“လက်ရှိ ရွေးကောက်ပွဲကော်မရှင်က သူတို့ဟာ ပါတီတွေရဲ့ အပေါ်ကနေ ရှိနေတယ်လို့ သူတို့ကိုယ် သူတို့ ထင်ထားတဲ့ ပုံမျိုးပဲဗျ။ အဲဒီတော့ သူတို့က ဘယ်လိုပြုမူသလဲဆိုတော့ Party Police ပေါ့ဗျာ၊ ပါတီတွေကို ရဲသဖွယ် ထိန်းချုပ်နေတာ ပိုများတယ်”

“လက်ရှိ ရွေးကောက်ပွဲကော်မရှင်က သူတို့ဟာ ပါတီတွေရဲ့ အပေါ်ကနေ ရှိနေတယ်လို့ သူတို့ကိုယ် သူတို့ ထင်ထားတဲ့ ပုံမျိုးပဲဗျ။ အဲဒီတော့ သူတို့က ဘယ်လိုပြုမူသလဲဆိုတော့ Party Police ပေါ့ဗျာ၊ ပါတီတွေကို ရဲသဖွယ် ထိန်းချုပ်နေတာ ပိုများတယ်”

ဦးအောင်သူငြိမ်း၊ ဒါရိုက်တာ၊ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန။ မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု ( ISP-Myanmar )

ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်ခဲ့ရာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကာ ပါတီစုံရွေးကောက်ပွဲများ ကျင်းပ၍ ပြည်သူ့အုပ်ချုပ်မှုစနစ်ကို နိုင်ငံတွင် ဖော်ဆောင်လာသည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်ကျင်းပခဲ့ပြီ ဖြစ်ပါသည်။ ဒုတိယတစ်ကြိမ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အများပြည်သူ လိုလားသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့၏။ ယခုတစ်ဖန် တတိယတစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ကာလသို့ ရောက်ခဲ့ပြန်ပါပြီ။ သို့ရာတွင် ပြည်သူအစိုးရဟု ကြွေးကြော်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လက်ထက်တွင် ကျင်းပမည့် ယခု ရွေးကောက်ပွဲတွင် ညံလာသည့်အသံတစ်ခုရှိပါသည်။

ယင်းမှာ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းများကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ပိတ်ဆို့နေခြင်း ဖြစ်ပါသည်။ ယင်းလုပ်ရပ်များအပေါ် နိုင်ငံရေးပါတီတစ်ချို့က သပိတ်မှောက်သလို တစ်ချို့က နှုတ်ဆိတ်နေခဲ့ကြပါသည်။ လေ့လာသူတစ်ချို့ကတော့ ယင်းသည် ကော်မရှင်၏ မမျှမတဘတ်လိုက်မှုဟု ကင်ပွန်းတပ်ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို တည်းဖြတ်ပြင်ဆင်မှုတွေကြောင့် ဒီမိုကရေစီနိုင်ငံရေးစနစ် ၏ အနှစ်သာရနှင့် နိုင်ငံရေးဆိုင်ရာအလားအလာတွေအကြောင်းကို ပါတီနိုင်ငံရေးတွင် မပါဝင်သည့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတစ်ချို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

အောင်ပိုင်မေးသည်။

မော်ကွန်း။ ။ အရပ်သားအစိုးရအုပ်ချုပ်တဲ့ကာလရောက်လာတာတောင်မှ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ရွေးကောက်ပွဲကော်မရှင်က ဆင်ဆာလုပ်နေတယ်။ ဦးကိုကိုကြီတို့ရဲ့ ပြည်သူ့ပါတီထုတ်ပြန်ချက်အရဆိုရင် ကော်မရှင်က မူလကန့်သတ်ထားတဲ့အချက်တွေနဲ့ လွတ်ကင်းအောင်ရေးထားတာတောင်မှ ဆင်ဆာထပ်အလုပ်ခံရတယ်တဲ့၊ ဒီလိုဖြစ်ရပ် တွေက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေရဲ့ တန်ဖိုးအပေါ် ဘယ်လိုသက်ရောက်မှုရှိပါသလဲ။

