ရန်ကုန် – ၂၀၂၅ မေ ၂၃ (မော်ကွန်း)
အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဌာန်းချက်ကို အသုံးပြုပြီး ရခိုင်ပြည်နယ်ထဲက အသက် ၁၈ ကနေ ၄၅ နှစ်အတွင်းလူငယ်တွေကို ပြည်နယ်ပြင်ပထွက်ခွင့် ကာလအကန့်အသတ်မရှိ ပိတ်ပင်လိုက်တယ်လို့ ရခိုင်ပြည်နယ်ဒေသအများစုကိုသိမ်းထားတဲ့ အာရက္ခတပ်တော်(AA)က မနေ့က ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်က လူငယ်တွေဟာ AA က ထုတ်ထားတဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ် ပြဋ္ဌာန်းချက်ကို သေချာစွာနားမလည်ဘဲ အဓိပ္ပါယ်ကောက်လွဲကာ တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ ရှောင်လွှဲကာ နေရပ်စွန့်ခွာဖို့ အားထုတ်ကြိုးပမ်းမှုတွေရှိတာ တွေ့လာရလို့ ဒီလို တားမြစ်ထုတ်ပြန်ရတာလို့ AA က ကြေညာပါတယ်။
ဒါကြောင့် သူတို့ထိန်းချုပ်ဧရိယာအတွင်းက အသက် ၁၈ ကနေ ၂၅ နှစ်အတွင်း အမျိုးသမီးတွေနဲ့ အသက် ၁၈ ကနေ ၄၅ နှစ်ကြား အမျိုးသားတွေဟာ ရခိုင်ပြည်နယ်ကနေ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်မချင်း ခွက်ခွာခွင့် ပိတ်ခံလိုက်ရတာဖြစ်ပြီး AA ရဲ့ သတ်မှတ်စစ်မှုထမ်းကာလကို ဖြတ်သန်းကြရမှာဖြစ်ပါတယ်။
အာရက္ခအစိုးရရဲ့ ကျန်းမာရေးဌာနက ဝန်ဆောင်မှု မပေးနိုင်တဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေအတွက်တော့ ထိန်းချုပ်ဧရိယာ ပြင်ပကို သွားရောက်ကုသခွင့်ပေးမယ်လို့လည်း ဆိုပါတယ်။
“ တချို့ လူငယ်တွေက စစ်မှုအတင်းထမ်းခိုင်းမယ်ထင်ပြီး နည်းလမ်းအမျိုးမျိုးနဲ့ ထွက်နေကြတာ ရှိတယ်။ အဲဒါကို တားမြစ်တဲ့သဘောပေါ့။ တကယ်က မြေပြင်မှာ AA လုပ်တာက ရွာကိုရောက်လာပြီဆိုရင် ဒီရွာက ဘယ်နှစ်ယောက်တော့ စစ်မှုထမ်းရမယ်၊ အဲဒီအတွက် ရွာလူကြီးက မဲနှိုက်ရွေးချယ်ပေးပါဆိုတာမျိုး လုပ်တာပါ။ အတင်းဖမ်းဆီးပြီး စစ်မှုမထမ်းခိုင်းပါဘူး။ ထမ်းဖို့ ကိုက်ညီသူမှသာ စစ်မှုထမ်းလို့ ရတာ ” လို့ ရသေ့တောင်မြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက မော်ကွန်းကို ပြောပါတယ်။
ထိန်းချုပ်ဧရိယာအပြင်ဘက်ထွက်ပြေးကြရင်လည်း ရခိုင်မှတ်ပုံတင်ကိုင်သူတွေကို စစ်ကောင်စီလုံခြုံရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့ တွေက စစ်မှုထမ်းအဖြစ်ဖမ်းဆီးတာ၊ အကြမ်းဖက်တာ၊ ပုဒ်မအမျိုးမျိုးတပ်ပြီးထောင်ချတာတွေနဲ့ လူမှောင်ခို၊ ကျားဖြန့် ဂိုဏ်းတွေရဲ့ လက်ကို မရောက်သွားစေဖို့ ဒီတားမြစ်ချက်က ရည်ရွယ်တယ်လို့ AA က ထုတ်ပြန်ပါတယ်။
AA အနေနဲ့ ဒီနှစ် မတ်လမှာ အသက် ၁၈ နှစ်နဲ့အထက် အမျိုးသား၊ အမျိုးသမီးတွေ အနည်းဆုံး နှစ်နှစ်ကြာ စစ်မှုမထမ်းမနေရပြဋ္ဌာန်းချက်ကိုထုတ်ပြန်ခဲ့ပြီး သူတို့ထိန်းချုပ်မြို့နယ်တွေမှာ စတင်ကျင့်သုံးနေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက တချို့ မိသားစုတွေဟာ စစ်မှုထမ်းရမှာကို စိုးရိမ်တာကြောင့် မိသားစုတွေနဲ့အတူ ရန်ကုန်မြို့အပါအဝင် ဘေးလွတ်မယ်ထင်တဲ့ ဒေသတွေကို ထွက်ပြေးတိမ်းရှောင်ကြတာတွေရှိတယ်လို့ ရန်ကုန်ရောက်နေတဲ့ စစ်ရှောင်တချို့ကလည်း ပြောပါတယ်။
“ ဒီဟာ မိဘတွေက စိတ်ပူကြတာရှိတာပေါ့။ မိသားစုလိုက်တွေ ရန်ကုန်ကိုပြောင်းလာတာ တော်တော်များတယ်။ အရင်ကတော့ စစ်ဘေးရှောင်ပုံစံနဲ့ ဒီတိုင်းထွက်လာလို့ ရတယ်။ ပြန်ဝင်လို့ပဲ မရတာ။ အခုက ထွက်လို့လည်း မလွယ်တော့တဲ့သဘော ဖြစ်သွားတာပေါ့” လို့ AA တားမြစ်ချက်အပေါ် သံတွဲမြို့က စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
အမျိုးသားလုံခြုံရေးအရ စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို အခကြေးငွေယူပြီး ထိန်းချုပ်ဒေသ ပြင်ပကို ပို့ပေးနေသူတွေကိုလည်း တည်ဆဲဥပဒေနဲ့ အရေးယူမယ်လို့ AA က သတိပေးပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့တော်စစ်တွေ၊ တရုတ်စီမံကိန်းရှိတဲ့ ကျောက်ဖြူနဲ့ ပင်လယ်ထဲက မာန်အောင်ကျွန်း သုံးမြို့နယ်ကလွဲရင် ဒေသတစ်ခုလုံးကို AA က ထိန်းချုပ်ထားသလို လက်ကျန်မြို့တွေကိုလည်း ဆက်လက်သိမ်းပိုက်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေထဲမှာ AA နဲ့ မဟာမိတ်တပ်တွေကတစ်ဖက်၊ စစ်ကောင်စီကတစ်ဖက် တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပါတယ်။
ပုံစာ – AA တပ်ဖွဲ့ရဲ့ စစ်သင်တန်းဆင်းပွဲ
ဓါတ်ပုံ – AA Info Desk

