Photo- Thet Oo Mon
ရန်ကုန်မြို့လယ်လို့ ပြောလို့ရနိုင်တဲ့ လသာလမ်းတစ်ဝိုက်မှာ ဈေးဝယ်သူ၊ ရောင်းသူဖြတ်သွားဖြတ်လာ၊ ကားကြီးကားငယ်တွေနဲ့ စည်စည်ကားကားရှိနေတယ်။ ညဉ့်အတော်နက်တဲ့အထိ ဈေးဆိုင်တွေဖွင့်တယ်။ ဘီယာဆိုင်တွေ၊ သစ်သီးဆိုင်တွေ၊အကင်ဆိုင်တွေ စသဖြင့် နှစ်သက်ရာကို ရွေးချယ် ဝယ်ယူစားသောက်နိုင်တာကြောင့်ဒီလသာလမ်းတစ်ဝိုက်ကညစဉ် အသက်ဝင်လှုပ်ရှားနေတတ်တယ်။
ထိုနေရာမှာ ဈေးဝယ်သူ၊ ရောင်းသူတွေအပြင် စုစုရုံးရုံး လူအုပ်စုလေးတစ်ခုလည်းရှိတယ်။ ထိုလူစုက လသာလမ်းနဲ့ မဟာဗန္ဓုလလမ်းမီးပွိုင့်ထောင့်မှာပါ။ လူဆယ်ယောက်လောက်ရှိတယ်။ အဲဒီနေရာမှာ ပက်လက်ကုလားထိုင် ခုံအသေးလေးတွေတန်းစီပြီး ချထားတယ်။ တချို့ကခုံပေါ်မှာ ထိုင်လျက်။ တချို့ကပက်လက်လှန်ပြီး ညောင်းညာမှုတွေကို ဖြေလျော့နေကြတယ်။
ဖြေလျော့ပေးနေတဲ့သူတွေကတော့ အကြောကိုနိုင်နင်းတဲ့အနှိပ်ဆရာတွေပါ။ တော်ရုံဖျားနာတာလောက် လေးလံထိုင်းမှိုင်းတာလောက်ဆိုရင် သူတို့လက်နဲ့ နှိပ်နယ်ထုထောင်းလိုက်တာနဲ့သက်သာသွားတယ်။ ကျွန်တော် သူတို့နဲ့ သိကျွမ်းခဲ့တာ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်တည်းကပါ။ ဒီနေရာလေးကို စိတ်ဝင်တစားလည်း ဖြစ်တာကြောင့် ဒီအသိုက်အဝန်းလေးနဲ့ အနှိပ်ဆရာတစ်ယောက်အကြောင်းကို ရေးဖို့ ဟန်ပြင်နေခဲ့တာ။ ဒီကနေ့ အခွင့်ကြုံခဲ့ပြီ။
ကျွန်တော်ရောက်သွားတဲ့အချိန်က ညဆယ်နာရီဝန်းကျင်လောက်။ ရာသီဥတုက သာသာယာယာပဲ။ နေ့လယ်ဘက် မိုးလေးတစ်ဖြိုက်နှစ်ဖြိုက် ကျထားတာကြောင့် အပူရှိန်က လျော့ပါးနေတယ်။ ကမ်းနားက တက်လာတဲ့ လေနုအေးကလည်း တစ်ချက်တစ်ချက် တိုးဝှေ့တိုက်ခတ်သေးတာ။
ကြိုဖုန်းဆက်ထားတဲ့ ကိုဇော်ထွန်းအောင်က ခရီးကြိုတယ်။ သူ့ကို မေးမြန်းဖို့ အဆင်မပြေမှာ စိုးတာကြောင့် လူစုရဲ့နောက်ဘက်မှာ နေရာချပေးတယ်။ အသက် ၂၅ နှစ်အရွယ် သူ့ပုံစံကအသားခပ်ညိုညို ခန္ဓာကိုယ်က ခပ်ပြည့်ပြည့် ကြော်ငြာတစ်ခုပါတဲ့ စွပ်ကျယ်အဖြူ ဝတ်ထားပြီး ပုဆိုးက ခပ်တိုတိုရယ်။
