည်း ပြတ်ကျသွားလို့ လိုင်းမရတာတွေလည်း နေရာတော်တော်များများမှာရှိတယ်။ ပြန်ပြီးတော့ ကြိုးတွေ ပြန်သွယ်ရမှာတွေ၊ လိုင်းတွေ ပြန်လိုက်စစ်ရမှာတွေ လုပ်နေရတယ်၊ အချို့နေရာတွေ အင်တာနက်လိုင်းတွေ မရသေးဘူး” လို့ သူက ပြောပါတယ်။
မနေ့ကညနေပိုင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် လမ်းထိပ်က ဓာတ်တိုင်ပေါ် သစ်ကိုင်းကျိုးကျခဲ့ပြီး ဝိုင်ဖိုင်ကြိုးတွေလည်း ပြတ်ကျခဲ့တယ်လို့ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
“အခုတော့ သူတို့ပြန်ပြင်နေပြီပြောတယ်။ ဝိုင်ဖိုင်ကြိုးတွေ ပြတ်ကျလို့ အင်တာနက်တွေမရဘူး၊ မနေ့ကတည်းက ပြတ်တာ ဒီနေ့နေ့လယ်ထိ ပြန်မရသေးဘူး။ တခြားရပ်ကွက်တွေမှာလည်း လိုင်းတွေကျတွေနေတာရှိတယ်လို့ ပြောတယ်” လို့ သူကပြောပါတယ်။
မနေ့က မေလ ၁၄ ရက်မနက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဟာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အခြားမြို့တွေမှာလည်း မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်မှုတွေရှိခဲ့တာပါ။
#Dailynews

