အောင်မြင်သည့် သတင်းသမားတစ်ယောက် အလုပ်ထွက်လိုက်လေပြီ။ အနှီလူငယ်လေး ပြာသိုကြည်တင်မှာ ဒုက္ခသီရိမှ အထင်ကရ မော်ကွန်းသတင်းစာတွင် ကာလအတန်ကြာလုပ်ကိုင်ပြီးမှ စာနယ်ဇင်းလောကကို ကျောခိုင်းသွားခြင်းပင်။
မော်ကွန်းက အထူးအားထားရသော မီးခဲလေး အဘယ်ကြောင့် အလုပ်ထွက်ရသနည်း။ နာမည်ပျက်နေသည့် အမြင်ကပ် ဥပဒေ ပုဒ်မ ၉၉ (ဃ) ဖြင့် အချုပ်ခန်းထဲ ဆွဲထည့်ခံရမည်ကို စိုးရိမ်ခြင်းကြောင့်လော၊ ချစ်သူရည်းစားတစ်ယောက် ရရှိရေးအတွက် အချိန်ပြည့် ကြိုးပမ်းအားထုတ်လိုသောကြောင့်လော၊ အိမ်ထောင်ဘက်နှင့် ရန်ဖြစ်လာသော အယ်ဒီတာက ခေါင်းခေါက်လိုက်သောကြောင့်လော။
ကာတွန်း -သီဟ(စခန်းသစ်) (၂၀၁၇)
ထိုသို့ တွေးတောနေစဉ်မှာပင် စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲ၏ ရုံးခန်းသို့ ဧည့်သည်တစ်ယောက် ရောက်လာသည်။ တိုက်ဆိုင်သည်ဟု ဆိုရမည်။ ထိုဧည့်သည်မှာ လူငယ်လေး ပြာသိုကြည်တင် ဖြစ်နေလေသည်။
”ဟာ…ပြာသိုကြည်တင်၊ မင်းအသက်ရှည်ဦးမယ်ကွ၊ အခုပဲ မင်းအကြောင်း စဉ်းစားနေတာ။ ထိုင်ပါဦး။ မင်းအလုပ်ထွက်လိုက်တာ ဘာကြောင့်လဲ”
ပြာသိုကြည်တင်က မော်ကွန်းတွင် အလုပ်ဝင်ခဲ့ခြင်းမှာ စာနယ်ဇင်းသမားတို့ကို အထင်ကြီးခြင်းကြောင့် ဖြစ်ကြောင်း နတ်သံနှောပြီး စတင် ရှင်းပြသည်။
”ဆရာကျွဲရယ်၊ ဟိုတုန်းက သတင်းသမားတွေ့ရင် အားကျတယ်၊ အသံဖမ်းစက်တွေ၊ ကင်မရာကြီးတွေနဲ့ဆိုတော့ လူရှိန်တာပေါ့ဗျာ။ ကိုယ်မကိုင်နိုင်တဲ့ဟာ သူတို့ကိုင်တယ်ဆိုတော့ အထင်ကြီးတာပေါ့ဗျာ။ သတင်းပို့တော့လည်း အိတ်ထဲက ကွန်ပျူတာလေးဆွဲထုတ်၊ စာတဖြောက်ဖြောက်ရိုက်ပြီး ပို့တာလည်း အားကျစရာပဲ”
”သြော်…ပြာသိုကြည်တင်ရယ်၊ မင်းအလုပ်ဝင်တော့ အဲဒါတွေ သုံးရတာပဲမဟုတ်လား။ ဘာများ ပြဿနာရှိလို့လဲ”
”သိပ်ရှိတာပေါ့ ဆရာကျွဲရာ။ အဲဒါတွေက တိုက်က ပိုင်တဲ့ပစ္စည်းတွေပဲ။ သတင်းထောက်က ကိုယ်တိုင်ဝယ်ထားတာမှ မဟုတ်တာ”
စာနယ်ဇင်းသမားတို့ ဝင်ငွေကောင်းလွန်းသဖြင့် ထိုပစ္စည်းများ ဝယ်နိုင်သည်ဟု သူယူဆခဲ့မိလေသည်။