သူက ဒီအလုပ်ကို မျိုးရိုးစဉ်ဆက် ဆက်ခံခဲ့တာ။ သူ့အမေဘက်က အဘိုးလက်ထက်ကနေ ဒီကနေ့အထိ ဒီနေရာက နှစ်ပေါင်း ၆ဝ ကျော်လောက်ရှိပြီလို့ သူက ခန့်မှန်းပြောပြတယ်။ သူ့အဘိုးတွေလက်ထက်က နှိပ်ခက ငါးမူး၊ တစ်ကျပ်ခေတ်။ လသာဆိုတာလည်း ဒီကနေ့လို လမ်းကျယ်ကြီးမဟုတ်ဘူး။ လမ်းလေးခပ်ကျဉ်းကျဉ်းမှာ သစ်သားခုံလေးတွေနဲ့ စတင်ခဲ့တာလို့ သူကဆိုတယ်။
သူကတော့ ဒီမှာလုပ်တာ ခြောက်နှစ်ဝန်းကျင်ရှိပြီ။ ပြောရရင် လက်ရှိ သူက နောက်ဆုံးမျိုးဆက်ပဲ။မောင်နှမလေးယောက်ရှိတဲ့အထဲ သူတစ်ယောက်ပဲ ဆက်ခံခဲ့တာ။ သူ့နောက်မှာတော့အခုထိ ဒီအလုပ်ကို ဆက်ခံမယ့်သူ အမျိုးထဲမှာ မရှိသေးဘူး။ အခုသူဟာ သူ့အဖေ အပါအဝင် ဦးလေးတွေနဲ့အတူ ဒီနေရာမှာအလုပ်လုပ်နေတာပါ။
”ဒီအလုပ်ကို ပထမတော့ မလုပ်ချင်ဘူး။ သူများခြေထောက်ကိုင်ရတယ်၊ ရှက်တယ်၊ ကိုယ်သိက္ခာကျတယ်ပေါ့။ အဲလိုမျိုး ထင်ပြီး မလုပ်ချင်ဘူး”
၁ဝ တန်း ကျပြီးချိန်တည်းက အခြားရေမော်တာပြင်၊ ကားကူရှင်ချုပ်၊ စာရေးအလုပ်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ဘူး။ အလုပ်ရှင်နဲ့ရော လုပ်ဖော်ကိုင်ဖက်တွေနဲ့ရော အဆင်မပြေဖြစ်တော့ သူစိတ်ညစ်လာတယ်။ ဒါနဲ့ သူ့မိဘတွေက ဒီအလုပ်လုပ်ဖို့ တိုက်တွန်းတယ်။ အဲဒီအချိန် သူ့အသက်က ၁၉ နှစ်။
ဒီမှာက ကိုယ်ပိုင်အလုပ်လိုလည်း ဖြစ်တယ်။ ဘယ်သူ့မျက်နှာမှလည်း ကြည့်စရာမလိုဘူး ဆိုပြီး ဒီအလုပ်ကိုစလုပ်ဖို့ သူဆုံးဖြတ်ခဲ့တယ်။ ချက်ချင်းအလုပ်ဝင်ရတာတော့ မဟုတ်ဘူး။အနှိပ်ပညာကို သူ့အဖေဆီက သင်ရသေးတယ်။ အိမ်မှာ အနှိပ်ထိုင်ခုံလေးရှိတယ်။ အဲဒီခုံပေါ်မှာ အဖေဖြစ်သူကို နှိပ်ပေးရင်းအကြောပညာ သင်ရတယ်။
ဘယ်နေရာက ဘယ်အကြောကိုနှိပ်ရင် ဘာဖြစ်မယ်ဆိုတာတွေ ဆောင်ရန်၊ ရှောင်ရန်တွေသင်ရတယ်။ သူ့ဦးလေးတွေကလည်း သင်ပေးတယ်။ သူတို့ အိမ်ကိုလာတဲ့အချိန် နှိပ်ခိုင်းပြီးဦးလေးလို သဘောမထားဘဲ ကိုယ့်ဆီလာအနှိပ်ခံတဲ့သူလိုသဘောထားပြီး နှိပ်ပေးဖို့ သင်တယ်။
”အဖေက နှိပ်နေရင်းနဲ့ ပြတာ။ ဒီနေရာမှာ လူတစ်ယောက်အကြောထိရင် ‘အား’ ဆို အော်တာပဲ။ အကြောမထိရင်ကြွက်သားပဲထိတာ”လို့ သူ့အဖေ သင်ပေးခဲ့တာကို ပြန်ပြောပြတယ်။
