ရန်ကုန် – ၂၀၂၃ နိုဝင်ဘာ ၉ (မော်ကွန်း)
ရှမ်းမြောက်တိုက်ပွဲတွေကြောင့် မူဆယ်လမ်းကြောင်း ပိတ်နေတဲ့အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလား-ကျိုင်းတုံ-မန္တလေး လမ်းပိုင်းကနေတစ်ဆင့် တရုတ်ကုန်စည်တွေကိုတင်သွင်းနေကြရပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်တွေ ပုံမှန်ထပ် ငါးဆခန့်မြင့်တက်သွားတယ်လို့ တရုတ်ကုန်စည်တွေ တင်သွင်းရောင်းချနေသူတွေက ပြောပါတယ်။
၎င်းလမ်းကြောင်းကနေသယ်ယူပါက တရုတ်နိုင်ငံ ရွှေလီမြို့ကနေ မန္တလေးမြို့ထိအရောက်ကို သုံးပတ်ခန့်အနည်းဆုံး ကြာမြင့်တယ်လို့ တရုတ်နိုင်ငံက လူသုံးကုန်ပစ္စည်းတွေ မှာယူတင်သွင်း ရောင်းချနေသူတစ်ဦးက ပြောပါတယ်။
၎င်းလမ်းကြောင်းဟာ မူဆယ်ကုန်သွယ်ရေးဂိတ်ကို ရောက်ပြီးသား ပစ္စည်းတွေကိုတော့ တင်သွင်းလို့ရမှာမဟုတ်ဘဲ ရွှေလီကနေ တိုက်ရိုက်ဝယ်ယူတဲ့ လမ်းကြောင်းဖြစ်တယ်လို့ အဆိုပါကုန်သည်က ရှင်းပြပါတယ်။
“မူဆယ်ရောက်ပြီးသားပစ္စည်းတွေကတော့ ဘယ်လိုမှ ပြန်ပို့လို့ မရတော့ဘူး။ လမ်းကြောင်းဖွင့်တဲ့အထိ စောင့်ရတော့မှာ။ ကျန်တဲ့ အသစ်မှာတွေကို ရွှေလီဘက်ကနေ ရှမ်းအရှေ့လမ်းတိုက်ရိုက်ပေါ့ အခုထိတော့ ဆင်းလို့ရသေးပေမယ့် စိတ်ချရတဲ့ လမ်းကြောင်းတော့ မဟုတ်ဘူး။ ကုန်ကျစရိတ်လည်း အရင်လမ်းကြောင်းထက်ကို ကုန်ကျစရိတ်အရမ်းများတယ်” လို့ ၎င်းက ပြောပါတယ်။
ဒါ့အပြင် အဆိုပါလမ်းကြောင်းဟာ ကုန်တင်ကားအကြီးတွေ ဝင်ရောက်လို့မရဘဲ ကားအသေးတွေနဲ့ပဲ သယ်ယူနေကြရတာဖြစ်တယ်လို့ ပြောပါတယ်။
မြောက်ပိုင်းညီနောက်မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေဟာ အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ရှမ်းမြောက်ဒေသက တရုတ်နယ်စပ်နဲ့ ကုန်သွယ်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းဟာလည်း အပိုင်းပိုင်းပြတ်တောက်သွားခဲ့ပြီး မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဟာ လက်ရှိအချိန်ထိ ပိတ်ထားရပါတယ်။
မိုင်းလားလက်နက်ကိုင်အဖွဲ့ (NDAA) ထိန်းချုပ်ထားတဲ့ အထူးဒေသ (၄) ကနေ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ကို ဆက်သွယ်ထားတဲ့ မိုင်းလား-ကျိုင်းတုံလမ်းပိုင်းဟာ ၂၀၁၆ က ဒေသတွင်း စစ်ရေးတင်းမာမှုတွေကြောင့် ပိတ်ထားတဲ့လမ်းပိုင်းဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၂၀၂၁ စက်တင်ဘာလမှာ ပြန်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
ယခင်က တရုတ်နိုင်ငံဘက်ကနေ သစ်သီးဝလံ၊ အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ၎င်းလမ်းကြောင်းကနေ တင်သွင်းကာ ကျိုင်းတုံမြို့မှာ လာရောက်ရောင်းချလေ့ရှိတဲ့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။
ကျိုင်းတုံကနေ တရုတ်နိုင်ငံထဲကို မိုင် ၆၀ အကွာအဝေးသာရှိပြီး နယ်စပ်ဖြတ်ကျော်မှုက ကုန်ကျစရိတ် သိပ်မရှိပေမယ့် ကျိုင်းတုံကနေ မန္တလေးဘက်ကို လာရောက်တဲ့ လမ်းကြောင်းက ရှည်လျားတာကြောင့် ကုန်ကျစရိတ်ပိုမိုမြင့်တက်သွားတယ်လို့ တရုတ်နိုင်ငံက ဘတ္ထရီနဲ့ လျှပ်စစ်ပစ္စည်းအမျိုးမျိုး တင်သွင်းရောင်းချနေသူတစ်ဦးက ပြောပါတယ်။
“အရင်မူဆယ်လမ်းမှာ ရွှေလီကနေ မန္တလေးအရောက်ကို သုံးလေး၊ ငါးရက်လောက်ပဲ ကြာတဲ့ခရီးက ဟိုဘက်လမ်းကြောင်းမှာ သုံးပတ်လောက်အနည်းဆုံးကြာသွားတယ်” လို့ ၎င်းကုန်သည်က ပြောပါတယ်။
လက်ရှိမှာတော့ အဆိုပါ လမ်းကြောင်းကနေ တရုတ်နိုင်ငံဘက်က ကားအပိုပစ္စည်း၊ ဆိုင်ကယ်နဲ့ ဆိုင်ကယ်အပိုပစ္စည်းတွေအပြင်၊ အီလက်ထရောနစ်နဲ့ လူသုံးကုန်ပစ္စည်းတွေ အဓိကမှာယူမှုတွေ ရှိနေတယ်လို့ တရုတ်နိုင်ငံနဲ့ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ ကုန်သွယ်ဖို့ မြန်မာဘက်မှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ ကျိုင်းတုံ စတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေ ဖွင့်လှစ်ထားတာဖြစ်ပြီး ရှမ်းမြောက်တိုက်ပွဲတွေကြောင့် လားရှိုး-မူဆယ်၊ လားရှိုး- ချင်းရွှေဟော် စတဲ့အဓိက ကုန်သွယ်ရေးလမ်းကြောင်းနှစ်ခု ရပ်တန့်နေတာဖြစ်ပါတယ်။
ပြည်တွင်းကနေ တရုတ်နိုင်ငံကို အဓိကတင်ပို့တဲ့ ရေထွက်ကုန်၊ ဆန်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုး စတဲ့ ပို့ကုန်တင်ပို့မှုတွေဟာ လက်ရှိအချိန်ထိ ရပ်တန့်နေပြီး နယ်စပ်ကတင်ပို့မှု မရှိတော့ဘဲ လေကြောင်းနဲ့ပဲ တင်ပို့မှု အနည်းအကျဉ်းရှိတော့တယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ငါးဘီလီယံကျော်၊ ၂၀၂၁-၂၂ ဘဏ္ဍာနှစ်မှာ သုံးဘီလီယံကျော်ရှိခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာ နှစ်ဘီလီယံကျော် ကုန်သွယ်ထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ပုံစာ – မိုင်းလား-ကျိုင်းတုံလမ်းပိုင်းကိုတွေ့မြင်ရစဉ်
ဓာတ်ပုံ – ကိုသူ

