ရန်ကုန်- ၂၀၂၅ ဖေဖော်ဝါရီ ၁၉ (မော်ကွန်း)
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်နှင့် နိုင်ငံခြားသားဝင်ရောက်လုပ်ကိုင်ခွင့်ပြုမည့် ‘ ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာဥပဒေ’ ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က လက်မှတ်ထိုးပြီး မနေ့ကထုတ်ပြန်လိုက်ပါတယ်။
ဒီဥပဒေအရ လုံခြုံရေးဝန်ဆောင်မှုပေးကြမယ့်ကုမ္ပဏီတွေကို ပြည်ထဲရေးရေးဝန်ကြီးဦးဆောင်တဲ့ ဗဟိုကော်မတီကထိန်းချုပ်မှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ်တွေမှာလည်း နယ်/လုံဝန်ကြီးဦးဆောင်တဲ့ ဆပ်ကော်မတီတွေ ဖွဲ့စည်းမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ နေပြည်တော်ကိုလာခဲ့ပြီး စစ်ကောင်စီခေါင်းဆောင်နဲ့ဆွေးနွေးကြတဲ့အခါ မြန်မာပြည်ကတရုတ်အကျိုးစီးပွားတွေ လုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းထားတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေထူထောင်ဖို့ ဆွေးနွေးကြတဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် အခုလိုဥပဒေထွက်လာတာလည်း ဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်ဖို့လိုတဲ့ ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီဟာ ဗဟိုကော်မတီကတစ်ဆင့် ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို တင်ပြခွင့်ပြုချက်တောင်းရမယ်လို့ ဥပဒေကဆိုပါတယ်။ ဒါပေမဲ့ ဥပဒေရဲ့ အခန်း(၈)၊ ပုဒ်မ-၂၈၊ ပုဒ်မခွဲ(ခ)မှာတော့ ကုမ္ပဏီရဲ့လုံခြုံရေးဝန်ထမ်းဟာ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မရှိဘူးလို့ ပြန်ကန့်သတ်ထားတာကိုလည်း တွေ့ရပါတယ်။
ပြည်တွင်းကုမ္ပဏီဥပဒေနဲ့အညီ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကိုသာ လုပ်ငန်းလုပ်ကိုင်ခွင့်ပေးမှာဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီဖြစ်ပါက မြန်မာနိုင်ငံသား ၇၅ ရာခိုင်နှုန်းကို အလုပ်ခန့်ပေးရမယ်လို့ သတ်မှတ်ပါတယ်။
အာမခံကြေးအဖြစ် မြန်မာ့စီးပွားရေးဘဏ်မှာ ပြည်တွင်းကုမ္ပဏီဖြစ်ပါက စာရင်းသေအပ်ငွေ ကျပ်သိန်းတစ်ထောင်၊ နိုင်ငံခြားကုမ္ပဏီဖြစ်ပါက ထိုငွေနဲ့ညီမျှတဲ့နိုင်ငံခြားငွေကို ကုမ္ပဏီတွေက အပ်ထားရမှာဖြစ်ပြီး လိုအပ်ရင် အစိုးရလုံခြုံရေးအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ရမယ်လို့ သတ်မှတ်ပါတယ်။
ဒီဥပဒေကို ဖောက်ဖျက်ကျူးလွန်သူတွေကိုတော့ အမြင့်ဆုံးထောင်တစ်နှစ်ကနေသုံးနှစ်အထိချမယ့်အပြင် ငွေဒဏ် ကျပ်သိန်းတစ်ရာချမှတ်မှာဖြစ်ပြီး ကုမ္ပဏီ၊ အဖွဲ့အစည်းတွေဖောက်ဖျက်ကျူးလွန်ရင် အနည်းဆုံးကျပ်သိန်းတစ်ထောက်ကနေ ကျပ်သိန်းသုံးထောင်အထိ ချမှတ်ရမယ်လို့ ပုဒ်မ ၄၂ မှာ သတ်မှတ်ထားပါတယ်။
တရုတ်စီမံကိန်းကြီးတွေ အဓိကတည်ရှိနေတဲ့ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ ကျောက်ဖြူရေနက်စီမံကိန်းနဲ့ မဒေးကျွန်း ရေနံ-သဘာဝဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတို့ကိုသာ ဆက်လက်အကာအကွယ်ပေးနိုင်တော့တဲ့အခြေအနေမှာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် ဒီဥပဒေကို ပြဌာန်းလာတာလို့ လူမှုကွန်ယက်မှာဝေဖန်နေကြပါတယ်။
ပုံစာ- ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့က ဟိုတယ်တစ်ခုမှာ တွေ့ရတဲ့ ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်းတချို့
ဓါတ်ပုံ- Jinlong Hongmen Security Co.ltd