ဒီလိုနဲ့ နှစ်ပတ်လောက် အနှိပ်ပညာသင်ပြီး လုပ်ငန်းခွင်စဝင်ရတယ်။ တကယ်တမ်းသင်မယ်ဆိုရင်တော့ တစ်လလောက်သင်ရတယ်။ အလုပ်ထဲလည်း လုပ်ရင်းသင်ယူရပါသေးတယ်။စစဝင်တော့ သူ့အနေနဲ့ ဒီအလုပ်လုပ်ဖို့ မရဲဘူး။ သူများတွေကဘယ်လို မြင်မလဲ၊ အထင်သေးမလားဆိုပြီး စိုးရိမ်နေခဲ့တယ်လို့သူက ပြောပြတယ်။
ငယ်ငယ်တုန်းကတော့ အဖေဖြစ်သူနဲ့ ဒီအလုပ်ထဲ လိုက်လာခဲ့ပြီး ကလေးဘာသာဘာဝ ဆော့ကစား၊ မုန့်စား။ အချိန်တန်အိမ်ပြန်ခဲ့တာ၊ ဒါပေမဲ့ တကယ်တမ်းနဖူးတွေ့ ဒူးတွေ့ လုပ်ရတော့ မယ်ဆိုတော့ သူရှက်နေခဲ့တယ်။
”ပတ်ဝန်းကျင်လည်း ရဲရဲမကြည့်ရဲဘူး”
ဘာလို့လဲဆိုတော့ သူနဲ့ ရွယ်တူတန်းတူတွေ အထူးသဖြင့်မိန်းကလေးငယ်တွေ ဖြတ်သွားဖြတ်လာရင် သူမနေတတ်တော့ဘူး။ ဖြတ်သွားရုံမက သူ့ကိုလှမ်းကြည့်ရင် ရှက်တဲ့စိတ်ကြောင့်နေမထိထိုင်မသာ ဖြစ်လာတယ်လို့ သူက ဆိုတယ်။
သူ ပထမဆုံးနှိပ်ပေးရတဲ့ လူက အသက် ၅ဝ ကျော်လူကြီးတစ်ဦး။ သူ့အဖေနဲ့ နှိပ်နေကျသူပါ။ သူ့အဖေကလည်း သေချာပြောပြတယ်။ သူ့သားဖြစ်ကြောင်းနဲ့ ပထမဆုံးနှိပ်တာဖြစ်ပြီးနည်းနည်းလေး လက်ရည်စမ်းကြည့်ပေးပါလို့ ပြောထားတယ်။
ပထမဆုံးအတွေ့အကြုံကတော့ သူ့အတွက် နှိပ်ရတာလည်း အကြောတွေက မလျော့မတင်းနဲ့ အဆင်ပြေတဲ့သူဖြစ်တယ်လို့ သူက ဆိုတယ်။ ဒါပေမဲ့ စိတ်ထဲတော့ သူနှိပ်လိုက်လို့တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေခဲ့တယ်လို့ဆိုတယ်။ နှိပ်ခ ၃,ဝဝဝကျပ် ရခဲ့တယ်။
သူ့ဆီလာနှိပ်တဲ့ သူတွေကလည်း လူတန်းစားအစုံ၊အသက်အရွယ်အစုံပဲ။ ဆရာဝန်တစ်ယောက်ဆိုရင် သူ့ကို ဒီအလုပ်လုပ်တာ အောက်ကျတဲ့အလုပ် မဟုတ်ဘူးလို့ ပြောပြတယ်လို့ဆိုတယ်။ သူဆိုရင် သူများတွေ မထိချင် မကိုင်ချင်တဲ့ နံဟောင်နေတဲ့ အနာတွေ ကိုင်တွယ်နေရတာလို့ဆိုတယ်။ ဒီအလုပ်ဟာလည်းရောဂါဖြစ်တဲ့လူတွေကို ကုသပေးတဲ့ အလုပ်ဖြစ်တယ် လို့ အားပေးခဲ့တယ်။ တခြားလာနှိပ်တဲ့သူတွေကလည်း သူ့ကိုမရှက်ဖို့ အားပေးကြတယ်။
