မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၉ မှ သတင်းဆောင်းပါးဖြစ်ပါသည်။
အောင်ပိုင် ရေးသည်။
မှတ်ပုံတင်မရှိသေးတဲ့ သားဖြစ်သူ ဘွဲ့ယူခါနီးပြီဖြစ်တာကြောင့် ဦးညီကျော်ဟာ ပြီးခဲ့တဲ့ဧပြီလက မှတ်ပုံတင်လုပ်ဖို့ စတင်ကြိုးစားခဲ့ပါတယ်။ မှတ်ပုံတင်မရှိဘဲ ကျောင်းတက်လို့ရခဲ့ပေမယ့် ဘွဲ့လက်မှတ်ကတော့ မှတ်ပုံတင်ရှိမှ ထုတ်ယူနိုင်တာကြောင့်ပါ။
ဒါကြောင့် ဥပဒေနဲ့အညီ၊ အထောက်အထားအပြည့်အစုံနဲ့ သူတို့နေထိုင်ရာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်က လဝကရုံးကိုသွားရောက် လျှောက်ထားခဲ့ပါတယ်။
ကိုးကွယ်ရာဘာသာမှာ အစ္စလာမ်ဖြစ်နေတာကြောင့် လူမျိုးနေရာမှာ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တစ်ခုမဟုတ် တစ်ခုထည့်သွင်းရမယ်လို့ မြို့နယ်ဦးစီးအရာရှိက ပြောတယ်လို့ သူကဆိုပါတယ်။ မြို့နယ်အဆင့်မှာတင် မပြီးပြတ်နိုင်ဘဲ ခရိုင်အဆင့်၊ တိုင်းအဆင့်ထိ အမှုတွဲကို တင်ဖို့လိုလိမ့်မယ်လို့လည်း ဆိုလာပါတယ်။
ဒီအခါမှာ ဦးညီကျော်က အစ္စလာမ်ဘာသာဝင်ဖြစ်ရင် ဗမာလူမျိုးမဟုတ်တော့ဘဲ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ် စတဲ့တခြားနိုင်ငံက လူမျိုးတွေလို့ ဘာကြောင့်ပြောနိုင်တာလဲ၊ ဘယ်ဥပဒေနဲ့ သတ်မှတ်တာလဲ၊ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေက ဘယ်လိုမျိုး စတဲ့မေးခွန်းတွေကို တရစပ်မေးပါတော့တယ်။
မြို့နယ်ဦးစီးအရာရှိက ဒါဟာညွှန်ကြားချက်သာဖြစ်ပြီး သူဟာ အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေအတိုင်းသာလုပ်ဖို့ တာဝန်ရှိကြောင်းသာ ပြန်ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေလဲဆိုတာ ဘာတစ်ခုမှ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဦးညီကျော်တို့မျိုးရိုးဟာ အင်းဝခေတ်ကတည်းက မူးမြစ်ဝှမ်းမှာ နေထိုင်ခဲ့တဲ့ မြေဒူးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် ၁၉၇၃ မှာ ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက “ပုံစံရေးသွင်းရန် ညွှန်ကြားချက်” စာအုပ်ကို ပြုစုထုတ်ဝေခဲ့ရာ တိုင်းရင်းသား ၁၄၄ မျိုး စာရင်းရဲ့ အမှတ်စဉ် ၁၄၁ မှာ “မြေဒူး” ပါဝင်ခဲ့ပါတယ်။
၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ ပြဋ္ဌာန်းပြီးတဲ့နောက် အစိုးရက သတ်မှတ်လိုက်တဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ တော့မြေဒူးဟာ မပါဝင်တော့ပါဘူး။ ဒါပေမဲ့ မြေဒူးကို လဝကက မှတ်ပုံတင်ထုတ်ပေးတဲ့အခါ ဗမာလူမျိုးနဲ့ပဲ ထုတ်ပေးခဲ့ပါတယ်။
ဦးညီကျော်နဲ့ သူ့ဇနီးဟာ ဗမာလူမျိုး၊ အစ္စလာမ်ဘာသာဆိုတဲ့ နိုင်ငံသားစိစစ်ရေးကတ်ကို ကိုင်ဆောင်ခဲ့ရပါတယ်။ ဦးညီကျော်ရဲ့ ဖခင်ဆိုရင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်က စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာ တင်းပြည့်ပါတီဝင်တစ်ဦးဖြစ်ခဲ့သူပါ။
သူတို့ မိသားစုတွေအားလုံးရဲ့ အိမ်ထောင်စုဇယားနဲ့ မျိုးရိုးစဉ်ဆက်ဇယားမှာ ဗမာလူမျိုးတွေသာ ဖြစ်ပါတယ်။ သူ့သား အလှည့်မှာတော့ လူမျိုးနေရာမှာ ဗမာလူမျိုးနဲ့အတူ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် တစ်ခုမဟုတ် တစ်ခု ပေါင်းထည့်ပေးမှသာ နိုင်ငံသားစိစစ်ရေးကတ် ရနိုင်မယ်လို့ လဝကအရာရှိက ဆိုလာတာပါ။
