ကျော်ဇေယျ၊ ရန်ကုန်။
ဇန်နဝါရီ-၈
လက်နက်ကိုင်ပြီး အားသာချက်ယူတာမျိုး၊ ဖြေရှင်းချက်အသစ်တွေကို စိတ်ကူးယဉ်တာမျိုးတွေနဲ့ နိုင်ငံပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ဘူးလို့ လက်နက်ကိုင်တိုက်ခိုက်မှုတွေများလာတဲ့အပေါ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒေါ်အောင်ဆန်း စုကြည်က သတိပေးတယ်။
ဒီနေ့ နေပြည်တော်မှာ ၈ကြိမ်မြောက် ကျင်းပနေတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး (JICM) အဖွင့်မိန့်ခွန်းမှာ သူကပြောခဲ့တာပါ။
“ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် အပြစ်မဲပြည်သူတွေ ထိခိုက်ရတယ်။ ကျေးရွာတွေထိခိုက်ရတယ်။ ပြည်သူတွေ ဒုက္ခသည်စခန်းတွေမှာ ဆင်းဆင်းရဲရဲနေကြရတယ်။ ဒါတွေကမြင်သာတဲ့ ဆိုးကျိုးတွေပါ” လို့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဥက္ကဌဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။
“ မမြင်သာတဲ့ဆိုးကျိုးတွေက တိုက်ပွဲဖြစ်ပွားရာဒေသ၊ ဒေသခံတိုင်းရင်းသားတွေရဲ့ အနာဂတ်တွေ မှေးမှိန် ပျောက်ကွယ် သွားရတာပဲ ဖြစ်ပါတယ်” လို့ သူက ပြောတယ်။
ပစ်ခတ်တိုက်ခိုက်မှုမရပ်စဲနိုင်သေးတဲ့ အဖွဲ့တွေ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာ လက်မှတ်မထိုးနိုင်သေးတဲ့အဖွဲ့တွေကိုလည်း အပစ်ရပ်ဖို့နဲ့ NCA မှာ ပါဝင်နိုင်ဖို့ NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်က ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“ NCA ထီးရိပ်အောက်မှာ ရောက်ရှိလာဖို့ ကျွန်မတို့အမြဲတမ်း ဖိတ်ခေါ်ကမ်းလှမ်းနေပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ NCA ရဲ့ ထီးရိပ်အောက်မှာ စုပေါင်းဆွေးနွေးမှုတွေ ပြုလုပ်နိုင်သလို လိုအပ်ရင်လိုအပ်သလို တစ်ဖွဲ့ခြင်းနဲ့ သီးခြားဆွေးနွေးနိုင်ဖို့ ကြဖို့ကိုလည်း ကျွန်မတို့အစိုးရအနေနဲ့ တံခါးဖွင့်ထားပြီးဖြစ်ပါတယ်”လို့ သူကပြောတယ်။
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ နှစ်ပေါင်း (၇၀)ကျော်၊ မြန်မာ့နိုင်ငံရေးသမိုင်းက သတ်မှတ်ပြဌာန်းပေးလိုက် တဲ့ ဒီနိုင်ငံရဲ့ ထွက်ပေါက်ဖြစ်ပြီး ဒီဟာကလည်း နိုင်ငံရေးလှုပ်ရှားမှုတွေ၊ လက်နက်ကိုင်လှုှပ်ရှားမှုတွေက နှစ်ပေါင်းများစွာ တန်ဖိုးကြီးကြီးမားမား ပေးဆပ်ပြီးမှ အဖြေထွက်လာတာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပေးပြီး ဂုဏ်သိက္ခာရှိရှိ၊ ယုံကြည်မှုရှိရှိနဲ့လာကာ နိုင်ငံရေးစကားဝိုင်းတွေမှာ ကိုယ်ရဲ့ လိုအင်ဆန္ဒ၊ လိုလားချက်တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့လိုတယ်လို့ သူကပြောတယ်။
တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ၁၅ လလောက်ရပ်တန့်နေရာကနေ ၈ကြိမ်မြောက်၊ JICM အစည်းအဝေးကို အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ (၁၀)ဖွဲ့တို့ နေပြည်တော်မှာ ပြန်လည်ကျင်းပနေတာဖြစ်ပြီး ဒီအစည်းအဝေးကတဆင့် ၄ကြိမ်မြောက်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ကို ကျင်းပနိုင်ရေး ဆွေးနွေးကြမှာဖြစ်ပါတယ်။
#dailynews