ပြာသိုကြည်တင် မှန်းချက်နှင့် နှမ်းထွက် မကိုက်ချေ။ မော်ကွန်းတွင် နွေမိုးဆောင်းသုံးရာသီကုန်သည်အထိ လုပ်ကိုင်သော်လည်း ထိုပစ္စည်းများ ကိုယ်ပိုင်ဝယ်နိုင်သည်အထိ ဝင်ငွေမရသဖြင့် စိတ်ညစ်ရသည် ဟူ၏။ လစာတိုးရန်လည်း လမ်းစ မတွေ့သဖြင့် အလုပ်ထွက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည် ဟူ၏။
သြော်…ရိုးသားလွန်းသည့် ပြာသိုကြည်တင်ဟု ဆိုရချေတော့မည်။
သူဌေးဖြစ်ရေး အကြံပေး
”ဆရာကျွဲကို ကျွန်တော် ကတိပေးတယ်။ ဟောဒီ ပြာသိုကြည်တင် ဆိုတဲ့ကောင်ဟာလေ သူဌေးဖြစ်ရေးလမ်းစ လုံးဝ မရှိတဲ့ စာနယ်ဇင်းလောကကို ဘယ်တော့မှ ခြေပြန်မချတော့ဘူးဗျာ”
”ဟေ…မင်းက ငါ့ကို ကတိပေးရအောင် ငါက အုပ်ထိန်းသူမှ မဟုတ်ဘဲ။ ပြီးတော့ မင်းကို သတင်းလောကထဲ မဝင်နဲ့လို့လည်း ငါမပြောခဲ့သလို ဝင်ဖို့လည်း မတိုက်တွန်းခဲ့ပါဘူးကွ”
”ဟဲဟဲ…ကျွန်တော် ကတိပေးတာ နည်းနည်း စောသွားတယ်။ ဒီနေ့ ဒီကိုလာရခြင်း အကြောင်းရင်းက ဒါတွေ ပြောဖို့ မဟုတ်ဘူးဗျ။ သူဌေးဖြစ်ရေး နည်းလမ်း သိချင်လို့ လာခဲ့တာပါ။ ဘာလုပ်ရင် သူဌေး အမြန်ဆုံး ဖြစ်မယ်ဆိုတာ သိချင်လို့ပါ။ အဲဒါကျွန်တော့်ကို အကြံပေးပါဗျာ။ ကျွန်တော် သူဌေးဖြစ်ရင် ဆရာကျွဲကို မေ့မထားပါဘူး၊ ကတိပေးပါတယ်ဗျာ”
အငြိမ်းစားသတင်းထောက်က လာရခြင်းအကြောင်းရင်းကို ပြောပြပြီး နှစ်လိုဖွယ်ဖြစ်အောင် ပြုံးနေလေသည်။
သူ၏ ငါးခူပြုံးကို သဘောကျခြင်းကြောင့်လည်းကောင်း၊ ဆရာကျွဲကိုယ်တိုင်လည်း သတင်းထောက်သစ်၊ သတင်းထောက်ဟောင်းတို့ကို မေတ္တာရှိခြင်းကြောင့်လည်းကောင်း သူ့ကို အကြံကောင်းကောင်း ပေးရန် တစ်ထိုင်တည်း ဆုံးဖြတ်လိုက်လေသည်။
”မင်းမှာ အရင်းအနှီး ဘယ်လောက် ရှိလဲ” ဆရာကျွဲမေးခွန်းကြောင့် ပြာသိုကြည်တင် ပြုံးနေရာမှ မဲ့သွားသည်။ မဲ့နေရာမှ ငိုတော့မယောင် ဖြစ်လာသည်။
”အရင်းလည်းမရှိဘူး၊ ကလေးအဖေမဟုတ်တော့ အနှီးလည်း မရှိဘူးဗျ။ ကျွန်တော့မှာ တစ်ခုပဲ ရှိတယ်။ အဲဒါ သူဌေးဖြစ်ချင်တဲ့ဆန္ဒပဲ။ သူဌေး အမြန်ဆုံး ဖြစ်ချင်တယ်။ ချက်ချင်း ဖြစ်ချင်တယ်”
ပြာသိုကြည်တင် ပြောရင်း ပြောရင်း အသံတုန်လာသည်။ သြော်…သူ့အကြောင်း တစ်ခုသာ မေးရသေးသည်၊ ဖြေဆိုပုံက သင်းလှသည်။ ခံစားချက်ပြင်းထန်လွန်းတဲ့ သူငယ်ပေပဲ။ ဤသို့သော အကဲဆတ်နှုန်း ကြီးမားသူ စာနယ်ဇင်းလောကကို ကျောခိုင်းခြင်းမှာ အားလုံးအတွက် ကောင်းသည်ဟု ဆိုရမည်။ ခံစားချက်ကြီးမားလွန်းပါက သူလိုက်သည့် သတင်းမှာ ကဗျာတစ်ပုဒ်ဖြစ်သွားနိုင်သလို သရော်စာ၊ ဆော်စာတို့လည်း ဖြစ်သွားနိုင်သည် မဟုတ်လော။