ဦးညီကျော်ကတော့ သူ့သားရဲ့ မှတ်ပုံတင်ကတ်ထဲ သူတို့အိမ်ထောင်စုဇယား မှာမပါတဲ့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် စတဲ့လူမျိုးတစ်ခုခုပါလာရင်မယူနိုင် ကြောင်း စာတင်ခဲ့ပါတယ်။
လက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေမှာ နိုင်ငံသားဖြစ်ခြင်းကို နိုင်ငံတော်မှာပါဝင်တဲ့ နယ်မြေ တစ်ခုခုမှာ ၁၈၂၃ မတိုင်မီကတည်းက နေထိုင်ခဲ့တဲ့ တိုင်းရင်းသားမျိုးနွယ်စုများဟာ မြန်မာနိုင်ငံသားဖြစ်တယ်လို့သာ ပါဝင်ပြီး ကိုးကွယ်တဲ့ဘာသာနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိပါဘူး။
ဦးညီကျော်က နိုင်ငံတော်အဆင့် တာဝန်ရှိသူတွေက မှတ်ပုံတင်အကြောင်းပြောတဲ့အခါ လာဘ်ပေးလာဘ်ယူ တစ်ခုတည်းကြောင့် အဆင်မပြေဖြစ်ရတယ်လို့ ထင်နေတာဟာ နားလည်မှုလွဲနေတာဖြစ်ပြီး တကယ်တမ်းက လာဘ်ပေးလာဘ်ယူ ကိစ္စတစ်ခုတည်းကြောင့်မဟုတ်ဘဲ ကိုးကွယ်ရာဘာသာနဲ့ ရုပ်အသွင်အပြင်ကြောင့် မှတ်ပုံတင်လုပ်ရတာ အဆင်မပြေ ဖြစ်နေတာလို့ ဆိုပါတယ်။
“မှတ်ပုံတင်မရတာ မဟုတ်ဘူး။ ရတယ်။ ဒါပေမဲ့ အမှန်တိုင်းမရရင်၊ ဥပဒေနဲ့ အညီမရရင် မယူဘူး။ လာဘ်ငွေလည်းပေးဖို့ အစီအစဉ်မရှိဘူး” လို့ သူကပြောပါတယ်။
ဦးညီကျော်ကြုံနေရသလို နိုင်ငံသားအဖြစ် မှတ်ပုံတင်နိုင်ရေး အခက်အခဲကြုံနေရတာဟာ ဥပဒေကို တလွဲသုံး နေတာဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ ခွဲခြားဆက်ဆံခံရခြင်းဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောကြပါတယ်။
လက်ရှိ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ နိုင်ငံသားဖြစ်ခြင်းမှာ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူနဲ့ အခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းတဲ့နေ့မှာ ဥပဒေအရနိုင်ငံသားဖြစ်ပြီးသူလို့ သတ်မှတ်ထားပြီး လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု ခွဲခြားမှုမရှိစေရလို့ ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
Photo – Aung Py
လဝက ထုတ်ပေးတဲ့ နိုင်ငံသားပြုခွင့်လက်မှတ် NVC ကတ်၊ ပြုနိုင်ငံသားကဒ်၊ နိုင်ငံသားစိစစ်ရေးကတ်
ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်ရဲ့ အထွေထွေအတွင်းရေးမှူး၊ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က “ကိုးကွယ်တဲ့ဘာသာကို အကြောင်းပြုပြီးတော့ တိုင်းရင်းသားကိုလည်းဖိနှိပ်ချုပ်ချယ်တယ်။ တိုင်းရင်းသား မဟုတ်တဲ့ သူတွေကို ပိုပြီးတော့ ဖိနှိပ်ချုပ်ချယ်ခွဲခြားဆက်ဆံတယ်။ ဒါကြောင့် နိုင်ငံသားဆိုင်ရာ အခက်အခဲပြဿနာတွေ ယနေ့ ပေါ်ပေါက်နေတာဖြစ်တယ်” လို့ သူ့စားပွဲမှာ တင်ထားတဲ့ မှတ်ပုံတင်ရရှိရေးအမှုတွဲဖိုင် အထပ်လိုက်ကို ညွှန်ပြရင်း ပြောပါတယ်။
၂၀၁၄ မြန်မာနိုင်ငံပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မည်သည့်အသိ အမှတ်ပြုကတ်မှ မရှိသူဟာ အသက် ၁၀ နှစ်နှင့်အထက် လူဦးရေရဲ့ ၂၇.၃ ရာခိုင် နှုန်း၊ နိုင်ငံသားစိစစ်ရေး ကတ်ကိုင်ဆောင် သူ ၆၉. ၃ ရာခိုင်နှုန်း၊ နိုင်ငံသားပြုခွင့်ရသူ ကတ်ကိုင်ဆောင်သူ ဝ.၄ ရာခိုင်နှုန်း၊ ဧည့်နိုင်ငံသား ကတ်ကိုင်ဆောင်သူ ဝ.၁ ရာခိုင်နှုန်းရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း မှာ မည်သည့်အသိအမှတ်ပြု ကတ်ပြားကိုမှ ကိုင်ဆောင်မထားသူ အသက် ၁၀ နှစ်နဲ့ အထက် လူဦး ရေဟာ ၁၁ ဒဿမ ၂ သန်းကျော် ရှိနေတာပါ။