ဒီလိုနဲ့ မရဲတရဲနှိပ်ရင်းနဲ့ ဒီအလုပ်မှာ နေသားကျလာခဲ့တယ်။ ရှက်စိတ်လည်း မရှိတော့ဘူး။ သူများပစ္စည်းခိုးတာလည်းမဟုတ်၊ မဟုတ်တာ လုပ်တာလည်း မဟုတ်၊ သမ္မာအာဇီဝကျကျကိုယ့်လုပ်အားနဲ့ ရှာဖွေစားသောက်တဲ့အလုပ်လို့ သူက ခံယူထားတယ်။
လက်ပန်းကျရတယ်
နှိပ်တဲ့အလုပ်ကလည်း လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။လက်အကြောတွေ သန်နေဖို့လိုတယ်။ ကျန်းမာရေးလည်းကောင်းရတယ်။ လက်ကို အကြောသန်ဖို့လည်း လေ့ကျင့်ရပါတယ်။ နည်းကတော့ သူ့အဖေသင်ပေးတာ။ သတင်းစာစက္ကူတွေကို ရေဆွတ်၊ လက်ထိပ်ကလေးတွေနဲ့လုံးပြီးရင် အမှုန့်ဖြစ်အောင်ချေပြီး လေ့ကျင့်ရတယ်လို့ သူက ဆိုတယ်။
အကြောတွေကို ရှာရ၊ နှိပ်ရတာလည်း သာမန်ပျော့ပျောင်းတဲ့သူဆို အဆင်ပြေပေမယ့် အားကစားလုပ်တဲ့သူ၊ အလွန်ဝတဲ့သူဆို ဇောချွေးပါ ပြန်ရတယ်။ နောက်တစ်မျိုးလည်း ရှိသေးတယ်။လူသာပိန်ပေမယ့် ဘယ်လောက် နှိပ်နှိပ် မဖြုံဘဲ အကြောတင်းတဲ့သူမျိုး။
”တစ်ခါတလေကျရင် အကြောမတွေ့တဲ့အချိန်ဆိုဇောချွေးပါပြန်တယ်”လို့ သူက ဆိုတယ်။
ဘာဖြစ်လို့လည်းဆိုတော့ လာနှိပ်တဲ့သူကို အကြောပြေအောင် မနှိပ်ပေးနိုင်ရင် ဖောက်သည်ပျက်မှာနဲ့ နာမည်ပျက်မှာကိုစိုးရိမ်ရတယ်။ အဲဒီလို လူမျိုးလာပြီဆို ပုံမှန်ထက် နှစ်ဆလောက်ပိုပင်ပန်းတယ်လို့ ဆိုတယ်။
အကြောနဲ့ ပတ်သက်ရင်တော့ လက်ပြင်ကြောငုပ်၊ ခါးနာ၊ဒူးနာ၊ အုံးလွဲတာတွေအပြင် လေဖြတ်တဲ့အထိ မရောက်ခင် လေဖြန်းတာလောက်အထိ နှိပ်နိုင်တယ်လို့ သူကဆိုတယ်။
ဒီကိုလာတဲ့သူ အများစုကလည်း အဲဒီလိုရောဂါတွေဖြစ်ပြီးထိထိရောက်ရောက် အနှိပ်ခံချင်ကြသူတွေ လာတာများတယ်။ ကောင်မလေးတွေနှိပ်တဲ့ အဲကွန်းအနှိပ်ခန်းတွေ ပေါများပေမယ့်အကြောနဲ့ပတ်သက်ပြီး ဖြစ်လာပြီဆို သူတို့ဆီပဲရောက်လာကြတယ်လို့ ကိုဇော်ထွန်းအောင်က ဆိုပါတယ်။ တစ်ခါကဆို ကောင်မလေးနှိပ်လိုက်လို့ ခါးကြောမျက်သွားတဲ့ လူတစ်ယောက် သူ့ဆီရောက်လာဖူးတယ်လို့ ပြောပြတယ်။
”အကြောတွေက အမျှင်လေးတွေပဲ။ ဘယ်အကြော၊ဘယ်အကြောဆိုတာကို လက်ကလေးနဲ့ ခတ်ကြည့်တာ၊ စမ်းလိုက်တာနဲ့ သိတယ်”လို့ သူက ဆိုတယ်။