”ကဲ…ဟုတ်ပြီလေ၊ အမြန်ဆုံးနည်းလမ်းနဲ့ သူဌေးဘဝ ရောက်တဲ့နည်းတွေထဲမှာ မူးယစ်ဆေးရောင်းတဲ့နည်းလည်း ပါတယ်ကွ။ မင်း အဲဒါ လုပ်နိုင်မလား”
”ဟာ…ဆရာကျွဲ၊ အဲဒါတော့ မလုပ်နဲ့ဗျာ။ ဆယ်တန်းကျောင်းသူ ၁၆ နှစ်မ အလုပ်ဝင်တဲ့ဆိုင်မှာ မူးယစ်ဆေး ၁၆ ပြားမိလို့ ထောင် ၁၆ နှစ်ကျသွားတဲ့ နိုင်ငံကျော်သတင်းကို ဆရာကျွဲ မကြားမိဘူးလား”
”ငါသိပါတယ် ပြာသိုကြည်တင်ရယ်၊ ၁၆ ပြားလောက် မိသူတွေ ထောင်တဖြုတ်ဖြုတ် ကျတတ်ပေမယ့် ၁၆ တန်လောက် လုပ်ကိုင်သူတွေဆိုရင်တော့ ထောင်ထဲ ရောက်ပါ့မလားကွ”
ပြာသိုကြည်တင် ခေတ္တ ငြိမ်သက်သွားသည်။ ဒုက္ခသီရိရဲတပ်ဖွဲ့က မူးယစ်ဆေး အကြီးအကျယ် လုပ်ကိုင်သူတို့ကို ဖမ်းဆီးရမိလိုက်သည်ဟူသောသတင်းမျိုး သူ၏ သတင်းထောက်လုပ်သက်အတွင်း သူ မကြားဖူးကြောင်း သတိပြုမိသည်။ မူးယစ်ရာဇာတို့ ကိုယ်ဖျောက်တတ်သောကြောင့်လော ဆိုသည်ကိုတော့ သူ မတွေးတတ်ချေ။ သို့သော်လည်း သူတွေးတတ်တာ တစ်ခုတော့ ရှိသည်။ ထိုအရာမှာ ရင်းနှီးငွေဖြစ်သည်။
”တန်နဲ့ချီ အရောင်းအဝယ်လုပ်မှတော့ ပိုက်ဆံအများကြီး လိုပြီပေါ့ဗျ။ ကျွန်တော်က ပိုက်ဆံ မရှိဘူးလေဗျာ။ အလုပ်လက်မဲ့လေဗျာ”
သူပြောတာလည်း ဟုတ်သည်။ သူတို့စကားဝိုင်းက မုန့်လုံးစက္ကူကပ်ဖြစ်နေပြီ။
သူဌေး အမြန်ဆုံးဖြစ်ချင်သော သတင်းထောက်လူထွက် အလုပ်လက်မဲ့ကို နတ်လမ်းညွှန်လုပ်ရေးမှာ ဆရာကျွဲအတွက် မခက်ခဲလှပေ။ အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်နေသည်မှာ နှစ် ၂ဝရှိပြီ မဟုတ်လော။
”ပြာသိုကြည်တင်ရေ၊ ငွေများများနဲ့ မြန်မြန်ရရှိပိုင်ဆိုင်ဖို့ ဆိုရင်တော့ ဘဏ်ကိုသာ ဓားပြတိုက်ပေတော့ကွာ”
ဘဏ်ဓားပြတိုက်ပါဟူသော အကြံပြုချက်ကြောင့် ပြာသိုကြည်တင် မျက်နှာ တည်ငြိမ်သွားသည်၊ ထို့နောက် ပြုံးဖြဲဖြဲ ဖြစ်လာသည်၊ ခဏအကြာတွင် အပြုံးပျောက်ပြီး ခပ်တည်တည် ပြန်ဖြစ်သွားလေသည်။
ရုပ်ရှင်ထဲကလို လုပ်ပါ