ဘယ်လိုစိစစ်ဆောင်ရွက်နေသလဲ
ကျောက်မဲမြို့နယ် လဝကဦးစီးအရာရှိ ဦးဝင်းထိန်က နိုင်ငံသားစိစစ်တဲ့အခါမှာ ၁၉၈၂ နိုင်ငံသားဥပဒေမှာပါတဲ့ ပုဒ်မနှစ်ခုနဲ့ စိစစ်ရတာဖြစ်တယ်လို့ ဆိုပါ တယ်။ ပုဒ်မ ၅ အရ နိုင်ငံတော်မှာ ပါဝင်တဲ့ နယ်မြေတစ်ခုခုမှာ ၁၈၂၃ မတိုင်မီက တည်းက နေထိုင်ခဲ့တဲ့ တိုင်းရင်းသား မိဘနှစ်ပါးက မွေးဖွားလာတဲ့ မွေးရာပါ နိုင်ငံသားနဲ့ ပုဒ်မ ၇ အရ တိုင်းရင်းသားမဟုတ်တဲ့ ဥပဒေအရဖြစ်တဲ့ နိုင်ငံသားဆိုပြီး စိစစ်တာလို့ဆိုပါတယ်။
ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းတွေအရဆိုရင် တိုင်းရင်းသားဖြစ်တဲ့ မွေးရာပါ နိုင်ငံသားဆိုပါက မြို့နယ်ဦးစီးအဆင့်က စိစစ်လက်မှတ်ထိုးပေးတာလို့ သူက ရှင်းပြပါတယ်။ ပုဒ်မ ၇ သတ်မှတ် ချက်မှာပါဝင်တဲ့ တိုင်းရင်းသားမဟုတ်တဲ့ လူမျိုးတွေနဲ့ ပေါင်းစပ် ပေါက်ဖွားလာတဲ့ သူတွေကိုတော့ ခရိုင်လဝကရုံးကို အမှုတွဲ ပို့ကာ ခရိုင်လဝကဦးစီးက စိစစ်လက်မှတ် ထိုးရတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။
ဒီညွှန်ကြားချက်ဟာ ဥပဒေနဲ့အညီ လုပ်ဆောင်ရတာဖြစ်ပြီး ကိုးကွယ်တဲ့ဘာသာကို ကြည့်ပြီး စိစစ်တာမဟုတ်ဘူးလို့ သူက ငြင်းဆိုပါတယ်။
“တချို့တလေက တိုင်းရင်းသားလိုလို ဘာလိုလိုနဲ့ ဖုံးကွယ်တာတွေရှိလာတဲ့အခါ ရုပ်အသွင်အပြင်ကို ကြည့်ပြီး သံသယဝင်တာ” လို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် လဝကရုံးမှာ လက်ထောက်မြို့နယ်မှူး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ အငြိမ်းစား လဝက အရာရှိတစ်ဦးက သူတာဝန်ထမ်းဆောင်စဉ်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှာ တည်ဆဲဥပဒေတွေနဲ့ မညီတဲ့ ညွှန်ကြားစာတွေ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သူ့အမည်ကိုတော့ ထုတ်ဖော်မရေးသားဖို့ မေတ္တာရပ်ခံထားပါတယ်။ အဲဒီညွှန်ကြားချက်တွေအရ ဥပဒေမှာမပါတဲ့ မှတ်ပုံတင်လျှောက်ထားသူရဲ့ ဥပဓိရုပ်နဲ့ အထောက်အထားကို ကြည့်ပြီး တိုင်းရင်းသားထဲပါမပါ စစ်ဆေးတာ၊ မပါရင် သွေးနှောလို့ သတ်မှတ်တာ၊ အမှုတွဲတွေကို ခရိုင်အဆင့်၊ တိုင်းအဆင့်ပို့တာ၊ ကိုးကွယ်ရာဘာသာအပေါ် မူတည်ပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလား ဒေ့ရှ်စတဲ့လူမျိုးတွေ တွဲထည့်ကြတာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။
“ဒါတွေဟာ ဥပဒေမှာ မပါဘူး။ ညွှန်ကြားစာတွေက ပြည်သူကိုချမပြဘဲ ဌာနတွင်းမှာသာ လိုက်နာဆောင်ရွက်ရ တာ” လို့ သူက ပြောပါတယ်။
သူတာဝန်ယူခဲ့တဲ့ ၁၉၉၅ ဝန်းကျင်တုန်းက ဒီညွှန်ကြားစာတွေကို ရုံးဝန်ထမ်းတွေ အားလုံးဖတ်ရ၊ လိုက်နာခဲ့ရပြီး ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ မညီကြောင်း စောဒကတက်ခဲ့တဲ့ ဝန်ထမ်းတချို့ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဘယ်အထက်အရာရှိကမှ အရေးတယူလုပ်တာမရှိဘဲ အဆင်ပြေသလိုဆောင်ရွက်ဖို့သာ တုံ့ပြန်ခဲ့ကြတယ် လို့ သူကပြောပါတယ်။
