ရန်ကုန် – ၂၀၂၃၊ စက်တင်ဘာ ၂၆ (မော်ကွန်း)
ထိုင်းနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ် ဟာ မြန်မာနိုင်ငံကို လာမယ့်နှစ်ရက်အတွင်းဖြတ်နိုင်ပြီး ရန်ကုန်အပါအဝင် မြန်မာနိုင်ငံတောင်ပိုင်းဒေသတွေမှာ မိုးသက်လေပြင်းကျနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
“ ရုတ်တရတ်ရေကြီးတာတွေလည်းဖြစ်နိုင်တာကြောင့် မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာနေထိုင်သူတွေအနေနဲ့ သတိပြုဖို့လိုပါမယ်။ ပြည်တွင်းလေကြောင်းတွေ ငါးဖမ်းရေယာဉ်တွေလည်းသတိပြုဖို့လိုပါတယ်။”
လေဖိအားနည်းဆဲလ် (Low Pressure Cell) ဆိုတာဟာ လေထုသိတ်သည်းဆနည်းတဲ့ ဖြစ်စဉ်ကိုဆိုလိုတာဖြစ်ပြီး၊ လေဖိအားနည်းဆဲလ်တွေ တစ်ခုထက်ပိုဖြစ်လာတဲ့အခါ လေဖိအားနည်းရပ်ဝန်းကြီးတစ်ခုဖြစ်လာတယ်လို့ မိုးလေဝသပညာရှင်တွေကပြောပါတယ်။
အဲဒီလေဖိအားနည်းဆဲလ်ဟာ လေပွေလှိုင်းတွေအနေနဲ့ မွန်နဲ့ ကရင်ပြည်နယ်တွေကဝင်ရောက်ကာ အနောက်မြောက်ဘက် ရခိုင်ပြည်နယ်ကိုဖြတ်သန်းသွားပြီး အိန္ဒိယနိုင်ငံထဲဝင်ရောက်သွားမှာဖြစ်တယ်လို့ဦးလှထွန်းကပြောပါတယ်။
အိန္ဒိယနိုင်ငံမှာတော့ အားကောင်းတဲ့မုန်တိုင်းတစ်ခုဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာတော့ ရန်ကုန်အပါဝင် ပဲခူး၊ ကရင်၊ မွန်၊ တနင်္သာရီ၊ ဧရာဝတီ နဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်သူတွေအနေနဲ့သတိပြုကြဖို့မိုးဇလကထုတ်ပြန်ထားပါတယ်။
အဲဒီလေဖိအားနည်းဆဲလ်ကြောင့် ရေပြင်၊ မြေပြင်လေတိုက်နှုန်းက မိုးသက်လေပြင်းကျချိန်မှာ တစ်နာရီ ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
မိုးဇလကတော့ ဒီလေဖိအားနည်းဆဲလ်ကြောင့် မိုးကြီးတာနှင့်အတူလေပြင်းတိုက်ခတ်တာ၊ ရုတ်တရတ်ရေကြီးတာတွေနဲ့ မြေပြိုတာတွေကြောင့် ကုန်းမြင့်ပေါ်နေထိုင်သူတွေ၊ မြစ်ကမ်းနဘေးနေထိုင်သူတွေ ကြိုတင်သတိပြုသင့်တယ်လို့ ဦးလှထွန်းကပြောပါတယ်။
နောက်ပြီး လေကြောင်းခရီးစဉ်တွေ၊ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ အနေနဲ့လည်း သတိပြုသင့်တယ်လို့ဆိုပါတယ်။
မေလ ၁၄ ရက်ကလည်း ရခိုင်ပြည်နယ်ကို အင်အားပြင်း ဆိုက်ကလုန်းမုန်တိုင်းမိုခါ ဝင်ရောက်ခဲ့တာကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းကျော် လေဘေးသင့်ခဲ့ပြီး ၁၆၄ ဦး သေဆုံးခဲ့တယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဇူလိုင် ၃၁၊ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွေ ရေကြီးမှုမြင်ကွင်း။
ဓာတ်ပုံ- Mawkun
#Dailynews