လူတို့၏ လိုချင်တပ်မက်မှုမှာ ကြောက်စရာကောင်းလှသည်။ ဘဏ်ဓားပြတိုက်ခြင်း ဟူသည်မှာ မကောင်းမှုဖြစ်မှန်း သိသော်လည်း ဇောကပ်နေသူ ပြာသိုကြည်တင်က ထိုအမှု ကျူးလွန်ရန် အသင့်ဖြစ်နေပုံရသည်။ ဘဏ်ဓားပြတိုက်ပါဟူသော အကြံကို လက်ခံကြောင်း ပိုမိုတောက်ပလာသော သူ၏ မျက်လုံးများက အဖြေပေးနေလေပြီ။
”ငွေထုပ်ကြီးထမ်းပြီး အိမ်ပြန်တယ်ဆိုတာ ကျွန်တော့်အိပ်မက်ပဲဗျို့။ အဖမ်းမခံရအောင် ဓားပြ ဘယ်လိုတိုက်ရမယ် ဆိုတာကို ဆရာကျွှဲအကြံပေးပါ။ တိုက်ရမယ့်ဘဏ်ကို ကျွန်တော်ရွေးပါ့မယ်”
ဆရာကျွဲလည်း ကိုယ့်အတတ် ကိုယ်စူးချေပြီ။ အို…ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့လိုက်တာ ကောင်းပါတယ်ဟုလည်း ဆရာကျွဲ တွေးလိုက်မိသည်။
”ငါပေးတဲ့အကြံအတိုင်းသာ လိုက်လုပ်၊ မင်းကို ဘယ်ရဲမှ မဖမ်းမိစေရဘူး”
”ဆရာကျွဲက အာမခံလှချေလား။ ဘာအားကိုးနဲ့ အာမခံနေတာလဲ။ ကိုယ်ပျောက်စေတဲ့ ဂါထာ ရှိလို့လား”
”ငါ့ကိုများ ဂါထာယုံကြည်တဲ့ ငပိန်းလို့ ထင်နေသလား”
”အဟီး…ဆောဒီးပါဗျာ။ ကိုယ်ပျောက်ဂါထာတွေ ဘာတွေ မသုံးဘူးဆိုတော့ ကျွန်တော်က ဘယ်လို ပြေးရမှာလဲ။ ကျွန်တော် အပြေးမသန်ဘူးနော်။ ရဲတွေ လာဖမ်းရင် မိသွားမှာ။ ပရဆေးဥယျာဉ်ဘက် ပြေးရင် လွတ်တယ်ဆိုပေမယ့် အဲဒီလောက်အထိ ပြေးဖို့ အချိန်မရဘူးဗျ”
”ပရဆေးဥယျာဉ်ကို အားကိုးမနေနဲ့။ မင်းဆီမှာ နောက်ကွယ်က လက်မည်းကြီးလည်း အဆင်သင့်ရှိတာမဟုတ်ဘူး။ ငါခိုင်းသလိုသာ လုပ်။ အဆင်ပြေစေရမယ် မောင်ပြာသိုကြည်တင်ရယ်”
ဆရာကျွဲက သတင်းထောက်ဟောင်း ပြာသိုကြည်တင်ကို ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှ ဘဏ်ဓားပြတိုက်ခန်းကို ဖွင့်ပြလိုက်သည်။ ရုပ်ရှင်ထဲကအတိုင်း ပုံတူကူးပြီး ဘဏ်ကိုဝင်စီးရန် အကြံပေးလိုက်သည်။ ရုပ်ရှင်ထဲတွင် လူဆိုးများ ပထမဆုံး လုပ်ရသည်မှာ နယ်မြေခံရဲများ အလုပ်ရှုပ်စေရန် အာရုံလွဲှသော မှုခင်းများ၊ ဖြစ်ရပ်များကို ဓားပြတိုက်သည့်ဘဏ်နှင့် ဝေးသည့်နေရာတွင် အများအပြား ဖန်တီးကြသည်။ ရဲအားလုံး ထိုဘဏ်နှင့် ဝေးရာတွင် ပြဿနာများစွာနှင့် နပန်းလုံးနေချိန်မှာပင် လူဆိုးတို့က ဘဏ်ကို တည်ငြိမ်အေးဆေးစွာ ဓားပြတိုက်သွားနိုင်သည့် ဇာတ်ဝင်ခန်း ဖြစ်လေသည်။ နေကာမျက်မှန်တပ်ထားသော လူဆိုးသုံးယောက်က ငွေထုပ်ထမ်း၊ ကားမောင်းထွက်သွားပြီး ၄၅ မိနစ်ကြာမှ ရဲများ ရောက်လာသည်။ ထိုဇာတ်ဝင်ခန်းကြည့်ပြီး ပြာသိုကြည်တင် အကြီးအကျယ် သဘောကျသွားသည်။
