ရေဦး – ၂၀၂၁ ဒီဇင်ဘာ ၂၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမျက်ရွာမှာ စစ်ကောင်စီက ရဟတ်ယာဥ်နဲ့ပါ ပစ်ခတ်လို့ တိမ်းရှောင်နေရတဲ့ရွာသူရွာသားများ အကူအညီတွေလိုအပ်နေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
မနေ့က ရေဦးမြို့နယ် ရေမျက်ရွာကို စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာကြောင့် ကျေးရွာအတွင်း လူနေအိမ် အများအပြား မီးလောင်ပျက်စီးခဲ့ပါတယ်။
ကျေးရွာနေပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ ရာသီဥတုအေးလွန်းတဲ့ကာလဖြစ်တာကြောင့် စောင်၊ အနွေးထည်၊ အရေးပေါ်တဲများ လိုအပ်နေပြီး စားနပ်ရိက္ခာအခက်အခဲတွေလည်း ကြုံတွေ့နေရကြောင်း ဒေသခံကပြောပါတယ်။
မတိမ်းရှောင်နိုင်လို့ ရွာထဲကျန်ခဲ့တဲ့သူတချို့လည်း ဒဏ်ရာများရထားကြပြီး အပြင်ထွက် ဆေးကုသခွင့်မရဘဲ ဒုက္ခရောက်နေကြောင်း ဒေသခံက ပြောပါတယ်။
“အိမ်တွေကတော့ဘယ်လောက်ပျက်စီးတယ်မသိရသေးဘူး။ မီးခိုးလုံးတွေက ဆယ်မိုင်ဝန်းကျင်လောက်ကကိုမြင်ရတယ်။ ရွာထဲပိတ်မိနေတဲ့သူတွေလည်းရှိနေတယ်”လို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း ရေဦးမြို့နယ် ဝသဲကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားများဟာ ရွာထဲက အိမ်တွေကိုမွှေနှောက်ပြီး ချက်ပြုတ်ထားတဲ့ ထမင်းဟင်းတွေကို ခိုးယူ စားသောက်သွားခဲ့ပါတယ်။
ဒါအပြင် အိမ်တစ်အိမ်ထဲက ငွေသား ၁၁သိန်းကျော် ယူဆောင်သွားတာ၊ အဝတ်အစားနဲ့စျေးဆိုင်တွေက ပစ္စည်းတွေကို ဖောက်ထွင်းယူသွားတာ၊ အိမ်မွေးကြက်တွေကို ဖမ်းသွားတာတွေ ပြုလုပ်သွားကြောင်း နယ်ခံတွေဆီက သိရပါတယ်။
ဒါ့အပြင် အဲဒီနေ့ ညနေ ၅:၄၀အချိန်မှာလည်း ကံပေါက်ကျေးရွာမှာ ညအိပ်တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဟာ ပန်းကုံးစိုက်ပျိုးရေးခြံအနောက်ဘက်ရှိ KTV ကို ဝင်ရောက်မွှေနောက်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။
ပုံစာ – စစ်ကောင်စီအဖွဲ့က ရေမျက်ရွာအား မီးရှို့နေချိန် အဝေးမှ မြင်တွေ့ရစဉ်။
ဓာတ်ပုံ – ဒေသခံ
#Dailynews