သူကတော့ ဘယ်သူ့မဆို စေတနာထားကာ လာတဲ့သူတွေရောဂါသက်သာပါစေစိတ်နဲ့ အကောင်းဆုံးဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။ တစ်ခါတလေ ပိုက်ဆံမပါတဲ့ သူတွေဆိုလည်း ပါသလောက်ပဲ ယူထားလိုက်ပြီး နှိပ်ပေးလိုက်တယ်လို့ဆိုတယ်။
”ဒီအလုပ်က ပျော်ဖို့ကောင်းပါတယ်။ တစ်ခါတလေကျတော့လည်း စိတ်ညစ်စရာလေးတွေ ရှိတာပေါ့”
အဲဒီအချိန်ကတော့ မူးပြီးရစ်တဲ့ လူတွေလာတဲ့အချိန်မှာပေါ့။ သူတို့က ဟိုအကြောလေးနှိပ်ပါ၊ ဒီအကြောလေးနှိပ်ပါနဲ့ ဂဂျီဂဂျောင်ကျတတ်သေးတာ။ အဲဒီလို လူမျိုးဆိုရင်တော့ သည်းညည်းခံ စိတ်ရှည်ရှည်ထား နှိပ်ပေးရတယ်။ ပြဿနာရှာလည်းသည်းခံရတယ်လို့ ဆိုတယ်။ သူတို့က ဖောက်သည်နဲ့ ရန်မဖြစ်ရဘူးလို့ သတ်မှတ်ထားကြပါတယ်။
အရက်မူးတဲ့သူတွေဆို ရစ်တာအပြင် နောက်ထပ်သတိထားရတဲ့ တစ်ချက်ရှိသေးတယ်။ အဲဒါက ဘာလဲဆိုတော့ တချို့အရက်မူးရင် ခပ်ပြင်းပြင်းနှိပ်လို့ မရဘူး။ ကိုယ်က စေတနာနဲ့သေသေချာချာ နှိပ်လိုက်ပေမယ့် မူးတဲ့အရှိန်ကြောင့် နှိပ်တဲ့ဒဏ်မခံနိုင်ဘဲ သတိလစ်သလို ဖြစ်တတ်တယ်လို့ ဆိုတယ်။ သူနှိပ်ဖူးသမျှတော့ အဲဒီလိုမကြုံဖူးပေမယ့် သူများတွေ အဲဒီလိုဖြစ်တာမြင်ဖူးတယ်လို့ ဆိုပါတယ်။
လူတွေကို အကြောပြေလျော့ဖို့ နှိပ်နယ်ပေးတဲ့ ကိုဇော်ထွန်းအောင်တို့လည်း တစ်ခါတလေ အကြောနဲ့ပတ်သက်ပြီး ဖြစ်တာပဲ။ ဇက်ကြောတက်၊ အကြောလွဲတာတွေလည်း ဖြစ်တယ်။လူကျလို့ နှိပ်တာများသွားရင်လည်း လက်တွေက ညောင်းညာလာတယ်လို့ ဆိုတယ်။ အဲဒီအခါကျရင်ကိုယ့်ဘာသာကိုယ် ပြန်နှိပ်ပြီး ဖြေရတယ်။ တစ်ခါတလေလည်း ဦးလေးတွေကို ပြန်နှိပ်ခိုင်းရတယ်လို့ သူက ပြောပြတယ်။
အကြောဖြေလျော့ပေးနေတဲ့ ကိုဇော်ထွန်းအောင် Photo- Thet Oo Mon
ရိုးသားမှ ရတယ်
ဒီနေရာမှာ လူတိုင်းလည်း လုပ်ချင်လို့ လုပ်မရဘူး။ စည်းကမ်းတွေ ရှိတယ်။ အဓိက လိုအပ်ချက်ကတော့ ရိုးသားတဲ့သူဖြစ်ရမယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်ပေါင်းများစွာလုပ်ကိုင်လာခံတာ နာမည် အပျက်မခံနိုင်ဘူးလို့ သူကဆိုတယ်။ဒါကြောင့ ်လည်း နီးစပ်ရာ ဆွေမျိုးမကင်းတွေပဲ ဒီပညာကို ဆက်ခံပြီး လုပ်ကြတယ်။