အောင်သူငြိမ်း။ ။ မူအရပြောမယ်ဆိုရင် ပါတီတွေရဲ့ မဲဆွယ်စည်းရုံးရေးကိစ္စတွေမှာ ဆင်ဆာဖြတ်တောက်မှုကို လက်မခံနိုင်ပါဘူး။ တချို့ကန့်သတ်ချက်တွေတော့ ရှိနိုင်တယ်။ ဒါပေမဲ့ နိမ့်နိမ့်ပဲ ထားသင့်တယ်လို့ ထင်တယ်။ ဥပမာ အားဖြင့် လမ်းပေါ်ထွက်ကြလို့၊ ဆူပူကြ၊ တိုက်ခိုက်ကြလို့ မလှုံ့ဆော်ဘူးပေါ့ဗျာ။ နောက်တစ်ခါ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမထိခိုက်စေဘူး၊ ဘာသာရေးကို အသုံးချတဲ့ကိစ္စမျိုးတွေပေါ့။ ဒီလောက်မဟုတ်ဘူးဆိုရင် သူတို့ (နိုင်ငံရေး ပါတီတွေ) လွတ်လပ်စွာ ပြောဆိုခွင့် ရှိသင့်တယ်လို့ ထင်တယ်။

နိုင်ငံရေးပါတီဆိုတဲ့ သဘောမျိုးက ပြည်သူကသာ ရွေးကောက်တင်မြှောက်ရင် သူတို့က အစိုးရဖြစ်သွားမယ့် လူတွေလေ။ ဒီတော့ သူတို့ရဲ့မူဝါဒတွေမှာ သိပ်ကြီးကြပ်စရာ အကြောင်းမရှိဘူးလို့ ထင်တယ်။

မော်ကွန်း။ ။ တစ်ချို့ဖြတ်တောက်ခံရတဲ့ စကားစုတွေဟာ ၂၀၁၅ ကော်မရှင်ကတောင် ခွင့်ပြုခဲ့တဲ့ အသုံးအနှုန်းတွေလို့ အဖြတ်ခံရတဲ့ ပါတီတစ်ချို့က ပြောကြတယ်။ ကော်မရှင်အနေနဲ့ ဒီလိုအပြုအမူတွေလုပ်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

အောင်သူငြိမ်း။ ။ အခု လက်ရှိ ရွေးကောက်ပွဲကော်မရှင်က သူတို့ဟာ ပါတီတွေရဲ့ အပေါ်ကနေ ရှိနေတယ်လို့ သူတို့ကိုယ် သူတို့ ထင်ထားတဲ့ ပုံမျိုးပဲဗျ။ အဲဒီတော့ သူတို့က ဘယ်လိုပြုမူသလဲဆိုတော့ Party Police ပေါ့ဗျာ၊ ပါတီတွေကို ရဲသဖွယ် ထိန်းချုပ်နေတာ ပိုများတယ်လို့ ကျနော်ထင်တယ်။

ပါတီတွေက သူတို့အမြင်အရမတူတဲ့၊ အရသာမတူတဲ့ စကားလုံးမျိုး သုံးစွဲချင်တာမျိုးရှိတယ်။ ဥပမာအားဖြင့် အဖိနှိပ်ခံလူထုတို့ စသဖြင့်။ ကျွန်တော်ထင်တယ်၊ ဒါတွေက တည်းဖြတ်စရာမလိုဘူး။ ဟုတ်၊ မဟုတ်ဆိုတာမျိုးက ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်ဘူး။ ပထမတစ်ချက်က ၂၀၁၅ တုန်းကနဲ့အခု ဦးဆောင်တဲ့ လူမတူဘူး။ ဒုတိယတစ်ချက်က ရွေးကောက်ပွဲကော်မရှင်က ပါတီတွေနဲ့ ညှိနှိုင်းတာက အတော်နည်းပါတယ်။ သူတို့က အပေါ်ကနေ အာဏာပိုင်ဆန်ဆန်ပဲ လုပ်နေသလိုဖြစ်နေတယ်။

မော်ကွန်း။ ။ အာဏာရပါတီက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်တစ်ရပ်အနေနဲ့ ဒီလို ဆင်ဆာတွေလုပ်နေတာဟာ လွတ်လပ် တရားမျှတမှုရှိရမယ့် ဒီမိုကရေစီရွေးကောက်ပွဲစံနှုန်းတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေပါသလဲ။

အောင်သူငြိမ်း။ ။ ပြောစရာက မလွတ်လပ်ဘူးဖြစ်လာတာပေါ့။ မလွတ်လပ်ဘူးဆိုတာက ပါတီတွေမှာ ကန့်သတ်ချုပ်ခြယ်မှုတွေခံရတဲ့ဟာမျိုး ဖြစ်တယ်။ အထူးသဖြင့် COVID ကာလမှာ ပါတီကို တင်းကြပ်ကန့်သတ်တာတွေရှိသလို လူမှုရေးအရ ခပ်ခွာခွာနေဖို့တို့၊ ကျန်းမာရေးစည်းမျဉ်းကလည်း အခုအောက်တိုဘာ ၃၁ အထိတိုးထားတယ်။ ဒီတော့ မဲဆွယ်စည်းရုံးရေးကာလ နှစ်လအတွင်းမှာ တော်တော်လေးထိခိုက်တဲ့ အနေအထားရှိတာပေါ့ဗျာ။

