လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၁၆ ဦးတွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါ၀င်မည်

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း ၁၆ ဦးတွင် အမျိုးသမီး ၅၀ ရာခိုင်နှုန်းပါ၀င်မည်

သဇင်လတ်
ရန်ကုန် – သြဂုတ် ၁၁(မော်ကွန်း)

လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)မှ ကိုယ်စားလှယ်လောင်း ၁၆ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသမီးကိုယ်စားလှယ် ၅၀ ရာခိုင်နှုန်းပါဝင်သည်ဟု ပါတီဌာချုပ်မှ ထုတ်ပြန်သည်။

သတ်မှတ်ထားသည့် ကိုယ်စားလှယ်လောင်းအရည်အချင်းတူနေလျင် လူငယ်၊ အမျိုးသမီး ၊ တိုင်းရင်းသား၊ တက်ကြွလှုပ်ရှားသူများနှင့် လူနည်းစု/လူမျိုးစုကိုယ်စားလှယ်လောင်းများကို ဦးစားပေးရွေးချယ်ခြင်းဖြစ်သဖြင့် အမျိုးသမီးကိုယ်စားလှယ်လောင်း ငါးဆယ်ရာခိုင်နှုန်းဖြစ်ရခြင်းဖြစ်သည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) ကပြောသည်။

“ပါတီ၀င်ဖြစ်ရမယ်၊ ပါတီရဲ့မူ၀ါဒတွေလုပ်ငန်းစဉ်တွေ မဟာမိတ်ဆက်ဆံတဲ့လူတွေကိုအာမခံနိုင်ရမယ်၊ ပြည်သူကိုအလုပ်အကျွေးပြုနိုင်ရမယ်၊ ဒေသဆိုင်ရာပြည်သူလူထုရဲ့တစ်စုံတရာယုံကြည်ကိုးစားခြင်းခံရတဲ့ သူတွေဖြစ်ရမယ်၊ နိုင်ငံ‌ရေးစီးပွားလူမှုရေးနယ်ပယ်တွေမှာကျွမ်းကျင်နှံ့စံ့တဲ့တစ်စုံတရာရှိရမယ် ဆိုပြီးတော့ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ထားတယ်”ဟု ၎င်းကရှင်းပြသည်။

ကိုယ်စားလှယ်လောင်းအဖြစ်၀င်ရောက်ယှဉ်ပြိုင်ရန်လျှောက်ထားသူ ၅၀ ဦးခန့်ရှိခဲ့ပြီး ပါတီကသတ်မှတ်ထားသည့်အရည်အချင်းနှင့်ပြည့်စုံသူ ၁၆ ဦးသာရွေးချယ်ခဲ့ပြီး အမျိုးသမီးကိုယ်စားလှယ် လောင်းရှစ်ဦး၊ လူငယ်ကိုယ်စားလှယ်လောင်း သုံးဦးနှင့် လူနည်းစု/လူမျိုးစုကိုယ်စားလှယ်လောင်းငါးဦး ပါ၀င်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင်လည်း ကိုယ်စားလှယ်လောင်း ၂၁ ဦး၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရွေးချယ်ခံရသူမရှိခဲ့ပေ။

၂၀၂၀ ရွေးကောက်ပွဲတွင်တော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ ခြောက်ဦးနှင့် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာ အတွက် ၁၀ ဦးတို့က ရန်ကုန်၊ မန္တလေးနှင့် ဧရာ၀တီတိုင်းဒေသကြီးတို့တွင်၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ တွင်ကျောင်းသားသမဂ္ဂများခေါင်းဆောင်များကဖွဲ့စည်း၍ ပေါ်ပေါက်လာသောပါတီတစ်ခုဖြစ်ပြီး ၁၉၉၁ တွင်မတရားအသင်းအဖြစ်ကြေညာခြင်းခံရကာ ပါတီဖျက်သိမ်းခဲ့ရပြီးနောက် ၂၀၁၄ တွင်ပါတီမှတ်ပုံတင်ခွင့်ပြန်လည်ရရှိခဲ့သည်။

Photo by လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."