”တခြားအပြင်လူ မသွင်းဘူး။ သူစိမ်းဆိုရင် ပစ္စည်းပျောက်မှာတို့ ဘာတို့ရှိတယ်။ လူတစ်ယောက်ရဲ့ အကြောင်းကို မသိနိုင်ဘူးလေ”
အနှိပ်လာခံသူရဲ့ ပစ္စည်းတွေကို ခုံလေးတစ်ခုပေါ် တင်ပေးထားတယ်။ တန်ဖိုးကြီးပစ္စည်းတွေပါလာရင်လည်း အိတ်ကလေးနဲ့ထည့်ပြီး သိမ်းထားပေးတယ်။ အစားအသောက်ဆိုရင်တော့ သူများပေးရင်ပေး၊ မပေးရင် တော့ အိမ်ယူသွားလိုက်တယ်။
”ဒီအလုပ်ထဲမှာ မဟုတ်တာ၊ မဟတ်တာလည်းလုပ်လို့မရဘူး။ လူအများကြီးရဲ့ ထမင်းအိုးရှိတယ်လေ။ ကိုယ်တစ်ယောက်တည်းနဲ့ အကုန်လုံးရဲ့ ထမင်းအိုးကွဲသွားမှာလည်း စိုးရိမ်ရတယ်”လို့ ကိုဇော်ထွန်းအောင်က ပြောပြပါတယ်။
ထမင်းအိုးမကွဲစေဖို့ ရိုးသားဖို့လိုသလို ထမင်းအိုးမပျောက်စေဖို့လည်း ချွေတာစုဆောင်းမှ ရတယ်လို့ ကိုဇော်ထွန်းအောင်ကဆိုပါတယ်။ ဒီလို မိုးရာသီဆို ကိုဇော်ထွန်းအောင်တို့ရဲ့ အကျပ်အတည်းကာလတွေပါပဲ။ ဘာလို့လည်းဆိုတော့ အမိုးအကာ မရှိတဲ့ လမ်းဘေးမှာ ခုံလေး နှစ်လုံး၊ သုံးလုံးချ လုပ်ကိုင်စားသောက်နေရတဲ့အတွက် မိုးရာသီရောက်ရင် လာတဲ့သူ နည်းတယ်လို့ သူက ဆိုပါတယ်။
ဒီရက်ပိုင်းမှာတင်ပဲ ဈေးဦးတောင် မပေါက်ခဲ့တဲ့ရက်တွေရှိတယ်လို့ သူက ဆိုတယ်။ ညနေ ၆ နာရီကနေ ည ၁၂ နာရီအထိအလုပ်ချန် ခြောက်နာရီမှာ ပွင့်လင်းရာသီမှာဆိုရင်လေးငါးယောက်လောက် လူကျတတ်ပြီး ဒီလိုမိုးရာသီဆိုရင်တော့ တစ်နေ့တစ်ယောက်တောင် လာဖို့ ခဲယဉ်းပါတယ်။ လူတစ်ယောက်ကို လေးဆယ့်ငါးမိနစ်ခန့် နှိပ်နယ်ပေးရပါတယ်။
ဒီလိုအချိန်မျိုးဆိုရင်တော့ ယခင်က ရှာဖွေထားသမျှကို စုဆောင်းထားပြီး ခြိုးခြံ ချွေတာသုံးစွဲကာ မိသားစု စားဝတ်နေရေး ပြေလည်အောင် ဖြေရှင်းရတယ်လို့ ဆိုပါတယ်။
ဝါသနာ