သူ ၂၀ဝ၇ မှာ အငြိမ်းစားယူပြီး နောက်ပိုင်းမှာတော့ ဒီညွှန်ကြားစာကို ဝန်ထမ်းအားလုံးဖတ်ခွင့်မရတော့ဘဲ မြို့နယ်လဝကဦးစီးအရာရှိကပဲ ဖတ်ခွင့်ရပြီး လုပ်ပိုင်ခွင့်ရထားနေဆဲပဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အငြိမ်းစား လဝက လက်ထောက်မြို့နယ်မှူးက ဆိုပါတယ်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုး အောင်ကလည်း လဝကရုံးရဲ့ “မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်” ဆိုတဲ့ ဆောင်ပုဒ်က ခွဲခြားဆက်ဆံတဲ့ သဘောဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီဆောင်ပုဒ်ဟာ ဗမာ၊ ဗုဒ္ဓဘာသာမဟုတ်ရင် မလာရဘူးဆိုတဲ့ လဝကဌာနရဲ့ စိတ်ဆန္ဒကို ပေါ်လွင်နေစေတယ်လို့ သူကပြောပါတယ်။ ဒါကြောင့် ကိုးကွယ်ယုံကြည် မှုပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ စုပေါင်း ထားတဲ့နိုင်ငံမှာ ဒီဆောင်ပုဒ်ကို ဖြုတ်သင့်တယ်လို့ သူက မှတ်ချက်ပြုပါတယ်။
မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြည်နယ်ဒေသတွေမှာ မှတ်ပုံတင်လျှောက်တဲ့အခါ မျိုးရိုးစဉ်ဆက်ဇယားမှာမပါတဲ့ လူမျိုးတွေ ဖြစ်သွားတာ ရှိနေတယ်လို့ဆိုပါတယ်။
“မွန်ကနေ ဗမာဖြစ်သွားတာ၊ ကရင်ကနေ ဗမာဖြစ်သွားတာ၊ ရှမ်းကနေ ဗမာဖြစ်သွားတာ၊ တမီးလ်ကနေ ဘင်္ဂါလီ ဖြစ်သွားတာမျိုး” လို့ သူက ရှင်းပြပါတယ်။
နောက်ပြီး ဗမာမဟုတ်တဲ့ အခြားတိုင်းရင်းသားနာမည်တွေရှေ့မှာ ဦး၊ ဒေါ်၊ မောင်၊ မ စတဲ့ အသုံးအနှုန်းတွေ ထည့်ပေးနေတာ၊ မှားယွင်းနေလို့ ပြန်ပြောင်းတဲ့အခါ ပြောင်းမပေးတာတွေလည်း ရှိနေဆဲပဲ လို့သူက ဆိုပါတယ်။
ဥပမာအားဖြင့် မွန်လူမျိုးတွေရဲ့ တိုင်းရင်းသားနာမည်အစဖြစ်တဲ့ နိုင်၊ မိ စတာတွေရှေ့မှာ ဗမာအသုံးအနှုန်းဖြစ်တဲ့ ဦး၊ ဒေါ် စတာတွေထည့်ပေးလိုက်တာဟာ မူလတိုင်းရင်းသားတွေရဲ့ ဖြစ်တည်မှုကို ပျောက်ကွယ်စေတယ်လို့ ဒေါက်တာ အောင်နိုင်ဦးက ထောက်ပြပါတယ်။
Photo – Thet Oo Mon
အင်းစိန်မြို့နယ် လဝကရုံး
တချို့က မှတ်ပုံတင်ရရင်ပြီးရော နေလိုက်တာရှိပေမယ့် တချို့ကတော့ သူတို့ရဲ့ ကိုယ်စားပြုမှု၊ ဖြစ်တည်မှုတွေ ပျောက်ဆုံးသွားတာကို လက်မခံနိုင်တာကြောင့် စောဒကတက်ကြတာမျိုး ရှိလာတယ်လို့ သူကပြောပါတယ်။ လက်မခံ နိုင်သူတချို့က ရုံးရောက်ခါမှ သူ့ကို ဆက်သွယ်ပြောဆိုလာကြတဲ့အခါ အလေးထား ဆောင်ရွက်ပေးဖို့ မြို့နယ်လဝက ဦးစီး အရာရှိတွေကို ပြောမှသာ အဆင်ပြေသွား တာမျိုး ရှိတယ်လို့ဆိုပါတယ်။
“ကျွန်တော် မသိလိုက်လို့၊ အဆင် မပြေတဲ့လူတွေ အများကြီးရှိနေတယ်”လို့ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။
ဒါဟာ လဝကက တိုင်းရင်းသား လက္ခဏာတွေကို အလေးမထားတာ ဖြစ်နိုင်သလို အားလုံးကို တပြေးညီဖြစ်အောင် လုပ်တာလည်းဖြစ်နိုင်တယ်လို့ သူကယူဆပါတယ်။ အစိုးရဘက်ကလည်း အလေးထားဖို့ မူဝါဒတွေ၊ လုပ်ထုံး လုပ်နည်းတွေ သေချာချမှတ်ထားတာမရှိဘူးလို့ ပြောပါတယ်။
“လဝကရဲ့ မြေမျိုလို့ လူမျိုးမပျောက်၊ လူမျိုလို့ လူမျိုးပျောက်မည်” ဆောင်ပုဒ်က လဝကမျိုလို့ လူမျိုးပျောက်မလို ဖြစ်နေတယ်ဆိုတာ ကျွန်တော်ပြောရဲတယ်” လို့ သူကမှတ်ချက်ပေးပါတယ်။
ဘယ်လိုခွဲခြားဆက်ဆံခံနေရလဲ
