လိုင်ဇာ-၂၀၂၄ ဇန်နဝါရီ ၃ (မော်ကွန်း)
ကချင်ပြည်နယ်၊ KIA ထိန်းချုပ်ဒေသ လိုင်ဇာအနီးမှာ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ဒီနေ့မနက်ပိုင်းက ပစ်ချနိုင်ခဲ့တယ်လို့ ကချင်အမျိုးသားလွတ်လပ်ရေးတပ်မတော် KIA သတင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကို အတည်ပြုပြောပါတယ်။
ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ မြစ်ကြီးနားလေဆိပ်ကနေ တက်လာတာဖြစ်ပြီး လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းကို ထောက်ပို့လာတာလို့ သူကပြောပါတယ်။
“လိုင်ဇာမှာတော့မဟုတ်ပါဘူး။ လိုင်ဇာနဲ့တော့ နီးတာပေါ့။ စကစရဲ့ နပေါတပ်စခန်းနားမှာဖြစ်ပါတယ်။ မြစ်ကြီးနားလေတပ်ကနေ သူတို့ရဲ့တပ်စခန်းဘက်ကို ရိက္ခာပို့တာလား စစ်လက်နက်တွေပို့တာလားတော့မသိဘူး။ ရဟတ်ယာဉ်တစ်စီးတက်ပြီးမှ ပစ္စည်းတွေချတယ်၊ ချပြီးမှပြန်တက်သွားတဲ့အချိန်မှာ ပစ်ပြီးမှထိမှန်သွားတာဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ပျက်ကျသွားတဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ်အမျိုးအစားကိုတော့ လက်ရှိအချိန်ထိ မသိရသေးဘူးလို့ သူကဆိုပါတယ်။
“အခုထက်ထိကတော့ ရှေ့တန်းသမားတွေ အကြောင်းကြားတာမရှိဘူး။(ရဟတ်ယာဉ်အမျိုးအစားကို) မေးတော့မေးထားပါတယ်။ ပျက်ကျသွားတဲ့နေရာမှာ နယ်မြေရှင်းလင်းရေးလုပ်နေတုန်းဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်တစ်ခုမှာလည်း ရဟတ်ယာဉ်တစ်စီး မီးခိုးတွေထွက်ပြီး ပျက်ကျသွားတာကို မြင်တွေ့ရပါတယ်။
စစ်ကောင်စီဘက်ကတော့ ရဟတ်ယာဉ်ပစ်ချခံရတာနဲ့ပက်သက်ပြီး လက်ရှိအချိန်ထိ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
၂၀၂၁ မေလတုန်းကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ MI-35 ရဟတ်ယာဉ်တစ်စီးကို KIA က ပစ်ချခဲ့ပါတယ်။
ပုံစာ-လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံနှံ့နေတဲ့ စစ်ကောင်စီရဟတ်ယာဉ် ပစ်ချခံလိုက်ရပုံ။
ဓာတ်ပုံ-Lahtaw Zau Seng