”ကြိုက်သွားပြီဗျာ။ ကြိုက်ပေမယ့် ရုပ်ရှင်ထဲမှာတော့ လူဆိုးတွေက အများကြီးဗျ။ သူတို့ အာရုံများ၊ အလုပ်များသွားအောင် လုပ်ဖို့ ကျွန်တော့်မှာ အင်အား မရှိဘူး။ ဆရာကျွဲ ကျွန်တော့်ကို ဘယ်လို ကူညီနိုင်မလဲ။ မီးရှို့တာတို့၊ ဖောက်ခွဲရေးလုပ်တာတို့တော့ ကျွန်တော် မလုပ်နိုင်ဘူးနော်။ ကျွန်တော့်ရဲ့ စီမံကိန်းမှာ သေနတ်သံ တစ်ချက် မထွက်စေရဘူး၊ ဘယ်သူမှ သွေးမြေ မကျစေရဘူး”
”လွယ်ပါတယ်ကွာ။ နေ့စားခယူပြီး ဆန္ဒလိုက်ပြတဲ့သူတွေက မင်းကို ကူညီပါလိမ့်မယ်။ သူတို့ကို တိုင်းရင်းသားဝတ်စုံတွေ၊ စစ်ပွဲထောက်ခံရေးကြွေးကြော်သံ ဆိုင်းဘုတ်တွေသာ ပေးလိုက်။ အဲဒီဆန္ဒပြပွဲတွေကို ရဲတွေက လုံခြုံရေးတာဝန်အရ သွားကြည့်ရမှာ ဆိုတော့ ဘဏ်နဲ့ဝေးတဲ့နေရာမှာ ဆန္ဒပြခိုင်းထား။ ရဲတွေ အဲဒီရောက်နေချိန်မှာ မင်းက ဘဏ်ကို ဝင်ကြမ်းပေတော့”
”ဆရာကျွဲရယ်၊ ဆန္ဒဆိုတာ နေရာအများကြီးမှာ တပြိုင်နက် ပြလို့ မရဘူးဗျ။ ရဲက ခွင့်ပြုမှာ မဟုတ်ဘူး”
ရဲကို ကြိုတင်အသိမပေးဘဲ ဆန္ဒပြလိုသည့် အုပ်စုများစွာရှိကြောင်း၊ ထိုအုပ်စုတို့ကို ချဉ်းကပ်ပြီး ဆန္ဒဖော်ထုတ်ပွဲများစွာကိုတပြိုင်နက် ဖန်တီးသင့်ကြောင်း၊ ဆန္ဒပြပွဲသတင်း ရှည်ရှည်ရေးပေးမည်ဟူသော မက်လုံးပေးပါက လမ်းပေါ် သေချာပေါက် ထွက်လာကြမည် ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တို့ အလုပ်များစေရန် လေးငါးနေရာခွဲပြီး ပွဲစီစဉ်သင့်ကြောင်း ပြောလိုက်သည်။
”ကြိုက်ပြီ ဆရာကျွဲရေ၊ ကောင်းလိုက်တဲ့စိတ်ကူးပဲ။ ရဲတွေဗျာများနေချိန်မှာ ကျွန်တော်က ငွေထုပ်ပိုက်ပြီး ဘဏ်ထဲကနေ အေးရာအေးကြောင်း ထွက်လာရုံပဲ။ ဟဲဟဲဟဲ”
”ဟဟဲ ဟဲ ၊ မင်းကြိုက်ရင်ပြီးတာပါပဲ ပြာသိုကြည်တင်ရယ်။ အဲ…မင်းက ဘယ်ဘဏ်ကို ရွေးမယ် စိတ်ကူးလဲ”
”ကျွန်တော့်ရပ်ကွက်ထဲက ဘဏ်ကို ဝင်စီးမယ်လို့ ဆုံးဖြတ်ထားတယ်။ ကိုယ့်လုံခြုံရေးအတွက် နယ်မြေကျွမ်းကျင်ဖို့ လိုတယ်လေ။ အဓိက ကျတာကတော့ အဲဒီဘဏ်က မန်နေဂျာကို ကျွန်တော် မကျေနပ်လို့ပါ”
