ဂေထော
ရန်ကုန်- ၂၀၂၀ မတ် ၂၆ (မော်ကွန်း)
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် General Enterprises Garment အထည်ချုပ်စက်ရုံ၌ အလုပ်သမားလျှော့ချမည်ဆိုသောကြောင့်အလုပ်သမားများ ယနေ့ဆန္ဒပြခဲ့ကြရာ အလုပ်ရှင်နှင့် အလုပ်သမားများကြား ပြေလည်မှုရရှိခဲ့ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က မော်ကွန်းသို့ ပြောသည်။
စက်ရုံတွင် အော်ဒါမရရှိသည့်အကြောင်းပြချက်ဖြင့် လုပ်သက်တစ်နှစ်အောက်နှင့် ခြောက်လအောက် ဝန်ထမ်းများကို အလုပ်သမားအင်အားလျှော့ချမည်ဆိုသောကြောင့်ဆန္ဒပြခြင်းဖြစ်ပြီး အလုပ်ပြန်ခန့်ရေး၊ ဘောစ်နပ်ပေးရေး၊ အလုပ်သမားညှိနှိုင်းရေးကောင်စီဖျက်သိမ်းပေးရေးတို့ကို တောင်းဆိုခဲ့ကြသည်။
“အလုပ်သမားလျှော့ချရေးကို ပြန်လည်ပြီးသုံးသပ်ပေးမယ်ဆိုတဲ့အဖြေရတယ်၊အဲ့ဒါသူတို့ (အလုပ်သမား)တွေ ကျေနပ်တယ်၊ နောက်ဘောစ်နပ်က ဒီနှစ်တော့ မပေးနိုင်ဘူးတဲ့၊ တတိယအချက်က WCC (အလုပ်သမားညှိနှိုင်းရေးကောင်စီ) ကတော့ အလုပ်သမားတွေကျေနပ်ရင်ဖွဲ့၊ မကျေနပ်ရင်လည်း မဖွဲ့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တယ်” ဟု ဦးကျော်ကျော်မောင်က ပြောသည်။
လုပ်သားအင်အားမလျှော့ချရန် အလုပ်သမားများ၏ တောင်းဆိုမှုများကို အလုပ်သမားကိုယ်စားလှယ်များ၊ စက်ရုံမှ တာဝန်ရှိသူများနှင့် ဒဂုံမြို့သစ်အရှေ့ပိုင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တို့က ညှိုနှိုင်းပေးခဲ့ကြခြင်းဖြစ်ပြီး ဆန္ဒထုတ်ဖော်မှု၌ အလုပ်သမားသုံးထောင်နီးပါးရှိကြောင်း သူကဆိုသည်။
မြန်မာနိုင်ငံတွင် Covid 19 ကြောင့် ရန်ကုန်တိုင်းအတွင်းရှိ အထည်ချုပ်စက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရပြီး ပိတ်သိမ်းသည့် စက်ရုံ၊ ယာယီရပ်နားသည့် စက်ရုံ ၃၇ ရုံရှိပြီး အလုပ်သမား ၁၇,၀၀၀ ကျော် အလုပ်လက်မဲ့ဖြစ်ခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က မီဒီယာများသို့ ပြောဆိုထားသည်။
ပုံစာ။ စက်ရုံအရှေ့တွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်နေမှု၌ အလုပ်သမားကိုယ်စားလှယ်များ ဝင်ရောက် ညှိုနှိုင်းပေးနေစဥ်
photo# MICS-TUsF- Myanmar ဖေ့ဘုတ်စ့်ပေ့စ်
#Dailynews