ဂေထော
ဒီဇင်ဘာ ၁၆
မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများ၌ စီမံကိန်းများဆောင်ရွက်ရာတွင် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်ခဲ့ရမှုများတွင် အဓိကပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုနိုင်သည့် တရားစီရင်ရေး ယန္တရား တစ်ရပ် အမြန်ဆုံးဖော်ဆောင်ပေးရန် ဖက်ဒရယ်တိုင်းရင်းသားတောင်သူလယ်သမားများကွန်ရက် (FEFN) က ယနေ့ ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားဒေသများတွင် ဖော်ဆောင်နေသည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများကြောင့် ဒေသခံများ၏ မြေယာပိုင်ဆိုင်မှုများ သိမ်းယူခံရခြင်းနှင့် ကျေးရွာများမှ အတင်းအဓမ္မဖယ်ရှားခံရခြင်းအပြင် တောင်သူလယ်သမားများကို တရားစွဲဆို ထောင်ချ ခြင်းများရှိနေခြင်းကြောင့် နိုင်ငံရေးပါတီများ ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရထံ စာတင်ခဲ့သော်လည်း ဖြေရှင်း မပေးခြင်းကြောင့် လျစ်လျူရှုခံရသည့် ခံစားချက်ဖြစ်နေကြောင်း ကချင်ပြည်နယ်မှ FEFN အဖွဲ့ဝင် ဦးအောင်လတ်က ဆိုသည်။
“ အဲဒါကို အစိုးရအနေနဲ့ အရေးယူပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ တိုင်းရင်းသားများရဲ့ခံစားချက်များ၊ တိုက်ရိုက်ဥပဒေချိုးဖောက်မှုများကို တရားစီရင်ပေးနိုင်တဲ့ အခန်းကဏ္ဍကို ပီပီပြင်ပြင် ထားရှိပေးဖို့ လုပ်ဆောင်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုတာဖြစ်တယ်” ဟု ဦးအောင်လတ်က ပြောသည်။
ဒါ့အပြင် မြန်မာ့တပ်မတော်မှ တောင်သူလယ်သမားများ၏ ဘဝအခြေအနေကို သိရှိနားလည် ကိုယ်ချင်းစာပြီး ဥပဒေပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုမှုများကိုလည်း ပြန်လည်ရုတ်သိမ်းပေးရန်လည်း တောင်းဆိုထားသည်။
တိုင်းရင်းသားဒေသများတွင် အကြီးစားစီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေများ အရသော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးများ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၂၀၁၅) ပုဒ်မ (၅) အရသော်လည်းကောင်း စီမံကိန်းအကြောင်းအရာများကို သက်ဆိုင်ရာ ဌာနေတိုင်းရင်းသားများအား ပြည့်စုံတိကျစွာ ကြိုတင်ချပြအသိပေး၍ ညှိနှိုင်းသဘောတူညီမှုရမှသာ လုပ်ငန်းများကို ဖော်ဆောင်သွားရမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဖက်ဒရယ်တိုင်းရင်းသား တောင်သူလယ်သမားများကွန်ယက် (FEFN) သည် ကချင်၊ ကယား (ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင် နှင့် ရှမ်းပြည်နယ်ရှိ တောင်သူလယ်သမားကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး တိုင်းရင်းသားများ၏ ဓလေ့ထုံးတမ်း မြေယာကျင့်သုံးမှုကို တိုင်းရင်းသားများကိုယ်တိုင် ဥပဒေတစ်ခုအဖြစ် ပြဌာန်းပေးပြီး မိမိဒေသကို မိမိတို့ စီမံခန့်ခွဲနိုင်သည့် ဖက်ဒရယ်မြေယာစနစ်တစ်ခု ပေါ်ထွန်းလာရေးအတွက် ဖွဲ့စည်းထားသော ကွန်ရက်တစ်ခုဖြစ်သည်။
#mawkun #magazine #chronicle #dailynews