သူက ဒီမှာ အနှိပ်သည်အဖြစ် အသက်မွေးနေပေမယ့် သူ ဝါသနာပါတဲ့ အလုပ်က စက်ကိရိယာတွေကို ပြင်ဆင်ရတာပါ။ ဒါ့ အပြင် ပန်းချီဆွဲတာလည်း သူက အတော် ဝါသနာထုံတယ်။ ဒါနဲ့ပတ်သက်လို့လည်း သူ့မှာ အမှတ်တရတစ်ခုရှိခဲ့တယ်။ ရှစ်တန်း ကျောင်းသားဘဝတုန်းကပါ။ သူဆွဲလိုက်တဲ့ပုံက ဗုဒ္ဓဘုရား ဖွား မြင်တော်မူခန်း။ ဖွားပြီး ခြေလှမ်းခုနစ်လှမ်းလှမ်းကာ လောကမှာ ငါသာအမြတ်ဆုံးလို့ ကျူးရင့်တဲ့ အခန်းပါ။
အဲဒီပုံလေးကိုသူ့ကျူရှင်ဆရာမက အိမ်ရဲ့ ဘုရားစင်မှာအခုထိချိတ်ဆွဲထားတယ်လို့ သူက ဂုဏ်ယူနေတဲ့ လေသံနဲ့ ပြောပြပါတယ်။ ဗုဒ္ဓဘုရားပုံ ဆွဲခဲ့ပေမယ့် သူက အစ္စလာမ်ဘာသာဝင်တစ်ယောက် ဖြစ်ပါတယ်။
ကျွန်တော်က လက်ရှိဖြစ်နေတဲ့ ဘာသာရေးပဋိပက္ခတွေကြောင့် သူ့ဆီကို လူလာတာ နည်းသလားလို့ မေးတဲ့အခါ အဲဒီလိုမျိုး မရှိပါဘူးတဲ့။ သူ့ဆီကို ဘာသာပေါင်းစုံ၊ လူပေါင်းစုံ လာကြပြီးအားလုံးကို အဆင်ပြေအောင် စေတနာထားဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။
လက်ရှိ သူ့မှာ နှစ်လသားအရွယ် သမီးလေးတစ်ယောက်ရှိတယ်။ အိမ်ထောင်ကျတာတော့ နှစ်နှစ်ပဲ ရှိသေးတယ်။ လက်ရှိသူ့ဝင်ငွေက တစ်လကို သုံးသိန်းလောက် ရတယ်လို့ ဆိုတယ်။။သူ့ကတော့ ခြိုးခြံချွေတာသုံးတဲ့အတွက် လောက်ငတယ်ဆိုပေမယ့် အပိုအလျှံတော့ မရှိဘူးလို့ ဆိုတယ်။
သူ့အိပ်မက်ကတော့ အိမ်ပိုင်လေးတစ်လုံး၊ ကိုယ်ပိုင်စီးပွားရေးတစ်ခုနဲ့ မိသားစုဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းသွားချင်တယ်လို့ ဆိုပါတယ်။
”သေချာစုဆောင်းမယ်ဆိုရင်တော့ ရလောက်မယ်လို့ထင်တာပဲ။ အသုံးအဖြုန်းမကြီးနဲ့ ၊ ရတာလေးနဲ့ စားသောက်မယ်ဆိုရင် စီမံချက် အောင်မြင်မှာပါ။ ဒါပေမဲ့ အချိန်တော့ အကြာကြီးစောင့်ရမှာပေါ့”လို့ ဆိုပါတယ်။
မေးမြန်းတာ ပြီးဆုံးတော့ ကျွန်တော် သူ့ကို နှုတ်ဆက်လိုက်တယ်။ အချိန်က ည ၁၂ နာရီဝန်းကျင် ရှိနေပြီ။ ခုနက စည်ကားတဲ့ လသာလမ်းတစ်ဝိုက် လူခပ်ကျဲကျဲသာ ရှိတော့တယ်။ကိုဇော်မင်းထွန်းတို့ကတော့ အလုပ်မသိမ်းသေးဘူး။ အကြောတင်းသူ တွေကို သူတို့လက်စွမ်းနဲ့ ဖြေလျော့နေကြတုန်းပါပဲ။ ။
၂၀၁၇-ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၇)မှ ပုံရိပ်လွှာ ဖြစ်ပါသည်။
သက်ဦးမွန် ရေးသည်။