ပေါက်တော – ၂၀၂၅ ဖေဖော်ဝါရီ ၂၁ ( မော်ကွန်း)
အာရက္ခတပ်တော်(AA) သိမ်းထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နယ်နဲ့ကပ်လျှက်က ပေါက်တောမြို့ပေါ်နဲ့ ကျေးလက်ကို စစ်ကောင်စီက လေကြောင်းကနေ မနေ့တုန်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးသေဆုံးပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီက ပေါက်တောမြို့၊ ငပြီကျွန်း၊ ဆံတော်လျှင်ကျွန်းနဲ့ ပိန္နဲချောင်းကျွန်းပေါ်မှာရှိတဲ့ အနည်းဆုံး ရွာရှစ်ရွာကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေ့လယ်ခင်း တစ်နာရီခွဲလောက်မှာ အဲဒီနေရာတွေကို ဗုံးအလုံး ၅၀ နီးပါး ပစ်ချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” လူမနေသေးတဲ့ ပေါက်တောမြို့ထဲကိုလည်း ကြဲသွားတယ်။ ပြီးတော့ စစ်တွေနဲ့ နီးတဲ့ကျွန်းတွေကိုလည်းပတ်ပြီး တရစပ်ကြဲသွားတာ ။ အခု ဒဏ်ရာရထားတဲ့လူနာတွေထဲမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဒဏ်ရာပြင်းထန်သူတွေ ပါနေတယ်။ လိုအပ်တဲ့ဆေးဝါးတွေ၊ သွေးတွေ မသွင်းနိုင်ရင်တော့ စိုးရိမ်ရတယ်” လို့ ပြောပါတယ်။
လက်တလောမှာ စစ်တွေမြို့ပြင်က စစ်ကောင်စီတပ်စခန်းတွေကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ဒီမြို့သိမ်းတိုက်ပွဲမှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်တွေဟာ စစ်တွေမြို့ပတ်လည်က AA သိမ်းပြီးဖြစ်တဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲသလို လက်နက်ကြီးနဲ့ စစ်တွေမြို့တွင်းက လှမ်းပစ်ပြီး ခုခံနေတာပါ။
” စစ်တွေတိုက်ပွဲမှာ စစ်ကောင်စီက အထိနာနေတော့ သွေးရူးသွေးတမ်းနဲ့ အကုန်လုံးကို ရန်မူနေတာ။ စစ်တွေမြို့နယ်ထဲမှာက ပြည်သူတွေ စစ်ရှောင်နေကြတာဆိုတော့ လူမရှိဘူးလေ။ ဒါကြောင့် ပြည်သူတွေရှိတဲ့ တခြားမြို့နယ်အထိ လိုက်ပြီးကြဲနေတာ။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေက တဖြည်းဖြည်းပိုဆိုးလာနေပြီ။ မနိုင်တဲ့အဆုံး စိတ်ထင်ရာ လျှောက်လုပ်သွားမယ့် အထာမျိုးပဲ။ ကျွန်တော်တို့ပြည်သူတွေ အရမ်းကိုသတိကပ်ပြီး နေသင့်တယ်” လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောပါတယ်။
ဒီလ ၁၇ ရက်ကလည်း စစ်ကောင်စီဟာ စစ်တွေမြို့နဲ့ မြစ်တစ်စင်းခြားတဲ့ ပေါက်တောမြို့နယ်၊ သဲခုံရွာနဲ့ ငပြီကျွန်းရွာကို ပေါင် ၅၀၀ ဗုံး သုံးလုံးကြဲပြီး တိုက်ခိုက်ခဲ့ပါတယ်။
ဒီနှစ်စကနေ ယနေ့အထိ ရခိုင်မှာ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၄၅ ဦး သေဆုံးခဲ့ရပြီး ၉၀ ထိခိုက်ဒဏ်ရာရခဲ့တာကို မော်ကွန်းက သီးခြားပြုစုထားတဲ့ မှတ်တမ်းအရ သိရပါတယ်။
ပုံစာ- ပေါက်တောမြို့နယ်ကို စစ်ကောင်စီဗုံးကြဲချမှုအတွင်း ဒဏ်ရာရရှိသွားသူတစ်ဦး
ဓါတ်ပုံ- APM

