လူနည်းစုဆလုံတိုင်းရင်းသားတွေကို စစ်ကောင်စီက အဓမ္မစစ်သားစုဆောင်းတဲ့အတွက် တချို့တိမ်းရှောင်နေကြတယ်လို့ ကူညီသူတချို့ဆို

ကော့သောင်း၊ ၂၀၂၄ ဇွန် ၁၁ (မော်ကွန်း)၏

လူနည်းစု ဌာနေတိုင်းရင်းသားလူမျိုးစုဖြစ်တဲ့ ဆလုံ(မော်ကင်း)တွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက အတင်းအဓမ္မစုဆောင်းနေတဲ့အတွက် ဆလုံလူငယ်တချို့ ထိုင်းနိုင်ငံဘက်ကို တိမ်းရှောင်နေတာတွေရှိတယ်လို့ ဆလုံအရေးဆောင်ရွက်သူတချို့က မော်ကွန်းကိုပြောပါတယ်။

“ စစ်မှုထမ်းဖို့အကျုံးဝင်တဲ့ ဆလုံအိမ်တွေကို လူမပေးချင်ရင် ငွေတောင်းတယ်။ ငွေပေးနိုင်တဲ့ မိသားစုတွေက ပေးကြတယ်။ ဆင်းရဲတဲ့ ဆလုံတွေကတော့ အမျိုးတွေရှိတဲ့ ထိုင်းဘက်ကို သူတို့ကလေးတွေကို ပို့လိုက်တာတွေ ဖြစ်နေတယ်” လို့ တနင်္သာရီတိုင်းအတွင်းက ဆလုံကျွန်းတွေပေါ်ကို သွားလာနေတဲ့ အမည်မဖော်လိုသူ ဆလုံအရေးကူညီသူတစ်ဦးက ပြောပါတယ်။

ဆလုံတိုင်းရင်းသားတွေဟာ တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစုထဲက ကျွန်းတွေပေါ်မှာ နေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသား ပင်လယ်ပျော် လူနည်းစုတွေ ဖြစ်ပါတယ်။

၂၀၂၀ တုန်းက မော်ကွန်းက ပြုစုထားတဲ့စာရင်းတွေအရ တနင်္သာရီတိုင်းတစ်ခုလုံးမှာ ဆလုံဦးရေဟာ ၂,၆၀၀ ကျော်သာ ရှိပါ တော့တယ်။ အဲဒီအထဲမှာ ဆလုံစစ်စစ်လူမျိုးစုက ရာဂဏန်းသာကျန်ပြီး ကျန်အရေအတွက်က သွေးနှောဆလုံလူမျိုးတွေပါ။

အဲဒီတုန်းကစာရင်းတွေအရ ကော့သောင်းမြို့နယ် ပင်လယ်ပြင်ထဲက ဇာဒက်ကြီး၊ မကြုံဂလက်၊ ညောင်ဝီး၊ ဂျအုံးနဲ့ ဂျလန်းကျွန်းတွေမှာ ၉၅၁ ဦး၊ ကျွန်းစုမြို့နယ်ထဲက ဒုံးပလဲအော်၊ ပရောဝါး၊ ဒုံးညောင်မှိုင်းနဲ့ မိုးမလင်းကျွန်းတွေမှာ ၇၆၃ ဦး၊ ဘုတ်ပြင်း မြို့နယ်ထဲက ကန်မော်ကြီး၊ အလယ်မာန်နဲ့ လငန်းကျွန်းတွေမှာ ၃၄၉ ဦး သာ ရှိတော့တာပါ။

သူတို့အမျိုးအဆွေတွေ ထိုင်းနိုင်ငံဘက်ကို ခိုလှုံသွားကြတာ အများကြီးပဲလို့ အဲဒီတုန်းက တွေ့ခဲ့တဲ့ ဆလုံတိုင်းရင်းသား တချို့က မော်ကွန်းကို ပြောပါတယ်။ လတ်တလော အဲဒီကျွန်းတွေပေါ်မှာ ဆလုံဦးရေဘယ်လောက်နေထိုင်နေသေးသလဲဆိုတာကို မော်ကွန်းက သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီမြိတ်ကျွန်းစုတွေထဲက ကျွန်းတွေပေါ်မှာ ဆလုံတွေချည်း သီးသန့်နေတာမဟုတ်ဘဲ ဗမာ၊ ကရင်၊ ထားဝယ် စတဲ့တိုင်းရင်းသားတွေနဲ့အတူ ဆလုံတွေက ရောနှောနေထိုင်ကြတာပါ။ အများစုက နတ်ကိုးကွယ်ကြတဲ့လူမျိုးစုလည်း ဖြစ်ပါတယ်။

အခု အဲဒီရွာတွေမှာ စစ်သားစုဆောင်းမှု စစ်ကောင်စီက လုပ်တဲ့အခါ ဆလုံမိသားစုတွေကိုပါ စာရင်းသွင်းပြီး စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တဲ့အတွက် တချို့တိမ်းရှောင်သွားကြတာလို့ ဆလုံအရေးကူညီသူတချို့က ပြောပါတယ်။

ဆလုံတိုင်းရင်းသားအများစုဟာ ဗမာစကားမပြောတတ်ကြဘဲ ထားဝယ်စကားကို တချို့က နားလည်ကြပါတယ်။ ဒါပေမဲ့ သူတို့ ဆလုံလူမျိုးစုစကားကိုသာ အများစုကပြောကြပါတယ်။

ယခင်ကတည်းက ပုလဲမွေးမြူရေးလုပ်ငန်းတွေရဲ့ ခြိမ်းခြောက်ဖယ်ရှားမှုတွေကြောင့် သူတို့ဌာနေ ကျွန်းတွေကို စွန့်လွှတ်ပေးနေရတဲ့ဆလုံတွေဟာ အခုတစ်ဖန် စစ်သားစုဆောင်းမှုကြောင့် အခက်ကြုံနေရတာလို့ သူတို့အရေးကူညီသူတချို့က မှတ်ချက်ပြုပါတယ်။

ပုံစာ- ဘုတ်ပြင်းမြို့နယ်၊ ငလန်းကျွန်းပေါ်က ဆလုံရွာ
ဓါတ်ပုံ- မော်ကွန်း။

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."