အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ ဇူလိုင် ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်၊ ပါဟုတ်ကြီးကျေးရွာနေ ရှမ်းနီလူမျိုး ကျောင်းသား လူငယ်နှစ်ဦးကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သတ်ဖြတ်ခဲ့ခြင်းအပေါ် နိုင်ငံတော်သမ္မတထံ တိုင်ကြားစာပေးပို့သွားမည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်းရေးပါတီ ဥက္ကဋ္ဌ စိုင်းဌေးအောင်က ပြောသည်။
“သူတို့ ဖြေရှင်းတဲ့ ပုံစံက နည်းနည်းလမ်းလွဲနေသလားလို့၊ ဒါကြောင့် တရားဥပဒေနဲ့အညီ ဆောင်ရွက်ပေးဖို့ သမ္မတကြီးဆီ စာပို့မလို့ပါ”ဟု စိုင်းဌေးအောင်က ပြောသည်။
ဇူလိုင် ၆ ရက်က ရှမ်းနီမျိုးနွယ်စုဖြစ်သည့် စိုင်းသန့်စင်အောင်(၁၈နှစ်)နှင့် စိုင်းဇော်မျိုးဦး(၁၇ နှစ်) တို့သည် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ အလည်သွားရောက်စဉ် ဆယ်ဇင်းကျေးရွာ အရောက်တွင် KIA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး ဇူလိုင် ၂၂ ရက်တွင် သေဆုံးသွားကြောင်း မိသားစုဝင်များထံ KIA က အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
ထိုလုပ်ရပ်အပေါ် KIA ဘက်က ဝန်ခံခဲ့ကာ ကျူးလွန်သူများကို ဖမ်းဆီးအရေးယူသွားမည်ဖြစ်ပြီး သေဆုံးသူတစ်ဦးလျှင် ငွေကျပ် သိန်း ၂၀၀ ကို မိသားစုဝင်များထံ ပေးလျော်ခဲ့သည်ဟု စိုင်းဌေးအောင်က ပြောသည်။
သို့သော် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ပေးအပ်ခြင်းမရှိကြောင်းနှင့် နောင်တွင် ထိုသို့ကျူးလွန်မှုများ ဆက်လက်မဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထိန်းကျောင်းဆောင်ရွက်နိုင်ရန် စာပေးပို့ တိုင်တန်းသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
အဆိုပါတိုင်ကြားစာကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပါအဝင် နိုင်ငံရေးပါတီများထံသို့ ပေးပို့သွားမည်ဟု စိုင်းဌေးအောင်က ပြောသည်။
အသတ်ခံရသူ ရှမ်းနီမျိုးနွယ်စုနှစ်ဦး ပုံ – Shan-Ni Nationalities Unity and Peace
#Dailynews