ထိုမန်နေဂျာနှင့် ကျောင်းတော်ကရန်စ ဟူသည်မှာ အခြားမဟုတ်ပေ၊ သူငမ်းနေသော ဘဏ်ဝန်ထမ်းအမျိုးသမီးသုံးဦး အလုပ်အင်တာဗျူးဝင်စဉ် ထိုမန်နေဂျာက ကိုယ်လုံးအလှ စစ်ဆေးနိုင်ရေးအတွက် မတ်တတ်ရပ်ခိုင်း၊ ကိုယ်တစ်ပတ်လှည့်ပြခိုင်းခဲ့သည် ဟူ၏။ ထိုဖြစ်ရပ်အတွက် ထိုဘဏ်ကို ဓားပြတိုက်ပါက ထိုမန်နေဂျာကို ဆုံးမပြီးသား ဖြစ်မည်ဟု ပြာသိုကြည်တင် ယူဆနေ၏။
ထို့နောက် အသေးစိတ်ကိစ္စများအတွက် အကြံယူပြီး ပြာသိုကြည်တင် ပြန်သွားလေသည်။
ဆရာကျွဲလည်း အကြံအစည်များ အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်သည်။
မိန်းမချော သုံးယောက်
များမကြာမီ ဒုက္ခသီရိရှိ ပြာသိုကြည်တင် နေထိုင်သော မြို့နယ်တွင် တစ်နေ့တည်း ဆန္ဒပြပွဲ ၁၃ ပွဲ ပေါ်ပေါက်လာလေသည်။ ဆရာကျွဲလည်း ထိုသတင်းများကို အင်တာနက်မှ ဖတ်ရှုနေမိသည်။ ဆန္ဒပြပွဲများရှိရာသို့ ရဲတပ်ဖွဲ့ဝင်တို့ အပြေးအလွှား သွားရောက်ကြ၊ စုံစမ်းမေးမြန်း မှတ်တမ်းတင်ကြသည့်ပုံများလည်း အင်တာနက်သတင်းတို့တွင် ပါလာ၏။ ဤအတိုင်းဆိုလျှင် ဘဏ်ဓားပြတိုက်ခံရသည့်သတင်း မကြာမီ ထွက်လာတော့မည်။
ရဲကိုကိုတို့ ဤမျှ အလုပ်ရှုပ်နေလျှင် ပြာသိုကြည်တင်ထံသို့ အချိန်မီ ရောက်နိုင်တော့မည် မဟုတ်ပေ။
ဆရာကျွဲထင်ထားသလိုပင် ဘဏ်ဓားပြတိုက်မှုသတင်းတို့က များမကြာမီ ဆက်တိုက် ထွက်ပေါ်လာလေသည်။ သို့သော်လည်း သတင်းခေါင်းစဉ်များကို ဖတ်ပြီး ဆရာကျွဲ ကြက်သေသေသွားသည်။
‘ဘဏ်ဓားပြတိုက်သူကို ဘဏ်ရှေ့တွင် ဖမ်းမိ’ ‘တစ်ကိုယ်တော်ဓားပြကို ဘဏ်ဝန်ထမ်းအမျိုးသမီးတို့ လုံးထွေးဖမ်းဆီး’
‘မိန်းမချောသုံးယောက်က ဘဏ်ဓားပြကို ရဲဝံ့စွာ ဖမ်းဆီးပြီး ရဲစခန်းသွားပို့’
အိုး…မိုင်…ဂေါ့…။ ဘယ်လိုဖြစ်ရတာလဲ ပြာသိုကြည်တင်ရယ်ဟု ဆရာကျွဲ တစ်ယောက်တည်း တီးတိုး ရေရွတ်လိုက်မိသည်။ မည်သည့်နေရာတွင် မည်သို့ မှားယွင်းသွားလေသနည်း။
မည်သို့ မည်ပုံ မှားယွင်းကြောင်း သိရှိရန်အလို့ငှာ ဆရာကျွဲလည်း အဖမ်းခံနေရသော ပြာသိုကြည်တင်ထံသို့ ထောင်ဝင်စာ သွားတွေ့လိုက်သည်။
ဆရာကျွဲရောက်လာသောကြောင့် ပြာသိုကြည်တင် ဝမ်းသာအယ်လဲ ဖြစ်သွားသည်။
”ပြာသိုကြည်တင်ရေ၊ ဘယ်လိုဖြစ်ရတာလဲ။ ငါပေးတဲ့ အကြံတွေအတိုင်း အကုန်လုံး မလိုက်နာဘူးလား”