ဖက်ဒရယ်ဒီမိုကရက်တစ်အင်အားစု ဦးဆောင်တည်ထောင်သူ ဦးမြအေးက “ဦးနေဝင်းလက်ထက်က ဗမာလူမျိုး တွေမှာ အစ္စလာမ်ကိုးကွယ်သူ မရှိရဘူးဆိုတဲ့ အတွေးအခေါ်ကအစပြုပြီး မွတ်စလင်တွေကို ခွဲခြားဆက်ဆံဖို့ ဖြစ်လာခဲ့တယ်” လို့ပြောပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံဟာ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင်တွေနဲ့ပဲ တည်ဆောက်ခဲ့တာမဟုတ်ဘဲ အစ္စလာမ် ကိုးကွယ်သူတွေလည်း ပါဝင်ခဲ့တယ်ဆိုတာ သမိုင်းမှာ အထင်အရှားရှိနေခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်း လုလင်) က ၂၀၁၆ မှာ ပြုစုထုတ်ဝေတဲ့ ‘ပြည်ထောင်စုသားမွတ်စလင်များ’ စာအုပ်မှာ အစ္စလာမ်ဘာသာဝင်များဟာ ပုဂံနေပြည်တော်သို့ ပထမမြန်မာ အင်ပါယာ မထူထောင်ခင်ကပင် ရောက်နေခဲ့ပြီး ပုဂံခေတ်ကျောက်စာတွေအရလည်း ပုဂံလူ့အဖွဲ့အစည်းမှာ ဒေသခံမွတ်စလင်များ ဖြစ်ကြတဲ့ ပသီနဲ့ ပန်းသေးတွေ ရှိခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ပင်လုံစာချုပ်ချုပ်ဆိုတဲ့အခါမှာလည်း ဗမာမွတ်စလင် ဦးဖေခင်မှာ တောင်တန်းဒေသ အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ရသူဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။
ဒါကြောင့် မြန်မာပြည်မှာ ဗမာ၊ ဗုဒ္ဓဘာသာမဟုတ်တာနဲ့ တပြိုင်နက်တည်း ဧည့်သည်ဆိုတဲ့ အတွေးအခေါ်တွေ နဲ့ ချဉ်းကပ်တာ၊ မြင်တာတွေ အားလုံးဟာ လွဲမှားနေပြီး ခွဲခြားဆက်ဆံသလို ဖြစ်နေတယ်လို့ ဦးမြအေးက ရှင်းပြပါတယ်။
“Passport ရုံး (နိုင်ငံကူးလက် မှတ်ထုတ်ပေးရေးရုံး) ကိုသွားကြည့်လိုက်၊ သွေးနှောဖြစ်တယ်၊ ဘာသာခြား ဖြစ်တယ်ဆိုတာနဲ့ လဝကအရာရှိနဲ့ဝင်တွေ့ဖို့ သပ်သပ်တန်းစီနေရတဲ့လူတွေ အများကြီးကို တွေ့ရလိမ့်မယ်” လို့ သူက ပြောပါတယ်။
မော်ကွန်းက နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို သွားရောက်လေ့လာခဲ့စဉ်မှာတော့ လျှောက်လွှာတင်ဖို့ ကောင်တာ ၁၁ ခုကို နံပါတ်စဉ်အလိုက် ဖွင့်ထားတာ တွေ့ရပြီး တစ်တန်းစီတိုင်းမှာ ရာနဲ့ချီတဲ့လူတွေဟာ ကိုယ့်အလှည့်ရောက်ရေးကို မျှော်လင့်တကြီးနဲ့ တန်းစီစောင့်ဆိုင်းနေကြတာကို တွေ့ရပါတယ်။
ကောင်တာ နံပါတ် ၁၁ ရဲ့ ညာဘက် ဘေးအစွန်မှာတော့ ကောင်တာတစ်ခုစီမှာ တန်းစီနေတဲ့ လူတန်းထက် နှစ်ဆ လောက် ပိုမိုရှည်လျားတဲ့ လူတန်းတစ်ခုကို တွေ့ရပါတယ်။ လူတန်းရှေ့မှာ ဘာနံပါတ်မျှရေးမထားဘဲ လဝက ဦးစီးအရာ ရှိလို့သာ စာကပ်ထားတဲ့ မှန်အနက်ရောင် အလုံခန်းတစ်ခုရှိပါတယ်။ အဲဒီလူတန်း ကြီးကတော့ ဗမာ၊ ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံသားကတ်ကို ကိုင်ဆောင်ထားသူတွေပဲ ဖြစ်ပါတယ်။
အသက် ၃၀ အရွယ် ကိုနိုင်စိုးဆိုရင် အဲ့ဒီလူတန်းထဲ တန်းစီခဲ့ရသူပါ။ သူဟာ ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီး၊ ဒီနိုင်ငံမှာပဲ ကျောင်းတက်၊ ဒီနိုင်ငံမှာပဲ ဘွဲ့ယူထားတဲ့ အိန္ဒိယလူမျိုး၊ ဗုဒ္ဓဘာသာဝင် ပြုနိုင်ငံသားကတ်ကိုင်ဆောင်ထားတာပါ။
စက်တင်ဘာလထဲမှာပဲ သူ့ရဲ့မိတ်ဆွေ ဗမာလူမျိုး၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်နဲ့အတူ နိုင်ငံကူးလက်မှတ် ထုတ် ပေးရေးရုံးမှာ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးထဲကို အတူဝင်သွားပြီး အတူတန်းစီခဲ့ကြပေမယ့် ကိုနိုင်စိုး အလှည့် ရောက်တဲ့အခါမှာတော့ သူ့ရဲ့ရုပ်သွင်နဲ့ မှတ်ပုံတင်ကိုကြည့်ပြီး “ဒီမှာလက်မခံဘူး။ ဟိုဘက်မှာ တန်းစီရမယ်” လို့ ဘေးအစွန်ဆုံးက လူတန်းကို ညွှန်ပြရင်း ကောင်တာက တာဝန်ရှိသူက ဆိုပါတယ်။
