အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၁ (မော်ကွန်း)
မိုင်းကိုင် မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပခွင့်ပြုရန် ယင်းမြို့ နယ်ရှိ နိုင်ငံရေးပါတီလေးခုမှ တာဝန်ရှိသူများနှင့် ကိုယ်စားလှယ်လောင်းများက လက်မှတ်ရေးထိုး၍ ပြန်လည်တင်ပြထားကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တွဲဘက်အတွင်းရေးမှူး(၁) စိုင်းကျော်ညွန့်က ပြောသည်။
စိုင်းကျော်ညွန့်က “မိုင်းကိုင်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေနဲ့ စေ့စပ်ညှိနှိုင်းတယ်။ စေ့စပ်ညှိနှိုင်းပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်ကနေတစ်ဆင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို စာတင်ထားပါတယ်” ဟု ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်းပခွင့်မရှိသည့် နယ်မြေစာရင်းကို ထုတ်ပြန်ရာတွင် ရှမ်းပြည်နယ် မိုင်းကိုင်မြို့နယ်ပါဝင်ခဲ့သည့်အတွက် ယခုကဲ့သို့တင်ပြရခြင်းဖြစ်သည်။
တင်ပြတောင်းဆိုလိုက်သည့်ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီပါတီတို့ ပါဝင်သည်။
“မိုင်းကိုင်က ကျွန်တော်တို့ နိုင်ထားတဲ့နေရာလေဗျာ။ မဲလည်းအပြတ်အသတ်ကွာပါတယ်။ ကျွန်တော်တို့အတွက် ကိုယ်စားလှယ်လောင်းသုံးယောက် နစ်နာသွားဖို့ရှိပါတယ်။ ပါတီအရ နစ်နာတာက တစ်ပိုင်းပါ၊ ပိုပြီးတော့ နစ်နာတာက မဲဆန္ဒရှင်ပြည်သူတွေပါ” ဟု စိုင်းကျော်ညွန့်က မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲကျင်းပခွင့်မရှိသည့် နယ်မြေစာရင်းတွင် ရှမ်းပြည်နယ်ရှိ မြို့နယ်ခြောက်ခု၌ လုံးဝမကျင်းပရန်နှင့် မြို့နယ် ၁၇ ခုရှိ ရပ်ကွက်အချို့နှင့် ကျေးရွာအုပ်စုများပါဝင်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနများကပေးသည့် သဘောထားမှတ်ချက်များအပေါ် မူတည်ပြီး လတ်တလော အန္တရာယ်ဖြစ်စေနိုင်သည့် ဘေးကင်းလုံခြုံမှုမရှိသော မြို့နယ်များ၊ ရပ်ကွက်များ၊ ကျေးရွာအုပ်စုများကို ချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ယမန်နေ့က သတင်းမီဒီယာများကို ပြောကြားသည်။
“အခု ချန်လှပ်ထားတဲ့ မြို့နယ်တွေ၊ ကျေးရွာအုပ်စုတွေမှာ ဘေးကင်းလုံခြုံပါပြီ၊ အန္တရာယ်ရှိစေဖို့ အကြောင်းတွေ မပေါ်ပေါက်ပါဘူးလို့ ကျွန်တော်တို့ ရှင်ရှင်းလင်းလင်း သိလာရင်လည်း ဒါတွေကို ကျွန်တော်တို့ ဆက်လက်ပြီး ကျင်းပသွားချင်ပါတယ်။ ကျင်းပသွားမှာဖြစ်ပါတယ်။ အခု နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မီရင်လည်းပဲ ကျွန်တော်တို့ဘက်က ကျင်းပသွားဖို့ပဲ ရှိပါတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။
ပုံစာ – SNLD ပါတီ တွဲဘက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