”ရာနှုန်းပြည့် လိုက်နာပါတယ် ဆရာကျွဲရာ၊ အကြံတွေ သိပ်ကောင်းပါတယ်။ လုံခြုံရေးဝန်ထမ်းတွေ စားတဲ့ထမင်းထဲ ထည့်လိုက်တဲ့ ဝမ်းနုတ်ဆေးကလည်း အစွမ်းထက်တယ်။ဘဏ်ထဲမှာ အားလုံး အဆင်ပြေတယ်။ သေနတ်အတုကလည်း အလုပ်ဖြစ်တယ်၊ ကျွန်တော့်ကို အားလုံး ကြောက်ကြတယ်။ ကြမ်းပြင်ပေါ် ဝပ်ဆို အားလုံး ဝပ်ကြတာပဲ။ ခေါင်းတောင် ထောင်မကြည့်ရဲ ကြဘူး။ ဖြစ်စဉ်အားလုံးလိုလိုဟာ ကျွန်တော်တို့ကြည့်ခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကြမ်းကားထဲက ဇာတ်ဝင်ခန်းလို တိတိကျကျဖြစ်ခဲ့ပါတယ်”
လုံခြုံရေးကင်မရာတွင် မှတ်တမ်းမကျန်စေရန်အတွက် မိန်းခလုတ်ချဖြစ်အောင် ချပါဟူသော ဆရာကျွဲ၏ အကြံပေးချက်မှာ အကောင်အထည် မဖော်လိုက်ရဟု သူက ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘဏ်ထဲဝင်ချိန်မှာပင် တစ်မြို့နယ်လုံး မီးပျက်သွားသောကြောင့် ဟူ၏။
သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ပြာသိုကြည်တင် အဖမ်းခံလိုက်ရသနည်း။ ဆရာကျွဲမျက်လုံးထဲ မြင်ယောင်မိခဲ့သည်က ဘဏ်ထဲမှ ငွေထုပ်ထမ်းပြီး တစ်လှမ်းချင်း ထွက်လာမည့် လူငယ်လေး ပြာသိုကြည်တင် ဖြစ်သည်။ အခုတော့ ဒီလူငယ်လေးက သံတိုင်နောက် ရောက်နေလေပြီ။
”ကျွန်တော်တို့က ဟောလိဝုဒ်ဇာတ်ကားထဲက လူဆိုးတွေကိုပဲ အာရုံစိုက်ခဲ့တာ မှားသွားတယ်ဗျ။ ငွေထုပ် အရွယ်အစား ဘယ်လောက်ရှိလဲ ထည့်မတွက်မိခဲ့ဘူး။ သူတို့ပိုက်ဆံက ဒေါ်လာတွေဆိုတော့ အထုပ်အထည် သိပ်မကြီးဘူး။ အဲဒါကိုမှ လူဆိုး သုံးလေးယောက်က ခွဲသယ်တာ။ ကျွန်တော့်စီမံကိန်းမှာက ကျွန်တော်က တစ်ကိုယ်တော်ဗျ။ ပြီးတော့ သယ်ရတဲ့ ပိုက်ဆံက ဒေါ်လာ မဟုတ်ဘူး။ ဆရာကျွဲသိတဲ့အတိုင်းပဲ၊ ကျွန်တော်တို့ ဒုက္ခသီရိပိုက်ဆံက အင်မတန် ဖောင်းပွတာ။ ကားတစ်စီးဝယ်မယ်ဆိုရင် ပိုက်ဆံကို ဆန်အိတ်တွေထဲ ထည့်ပြီး လူသုံးလေးယောက် သယ်ရတာ မဟုတ်လား”
ဆရာကျွဲ သဘောပေါက်လိုက်ပြီ။ သံတိုင်နောက်မှ လူငယ်လေး၏ မဟာစွန့်စားခန်းမှာ အကြံပေးသူ၏ အားနည်းချက်ကြောင့် ဇာတ်သိမ်းမလှခဲ့ပေ။
”ဆရာကျွဲရေ၊ ဖြစ်သမျှအကြောင်း အကောင်းချည်းပဲလို့သာ မှတ်ယူရတော့မှာပဲ။ လောလောဆယ်တော့ ကျွန်တော့်မှာ သတင်းကောင်းတစ်ခုနဲ့ သတင်းဆိုး တစ်ခု ရှိတယ်”