ဒါကြောင့် ကိုနိုင်စိုးဟာ သူညွှန်ပြတဲ့ လူတန်းမှာ နှစ်နာရီလောက်ကြာ သွားရောက်တန်းစီခဲ့ပြီးမှ လဝက အရာရှိနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။
“ဘယ်သူတွေက ဘယ်မှာတန်းစီရမယ်လို့ ဘာစာမှရေးထားတာ မဟုတ်ဘူး။ ဒီတော့လည်း ဖွင့်ထားတဲ့ကောင်တာမှာပဲဝင်တန်းစီတာပေါ့။ အလှည့်ကျမှ ဒီမှာမရဘူး၊ ဟိုဘက်မှာတန်းစီရမယ်လို့ ငြင်းလွှတ်လိုက်တယ်” လို့ သူက ပြောပါတယ်။
အဲဒီနောက် ဘဏ်မှာငွေသွင်းဖို့ လုပ်တဲ့အခါမှာတော့ ဘဏ်ပိတ်ချိန်ရောက်ပြီဖြစ်တာကြောင့် မမီတော့ဘဲ နောက်တစ်ရက်ပြန်လာရပြီး နောက်တစ်ကြိမ် ပြန်တန်းစီကာ ငွေသွင်းခဲ့ရပါတယ်။ ဒါပေမဲ့ သူ့မိတ်ဆွေကတော့ ကိစ္စတွေအားလုံးကို တစ်ရက်တည်းနဲ့ အပြီးဆောင်ရွက်နိုင်ခဲ့ပါတယ်။
“Passport (နိုင်ငံကူးလက်မှတ်) လုပ်တာခြင်း အတူတူ သူက တစ်ရက်တည်းနဲ့ ကိစ္စပြီးတယ်။ ကျွန်တော့်ကျမှ မပြီးနိုင်လို့ အတော်စိတ်ရှည်လိုက်ရတယ်။ ကျွန်တော့်ဖိုင်တွေကိုလည်း သပ်သပ်သိမ်းထားသေးတယ်။ ဘာလုပ်ဦးမှာလဲ မသိဘူး” လို့ ဆိုကာ သူက စိုးရိမ်မကင်း ဖြစ်နေရပါတယ်။
သီးသန့်ခွဲခြားတန်းစီရတဲ့တရား ဝင်သတ်မှတ်ချက်ကို သိရဖို့ တာဝန်ရှိသူတွေကို စက်တင်ဘာ ၃၀ ရက်က သွား ရောက်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူဟာ နေပြည်တော်ခရီးစဉ်သွားတာကြောင့် ပြန်လည်ဆက်သွယ်ပေးမယ်လို့ ဆိုပါတယ်။
ဒါကြောင့် လုံခြုံရေးတာဝန်ကျသူ ဒုရဲအုပ်ထွန်းမင်းစိုးကသတင်းထောက်ရဲ့အမည်၊ လက်မှတ်၊ ဖုန်းနံပါတ်၊ မဂ္ဂဇင်းတိုက်နာမည်တို့ကို မှတ်တမ်းယူထားလိုက်ပေမယ့် ဒီဆောင်းပါးဖောင်ပိတ်ရက် အောက်တိုဘာ ၁၀ ရက် အထိ ပြန်လည်ဆက်သွယ်ခြင်းမရှိသေးပါဘူး။
မော်ကွန်းက မေးမြန်းခဲ့တဲ့ နောက်ထပ်တစ်ဦးကတော့ ပဲခူးမြို့က အသက် ၅၀ ကျော်အရွယ်အထိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ထုတ်ပေးခဲ့တဲ့ သုံးခေါက်ချိုးခေါ် အမျိုးသားမှတ်ပုံတင်ပဲ ကိုင်ထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလို့မရဖြစ်နေသူဒေါ်ကျင်ပြုံးပါ။
သူရဲ့အမျိုးသားမှတ်ပုံတင်မှာ တရုတ်၊ ဗမာလူမျိုးဖြစ်ပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူ အဖြစ်ဖော်ပြထားပါတယ်။
၁၉၉၀ ခုနှစ်ဝန်းကျင်က အမျိုးသား မှတ်ပုံတင်တွေကို နိုင်ငံသားစိစစ်ရေးကတ်နဲ့ ပြောင်းလဲထုတ်ပေးခဲ့ပေမယ့် သူ့နာမည်မပါဝင်ခဲ့ပါဘူး။ ဒါကြောင့် နိုင်ငံသားစိစစ်ရေးကတ် ရရှိရေးအတွက် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး လက်ရှိအချိန်အထိလည်း ကြိုးစားနေရဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လက မြို့နယ်လဝကရုံးမှာ နိုင်ငံသားစိစစ်ရေးကတ်လျှောက်ထားဖို့ ကြိုးစားတဲ့အခါ သူရဲ့နာမည်နဲ့ မျိုးရိုးစဉ်ဆက်ဇယားကို ကြည့်ပြီး မှတ်ပုံတင်ထုတ်ပေးလို့ မရဘူးလို့ လဝကအရာရှိက ပြောလာပါတယ်။
သူမိဘနှစ်ပါးဟာ ပဲခူးတိုင်း၊ ဝေါမြို့နယ်မှာ နေထိုင်ခဲ့သူတွေဖြစ်ပြီး သူရဲ့မျိုးရိုးစဉ်ဆက်ဇယားမှာ နှစ်ဖက်အဘိုး အဘွားတွေရဲ့ အမည်နဲ့ မိဘနှစ်ပါးရဲ့ အမည်၊ လူမျိုး၊ နိုင်ငံသား၊ ဘာသာ၊ ကိုင်ဆောင်သည့်လက်မှတ်အမှတ် အားလုံးကို ဖြည့်စွက်ထားပါတယ်။
သူတို့အားလုံးဟာ ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ မြန်မာနိုင်ငံသားတွေဖြစ်ပြီး အဖေရဲ့ နာမည်က ဦးဟုတ်ကျင် ဖြစ်နေပါတယ်။
