အောင်ထူးနိုင်၊ ဖြိုးထက်အောင်
ရန်ကုန် – ၂၀၂၀ ဩဂုတ် ၁၅ (မော်ကွန်း)
လက်ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သက်တမ်းအတွင်း တိုင်ကြားစာ ၁၆၂ စောင် ရရှိခဲ့သည်ဟု သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီထံသို့ ၂၀၁၈ အောက်တိုဘာမှ ၂၀၂၀ မတ်အထိ ရောက်ရှိခဲ့သည့် တိုင်စာများဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါတိုင်စာ ၁၆၂ စောင်တွင် အစိုးရအဖွဲ့အစည်းများက တိုင်ကြားစာ ၂၀ စောင်၊ ပုဂ္ဂလိကအဖွဲ့အစည်းများက တိုင်ကြားစာ ၁၃၂ စောင်၊ နိုင်ငံရေးပါတီများက တိုင်ကြားစာ ခြောက်စောင်၊ တပ်မတော်က တိုင်ကြားစာ သုံးစောင်၊ တပ်မတော်က အမှုရုပ်သိမ်းကြောင်း ပေးပို့စာ တစ်စောင်တို့ ဖြစ်သည်။
ထိုတိုင်ကြားစာများကို မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီက ညှိနှိုင်းဖျန်ဖြေပေးခဲ့ရာ တိုင်ကြားမှု ၃၈ ခု ပြေလည်မှုရရှိခဲ့ပြီး တိုင်ကြားမှု ၁၀ မှု ပြန်လည်ရုပ်သိမ်းကာ တရားစွဲဆိုပြီးဖြစ်သော အမှု လေးခုကိုလည်း ပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့ကြောင်း ဦးကျော်စွာမင်းက ရှင်းပြသည်။
ထိုအမှုများတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Eleven Media Group ကို ၂၀၁၈ အောက်တိုဘာ ၁၈ ရက်တွင် စွဲဆိုထားသည့်အမှု၊ တပ်မတော်က RFA သတင်းဌာနအား ၂၀၁၉ မတ် ၂၆ ရက်တွင်လည်းကောင်း၊ DVB သတင်းဌာန၊ Eleven Media Group နှင့် ကန္တာရဝတီတိုင်းမ်သတင်းဌာနတို့အား ၂၀၁၉ ဇွန် ၁၉ ရက်တွင်လည်းကောင်း တရားရုံးတွင် တရားစွဲဆိုခဲ့သည့်အမှုများ ပါဝင်သည်။
အငြင်းပွားမှုနှင့်တိုင်ကြားမှုများ ညှိနှိုင်းဖြေရှင်းမှုကော်မတီက သတင်းမီဒီယာဥပဒေ၊ နည်းဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ တရားရုံးသို့ တရားစွဲဆိုတိုင်ကြားခြင်းများ မပေါ်ပေါက်တော့ဘဲ နှစ်ဘက် ကျေအေးပြီးပြတ်ခြင်း၊ တိုင်ကြားစာများကိုလည်း သတင်းမီဒီယာနည်းဥပဒေအရ ပြန်လည်ရုပ်သိမ်းခြင်းများ ရှိသည်ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များက ပြောသည်။
ဓာတ်ပုံ – မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ
#Dailynews