ဂေထော
ရန်ကုန် -၂၀၂၀ ဖေဖော်ဝါရီ ၂၄ (မော်ကွန်း)
ရန်ကုန်လေဆိပ်မှ ဆူးလေသို့ ပြေးဆွဲနေသည့် အထူးယာဉ်လိုင်းများအားလုံးကို ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ပတ်အတွင်း ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးထွန်းထောက်ဝင်းက ပြောသည်။
လေဆိပ်-ဆူးလေယာဉ်လိုင်းသည် ရန်ကုန်ဘူတာကြီး၊ လေဆိပ်၊ အောင်မင်္ဂလာအဝေးပြေးနှင့် ဒဂုံဧရာအဝေးပြေးရောက်သည်အထိ ပြေးဆွဲနေခြင်းကြောင့် စီးနင်းသူ ပြည်တွင်းပြည်ပခရီးသည်အားလုံးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ထားရမည်ဟု သူကဆိုသည်။
“ သန့်ရှင်းရေးလုပ်ပြီးတော့ လေဆိပ်ကားအကုန်လုံးကို ပိုးသတ်ဆေးလုပ်ဖို့အတွက်ကို ကျွန်တော်တို့ စီစဉ်နေတယ်ဗျ”ဟု ၎င်းက ဆိုသည်။
ပုံမှန်ပိုးသတ်ဆေးဖျန်းမှုနှင့်ပတ်သက်ပြီး ယမန်နေ့က အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ခရီးစဉ်အမှတ် 8M – 802 ဖြင့် တောင်ကိုရီးယားနိုင်ငံ ၊ အင်ချွန်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ယမန်နေ့ နံနက် ၆ နာရီခွဲအချိန်၌ ပြန်ရောက်လာသော မြန်မာအမျိုးသားတစ်ဦးသည် လေဆိပ်မှ ဆူးလေသို့ထွက်ခွာမည့် OMNI FOCUS ယာဉ် ပေါ်ရောက်သည့်အခါ နေမကောင်းသဖြင့် ဆေးရုံပို့ပေးရန်ပြောဆိုခဲ့၍ လေဆိပ်ကျန်းမာရေးဌာနခွဲမှ လာရောက်ခေါ်ဆိုခဲ့ပြီး ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ခဲ့သည်။
၎င်းခရီးသည်ကို ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဝူဟန်ဗိုင်းရပ်သံသယမတွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာနကထုတ်ပြန်ခဲ့သည်။ ယာဉ်မောင်းကိုလည်း ကျန်းမာရေးဌာနက စစ်ဆေးခဲ့ပြီး ရောဂါပိုးမတွေ့ရှိခဲ့သော်လည်း ယင်းဘတ်စ်ကားကို ကျန်းမာရေးဌာနမှ ပိုးသတ်ဆေးဖျန်းပေးခဲ့ကြောင်း ဦးထွန်းတောက်ဝင်းက ရှင်းပြသည်။
“ ရေဆေးတာတို့ သန့်ရှင်းရေးလုပ်တာတို့ အမှိုက်သိမ်းတာတို့ လက်ကိုင်ကွင်းတွေ လက်ကိုင်တန်းတွေကအစ သန့်ရှင်းရေးလုပ်တာအစ ဒါတော့ ပုံမှန်လုပ်နေတဲ့အလုပ်ပေါ့ ဒါမယ့် ဒီလိုမျိုး ရောဂါပိုးတွေဘာညာဖြစ်လာတဲ့အခါ ကျွန်တော်တို့ဘက်ကလည်း ကြိုတင်ကာကွယ်ထားရမယ့် ပုံစံဖြစ်လာပြီလေ”ဟု သူက ပြောသည်။
လက်ရှိ၌ နေမကောင်းသည့် ခရီးသည်ကို တင်ဆောင်လာသည့် ဘတ်စ်ကားကို ပိုးသတ်ဆေးဖျန်းထားသည့်အတွက် ယာဉ်လိုင်းပြေးဆွဲမှုကို ယာယီရပ်နားထားကြောင်း Omni Focus ကုမ္ပဏီ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
#Dailynews