နောက်တစ်ခုက ပွင့်လင်းမြင်သာမှုပါ။ ကော်မရှင်ကို သတင်းထောက်တွေကအစ လွတ်လပ်စွာထိတွေ့မှု အတော် နည်းပါတယ်။ ကျန်တဲ့နိုင်ငံရေးပါတီတွေနဲ့လည်း ညှိနှိုင်းမှုက အတော်နည်းပါတယ်။ ကျွန်တော်အမြင်ကတော့ ကော်မရှင် ဆိုတာက ပါတီတွေနဲ့ အတူတကွပူးပေါင်းပြီးတော့ ရွေးကောက်ပွဲကြီး ဖြစ်မြောက်အောင် ဆောင်ရွက်တာမျိုးဖြစ်သင့်တယ်။ အခုက အဲဒီလိုမဟုတ်ဘဲနဲ့ ငါက အာဏာပိုင်တယ်၊ ငါလုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။

မော်ကွန်း။ ။ အောက်တိုဘာလကုန်အထိ COVID 19 ဆိုင်ရာ ကန့်သတ်ချက်တွေကို အစိုးရက တိုးမြှင့်လိုက်ပါပြီ။ ဒါ့အပြင် ရန်ကုန်နဲ့ ရခိုင်ဟာလည်း Stay Home အမိန့်အောက်မှာ ဆက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတိုင်းဆက်ကျင်းပဖို့ ကော်မရှင်က ပြင်ဆင်နေတဲ့အပေါ် ဘာများမှတ်ချက်ပြုချင်ပါသလဲ။

အောင်သူငြိမ်း။ ။ ဒီအတိုင်းဆက်ပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ ရှိတယ်လို့ထင်တယ်။ အခုအာဏာရပါတီရော၊ ကော်မရှင်ကရော ပြောနေတဲ့ အနေအထားအရပေါ့။ ရွေးကောက်ပွဲဆက်လုပ်ပြီဆိုပါစို့၊ ဘာဖြစ်သွားနိုင်လဲဆိုတော့ မဲလာပေးတဲ့ အရေအတွက် တော်တော်ကျသွားမယ်။ လူတွေက ကြောက်တာပေါ့ဗျာ၊ မဲရုံလာရမှာကို။

ကျွန်တော်တို့ ရွေးကောက်ပွဲမှာက နိုင်သူအကုန်ယူတမ်း ဖြစ်နေတယ်။ မဲလာပေးတဲ့လူရဲ့ အနိမ့်ဆုံး ဘယ်လောက် ဖြစ်ရမယ်ဆိုတာ ကန့်သတ်ထားတာ မရှိဘူး။ လူတစ်ယောက်တည်း ထွက်လာပြီးတော့ မဲလာပေးရင်လည်း ဒီလူက အနိုင်ရ သွားမှာပဲ။ အဲဒီလိုမျိုး ပြသနာတွေရှိတော့ မဲနိုင်ပြီ၊ အစိုးရဖြစ်လာပြီဆိုရင်တောင်မှ တရားဝင်ဖြစ်မှုအပိုင်းမှာ အကြီးအကျယ် ထိခိုက်မှုတွေ ရှိနိုင်တယ်။ ၁၀ ရာခိုင်နှုန်းလောက်နဲ့ အမတ်တစ်ယောက်ကို ရာထူးတစ်ခု ပေးလိုက်မယ်။ ၉၀ ရာခိုင်နှုန်းက သူ့ကိုလာမပေးထားဘူးဆိုတော့ အငြင်းပွားစရာ အများကြီး ရှိနိုင်တာပေါ့။ အစိုးရဖြစ်လာရင်လည်း ဒီလိုပဲ။

အခုအချိန်မှာ Election Outcome နဲ့ Political Outcome က ကွဲဖို့ လိုတယ်။ ရွေးကောက်ပွဲရလဒ်မှာတော့ နိုင်ရင် နိုင်သွား မယ်၊ နိုင်ငံရေးအရ ရလဒ်မှာတော့ ခုနကလို အငြင်းပွားစရာတွေ၊ တရားဝင်မှုမခိုင်မာတဲ့ ကိစ္စတွေ အများကြီး ရှိလာနိုင်တယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."