မိဘနှစ်ပါးရဲ့ မှတ်ပုံတင်ကို ပြခိုင်းပေမယ့်လည်း ဝေါမြို့နယ်မှာနေထိုင်စဉ် ဓားပြတိုက်ခံရတုန်းက ပျောက်ဆုံးသွားပြီ ဖြစ်တာကြောင့် ပြဖို့မဖြစ်နိုင်တော့ပါဘူး။
အဲဒီနောက် အထောက်အထား စုံလင်ဖို့လိုတယ်ဆိုပြီး အမှုတွဲကို လက်မခံဘဲ စာရွက်စာတမ်းတွေကို ပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။
မှတ်ပုံတင်ရရင် ဒေါ်ကျင်ပြုံးဟာ မကြာမီကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း မဲပေးဖို့ ဆန္ဒရှိနေပါတယ်။ ကျင်းပခဲ့သမျှ ရွေးကောက်ပွဲ မဲစာရင်းတွေမှာလည်း သူ့နာမည်က တစ်ခါမျှ မပါဝင်ခဲ့ဘူးလို့ ဆိုပါတယ်။
“ရွေးကောက်ပွဲတွေတစ်ခုမှလည်း မဲမပေးခဲ့ဖူးဘူး။ ဒီတစ်ခေါက်တော့မဲပေးချင်သေးတယ်လေ” လို့ သူက စိတ်ပျက်လက်ပျက်ပြောပါတယ်။
Photo – Aung Py
နိုင်ငံသားပြုခွင့်ရသူလက်မှတ်ရဲ့ လိုက်နာရမယ့် ညွှန်ကြားချက်
ဒီသီတင်းကျွတ်ကာလပြီးရင်တော့ မှတ်ပုံတင်ရရှိရေးအတွက် သူ့အမှုတွဲကို တင်နိုင်အောင် ဆက်လက်လုပ်ဆောင်သွားဖို့ အားခဲထားသေးတယ်လို့ သူက အောက်တိုဘာ ၉ ရက်မှာ မော်ကွန်းကို ပြောပါတယ်။
တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က လဝကရုံးမှာ မျိုးရိုးစဉ်ဆက်မှတ်တမ်းတွေ ပုံစံ ၁ နဲ့ အကုန်သိမ်းထားပြီးဖြစ်တဲ့အတွက် မိသားစုဝင်ထဲက မှတ်ပုံတင်အမှတ်တစ်ခုရရင်ပဲ မျိုးရိုးစဉ်ဆက်ကို ပြန်လည်စိစစ်နိုင်တယ်လို့ ပြောပါတယ်။
ဒါကြောင့် “လာလျှောက်တဲ့သူကို မှတ်တမ်းတွေ ပြန်ရှာခိုင်းတာ အဓိပ္ပာယ် မရှိဘူး။” လို့ သူကပြောပါတယ်။
သူဟာ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနက အသစ်ခန့်အပ်လိုက်တဲ့ ဝန်ကြီးတွေကို နိုင်ငံသားစိစစ်ခြင်းလုပ်ငန်းနဲ့ ပတ်သက်တာတွေကို အကြံပြုပေးနေတဲ့သူလည်း ဖြစ်ပါတယ်။ ဥပဒေရှုထောင့်အရ နိုင်ငံသားစိစစ်ခြင်းဟာ ဥပဒေ၊ နည်းဥပဒေ တွေနဲ့အညီ ဖြစ်သင့်တယ်လို့ သူက ဆို ပါတယ်။
၁၉၅၁ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင် ရေးနည်းဥပဒေအရ နိုင်ငံခြားသားလက်မှတ်နဲ့ နိုင်ငံခြားသားမဟုတ်သူများလက်မှတ်စတဲ့ သက်သေခံကတ်ပြား နှစ်မျိုးကို ထုတ်ပေးကာ မှတ်ပုံတင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ၁၉၅၁ ခုနှစ် နည်းဥပဒေအရ မှတ်ပုံတင်ထုတ်ထားပြီးသားနိုင်ငံသားတွေကနေ မွေးဖွားလာသူတွေကို “လူမျိုး၊ ဘာသာကို အကြောင်းပြုခွဲခြား ဆက်ဆံတာ၊ ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့ နောက်ကြောင်းပြန် စိစစ်တာ ဟာ ဥပဒေနဲ့ ဆန့်ကျင်ပြီးတရားမျှတမှု ကင်းမဲ့ရာကျတယ်”လို့ သူက ပြောပါတယ်။
၁၉၇၃ ခုနှစ် စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေပုဒ်မ ၁၄(ခ) မှာပါတဲ့ ‘ရုပ်သိမ်းခြင်းခံရသော ဥပဒေ ပြဋ္ဌာန်းချက်များအရ ရှိခဲ့တဲ့ရပိုင်ခွင့် သို့မဟုတ် အခွင့်အရေးကိုမထိခိုက်စေရ’ဆိုတဲ့ ပြဋ္ဌာန်းချက်ကြောင့် လဝကအရာရှိတွေရဲ့လုပ်ရပ်ဟာ ဥပဒေနဲ့ဆန့်ကျင်တာ ဖြစ်တယ်လို့ သူကထောက်ပြပါတယ်။
အစိုးရက ဘယ်လိုကိုင်တွယ်နေလဲ
တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုက ၂၀၁၈ ဒီဇင်ဘာမှာ သူ့အနေနဲ့ နိုင်ငံတော်သမ္မတထံ သွေးနှောသတ်မှတ်မှုနဲ့ ပတ်သက်လို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ အိတ်ဖွင့်ပေးစာထဲမှာ ‘လွတ်လပ်ရေးရပြီးကတည်းက ၁၉၄၈၊ ၁၉၄၉ ခုနှစ်လဝကဥပဒေတွင် လည်းကောင်း၊ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင်လည်းကောင်း သွေးနှောအကြောင်းကို ပြဋ္ဌာန်းချက် တစ်စုံတစ်ရာမရှိတာကြောင့် သွေးနှောသတ်မှတ်မှုကို ပြန်လည်ရုပ်သိမ်း သင့်တယ်’ လို့ ရေးသားထားပါတယ်။