”သတင်းကောင်း အရင်ပြောကွာ”
”သတင်းကောင်းကတော့ အဲဒီနေ့က ဘဏ်မှာ ငွေသားသန်းသုံးထောင်ထက်မနည်း ရှိတယ်။ ကျွန်တော် အကုန်မသယ်နိုင်ဘူးဆိုတာ အဲဒီ မန်နေဂျာကြီးက သဘောပေါက်မှာပဲ။ အထက်ကို အစီရင်ခံတဲ့အခါ ဓားပြတိုက်ခံရတဲ့ ငွေပမာဏကို ပိုပိုသာသာပြပြီး သူ့အိတ်ထဲ ထည့်ဖို့ စိတ်ကူးရှိမှာ သေချာတယ်။ သို့သော်လည်း ကျွန်တော့်စီမံကိန်း မအောင်မြင်တဲ့အတွက် သူလည်း အိတ်ထဲ မထည့်လိုက်ရရှာဘူးဆိုတော့ ဒါက သတင်းကောင်းပေါ့ဗျာ”
သြော်…အာဃာတ ကြီးမားရှာသော လူငယ်လေးပါတကား။ သတင်းဆိုးကရော ဘာပါလိမ့်။
သတင်းဆိုးကို ပြာသိုကြည်တင်က ဆက်ပြောပြသည်။
”သတင်းဆိုးကတော့ဗျာ၊ ကျွန်တော့်ကို ရဲစခန်းပို့တဲ့ ငတိမ သုံးယောက်ဆိုတာ တခြားမဟုတ်ဘူးဗျ၊ ကျွန်တော်ကြိတ်ပြီး ကြိုက်နေတဲ့ မိန်းမချောလေးတွေပါပဲဗျာ။ အစပိုင်းတော့ သူတို့လည်း အများနည်းတူ ကြမ်းပြင်ပေါ် ဝပ်နေကြရတာပေါ့။ နောက်ဆုံး ကျွန်တော်လည်း သေနတ်အတုကို ခါးကြားထိုး၊ ငွေထုပ်တွေထဲက အကြီးဆုံးနှစ်ထုပ်ကို ဆင့်ပြီး ပခုံးပေါ်တင်၊ ကျန်ခဲ့တဲ့ ငွေထုပ်ပေါင်းများစွာကို နှမြောစိတ်အပြည့်နဲ့ ကျောခိုင်းထွက်လာခဲ့တာ ဘဏ်ရှေ့မှာ ခလုတ်တိုက် လဲပါလေရော။ ထမ်းထားတဲ့ အထုပ်နှစ်ခုကြောင့် ဘယ်လိုမှ ထလို့ မရတော့ဘူး။ ဒါနဲ့ပဲ ကျွန်တော် ကြိတ်ပြီး ခံစားနေတဲ့ ဒီမိန်းကလေးတွေက ကျွန်တော့်ကို လုံးထွေးပြီး ဝင်ဖမ်းတော့တာပါပဲ”
ဤသည်တို့မှာ ဒုက္ခသီရိတွင် မကြာသေးခင်က အမှန်တကယ် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်မှန်များ ဖြစ်တော့သည်။
စာရှုသူမိတ်ဆွေ၊ ကျွနု်ပ်၏ အကြံပေးချက်အတိုင်း လိုက်လံလုပ်ဆောင်သူများစွာ ရှိရာ အောင်မြင်မှုသရဖူ ဆွတ်ခူးသူ ရှိသကဲ့သို့ ကံဇာတ်ဆရာကြောင့် အခက်အခဲကြုံရသူလည်း ရှိတတ်ပါသည်။
အကြံဉာဏ် ရယူရေးအတွက် တိုင်ပင်လိုပါက ရုံးချိန်အတွင်း လာရောက် တွေ့ဆုံ ဆွေးနွေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ။
၂၀၁၇-ဇူလိုင်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၈)မှ သရော်စာ ဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။