ရန်ကုန်- ၂၀၂၃၊ အောက်တိုဘာ ၁၉ (မော်ကွန်း)
လာမယ့်လေးရက်အတွင်း ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ် (Depression) ဖြစ်ပေါ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသတွေမှာနေထိုင်သူတွေ အထူးသတိပြုနေထိုင်ရမယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“ အောက်တိုဘာ ၂၃ ရက်ကျရင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ မုန်တိုင်းငယ်တစ်ခုဖြစ်လာနိုင်တယ်လို့ တွေ့ထားတယ်။ မြန်မာ့ကမ်းရိုးတန်းကိုဖြတ်သန်းနိုင်တယ်လို့ ဖော်ပြထားတာတွေရှိတယ်။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကလူတွေ အထူးသတိပြုနေထိုင်ရမယ်။” လို့သူကပြောပါတယ်။
အောက်တိုဘာလမှာဖြစ်ပေါ်တဲ့ မုန်တိုင်းတွေဟာ ဆိုက်ကလုန်းမုန်တိုင်းအဖြစ်ပြောင်းလဲနိုင်တာကြောင့် စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ်လို့ ဦးလှထွန်းကဆက်ပြောပါတယ်။
“အောက်တိုဘာလမှာဖြစ်တဲ့ မုန်တိုင်းတွေအများစုက မြန်မာနိုင်ငံကို ဖြတ်သန်းလေ့ရှိတယ်။ ဥပမာ ဂီရိဆိုက်ကလုန်းမုန်တိုင်းဆို အောက်တိုဘာမှာပဲ ဝင်ရောက်ခဲ့တာ။ အဲဒီတော့ ဆိုက်ကလုန်းမုန်တိုင်းအဆင့်ကို ပြောင်းသွားမလား ဆိုတာကတော့ ဆက်ပြီးစောင့်ကြည့်ရမယ်။” လို့ သူကပြောပါတယ်။
အင်းအားပြင်း ဂီရိ (GIRI) ဆိုက်ကလုန်းမုန်တိုင်းဟာ ၂၀၁၀ အောက်တိုဘာ ၂၂ ရက်မှာ ရခိုင်ကမ်းရိုးတန်းကနေ စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ အခုနှစ် မေလ ၁၄ ရက်ကလည်းအင်းအားပြင်း မိုခါဆိုက်ကလုန်းမုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။
မိုခါဆိုက်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က လူဦးရေ ၁ ဒသမ ၅ သန်းကျော်ဟာ လေဘေးသင့်ခဲ့သလို လူသေဆုံးမှု ၁၆၄ ဦးရှိခဲ့တယ်လို့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားတယ်။
ပုံစာ- မိုခါဆိုက်ကလုန်းတိုက်ခတ်မှုအပြီး စစ်တွေမြို့မြင်ကွင်း
ဓာတ်ပုံ – World Food Programme Myanmar