“ဥပဒေအရ ခိုင်မာမှုမရှိတဲ့ သွေးနှောကိုအကြောင်းပြုပြီးတော့ ခွဲခြားဆက်ဆံတာ မွတ်စလင်တွေတင်မကဘဲ တရုတ်တွေရော တခြားဘာသာဝင်တွေပါ ထိခိုက်ကုန်တယ်” လို့ သူကပြောပါတယ်။
စက်တင်ဘာ ၁၇ ရက်က ကျင်းပတဲ့ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ပထမနေ့မှာ မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာမှာ “ဟိုလူမျိုးခြားနဲ့ တူတယ်။ ဒီလူမျိုးခြားနဲ့တူတယ်။ အိမ်နီးချင်းနိုင်ငံက လူမျိုးတွေလို အသံဝဲနေတယ်။ ဆံပင်ကို ရွှေရောင်စပ်စပ်လေး ဆိုးထားတဲ့သူဆိုရင် ဘိုကပြားနဲ့တူတယ်။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးရှိတဲ့ သူတွေဆိုရင် အရှေ့အလယ်ပိုင်းက လာတဲ့သူ တွေလား စသဖြင့် အရင်ကမစစ်ဆေးခဲ့တဲ့ အကြောင်းအရာတွေကို စစ်ဆေးကြတဲ့အတွက် များစွာစိတ်ဆင်းရဲရကြောင်း ကြားသိရပါတယ်”လို့ တင်ပြဆွေးနွေးပြီး သက်ဆိုင်ရာဝန်ကြီးကို မေးခွန်းထုတ်ခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနရဲ့ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဥပဒေမှာမပါဘဲ လူမျိုးသတ်မှတ်တာတွေ၊ ရုပ်သွင်ပြင်နဲ့ အမည်နာမကိုကြည့်ပြီး ခွဲခြားဆုံးဖြတ်တဲ့ကိစ္စတွေကို “ရှေ့ဆက်ဆောင်ရွက်သွားမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဖြစ်တည်မှုအတိုင်းပဲ လုပ်ပေးသွားမှာ” လို့ မော်ကွန်းကို ပြောပါတယ်။
သူတို့ဌာနရဲ့ အားနည်းချက်တွေကြောင့် အထောက်အထားမပြည့်စုံတဲ့သူတွေကို မှတ်ပုံတင်ထုတ်ပေးခဲ့တာ၊ နိုင်ငံသားပြုခွင့်ရသူလက်မှတ်ထုတ်ပေးရမှာကို နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခဲ့တာ၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးရမှာကို နိုင်ငံသားပြုခွင့်ရသူလက်မှတ်ထုတ်ပေးခဲ့တာ စတဲ့လွဲချော်မှုတွေ ရှိခဲ့တာကြောင့် သေချာစိစစ်ဆောင်ရွက်နေရတယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဟာ မှတ်ပုံတင်လုပ်ပေးတဲ့အခါမှာ နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေဖို့ တိတိကျကျဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် လျှောက်ထားသူတွေအနေနဲ့ လိုအပ်တဲ့အထောက်အထားတွေကို အပြည့်အစုံပြနိုင်ဖို့တော့ လိုလိမ့်မယ်လို့ သူကဆက်ပြောပါတယ်။
လတ်တလောမှာတော့ အချက်အလက် အပြည့်အစုံတင်ပြခဲ့တဲ့ ဦးညီကျော်ရဲ့သား မှတ်ပုံတင်အမှုတွဲဟာ ချမ်းအေးသာစံမြို့နယ် လဝကရုံးကနေ ခရိုင်လဝကရုံးကို ရောက်နေပြီဖြစ်တာကြောင့် ဥပဒေနဲ့အညီ ဖြစ်စေရေး မျှော်လင့်တကြီးနဲ့ လုံးပန်းနေပါပြီ။ သူမျှော်လင့်သလို ဖြစ်မလာခဲ့ရင်တော့ လူ့အခွင့်အရေးကော်မရှင်နဲ့ အခြားသက်ဆိုင်ရာတွေကို တိုင် ကြားသွားဖို့ သူက ပြင်ဆင်ထားပါတယ်။
“မှတ်ပုံတင်အမှန်အတိုင်းမရရင် ဘွဲ့လက်မှတ်လည်းမယူဘူးလို့ ကျွန်တော့် သားရော ကျွန်တော်ရော သဘောတူ ဆုံး ဖြတ်ထားပြီးသား” လို့ သူရဲ့ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသားပြောပါတယ်။
#mawkun #magazine #chronicle #cover-story #no69