ရန်ကုန် – ၂၀၂၄ အောက်တိုဘာ ၃၈ (မော်ကွန်း)
မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေ ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့တွေကို စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု မြင့်တက်နေပြီး ဒီရက်ပိုင်းအတွင်းမှာသိန္နီ၊ လောက်ကိုင်၊ လားရှိုးနဲ့ နောင်ချိုမြို့တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
သိန္နီနဲ့ နောင်ချိုမြို့တွေကို မနေ့ညတုန်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု များခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မနေ့က ည ၉ နာရီခန့်မှာသိန္နီမြို့ကို ဗုံးခုနစ်လုံးထိ ကြဲချခဲ့ပြီး မြို့တွင်းရပ်ကွက် (၃) သိန္နီဟိုတယ်အနီးနဲ့ နှစ်ခြင်းကချင်ဘုရားကျောင်းတို့ ထိခိုက်ခဲ့တာပါ။
သိန္နီမြို့က ကချင်ဘုရားကျောင်းဟာ ဗုံးတိုက်ရိုက်ထိမှန်ကာ လုံးဝနီးပါးပျက်စီးသွားပြီး မြို့ပေါ်မှာလည်း နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
အလားတူပဲ စစ်ကောင်စီဟာ မနေ့ကညပိုင်းက TNLA တပ်တွေ ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ သပြေရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတချို့ကပြောပါတယ်။
“လူသေတာရှိတယ်လို့တော့ကြားတယ်။ အခုက နောင်ချိုမှာဆိုရင် မြို့ပေါ်တော့ မကြဲသေးဘူး။ ရွာလေးတွေမှာ မကြာမကြာ ဗုံးလာကြဲတယ်” လို့ နောင်ချိုဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့ပြင် MNDAA သိမ်းထားတဲ့ လောက်ကိုင်မြို့ကိုလည်း အခုလ ၂၆ ရက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း MNDAA ထိန်းချုပ်ရာ လားရှိုးနဲ့ သိန္နီမြို့တို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။
အခုလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားလူနေရပ်ကွက်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ဒေသခံတွေ မြို့မှာ ပြန်လည်အခြေချနေထိုင်ဖို့ အခက်အခဲရှိတယ်လို့ လားရှိုး ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်လို အေးအေးချမ်းပြန်နေဖို့က မဖြစ်နိုင်သလောက်ပဲ။ ကိုယ်အိပ်နေတုန်း ဘယ်အချိန် ဗုံးလာကြဲမယ် မသိနိုင်ဘူးလေ။ အိမ်ပြန်လည်း ခဏပဲ နေရဲတယ်။ ယူစရာရှိတာ၊ သိမ်းစရာရှိတာသိမ်းပြီးရင် ချက်ချင်း ပြန်ထွက်လာကြတာမျိုးပဲ ရှိကြတယ်” လို့ ၎င်း လားရှိုးဒေသခံက ပြောပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားမှုဆိုင်ရာ ကွန်ယက် (HRAN) က မနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ တစ်နှစ်အတွင်း ရှမ်းမြောက်မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူ အရပ်သား တစ်ထောင်ကျော် (၁၀၁၁ ဦး) ရှိတယ်လို့ ဆိုပါတယ်။
ရှမ်းမြောက်က သီပေါ၊ သိန္နီ၊ မန်တုံ၊ ကွတ်ခိုင်၊ ကျောက်မဲ၊ ကွမ်းလုံ၊ လားရှိုး၊ လောက်ကိုင်၊ မိုးမိတ်၊ မူဆယ်၊ နမ့်ခမ်း၊ နမ့်ဆန်၊ နမ္မတူ၊ နောင်ချို၊ ချင်းရွှေဟော်၊ မိုင်းလုံနဲ့ မိုင်းငေါ့ စတဲ့ မြို့တွေမှာ တစ်နှစ်အတွင်း အရပ်သား ၃၃၉ ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၇၂ ဦး ရှိခဲ့ပြီး လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်တယ်လို့ HRAN ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပုံစာ – စစ်ကောင်စီဗုံးကြဲလို့ ပျက်စီးသွားတဲ့ သန္နီမြို့က ခရစ်ယာန် ဘုရားကျောင်း
ဓာတ်ပုံ – လားရှိုးမြို့ပြန်လည်ထူထောင်ရေး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

