ရန်ကုန် – ၂၀၂၅ ဖေဖော်ဝါရီ ၁၃ (မော်ကွန်း)
ရှမ်းတောင်ပိုင်းနဲ့ ကရင်နီအစပ်က မိုးဗြဲ-လွိုင်ကော်ကားလမ်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းတွေ ဆက်တိုက်ထိုးနေပြီး ဒီနေ့ထိ အဲဒီလမ်းပိုင်းမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
စစ်ကောင်စီဟာ ဒီနှစ်စပိုင်းကစပြီး တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး လွိုင်ကော်-မိုးဗြဲ- ဖယ်ခုံ လမ်းပိုင်းတစ်လျှောက် နယ်မြေစိုးမိုးမှုပြန်ရရေးအတွက် စစ်ကြောင်းထိုးလာနေတာပါ။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မြို့စောင့်တပ် ခမရ (၄၂၂) တပ်ရင်းကိုအခြေပြုကာ မိုးဗြဲမြို့ပေါ်ကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဒီရက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်ဟာ လွိုင်ကော်-မိုးဗြဲလမ်းတစ်လျှောက်ကိုလည်း သူတို့ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့ကနေ စစ်ကြောင်းထိုးလာနေပြီး လွိုင်ကော်အထွက် လင်ဖုံလေးလမ်းဆုံအနီးမှာ မနေ့ကစပြီး တိုက်ပွဲတွေပြန်ဖြစ်နေတယ်လို့ မြေပြင်အခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“သူတို့က မိုးဗြဲစစ်ကို စစ်ကူသွားဖို့ကို ဒီဘက် လွိုင်ကော်ကနေလမ်းရှင်းနေတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ပစ်နေတယ်” လို့ ၎င်း သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ လက်ရှိ ကရင်နီဒေသထိုးစစ်တွေမှာ သူတို့ကိုဩဇာခံထားတဲ့ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ် (PNO) ပြည်သူ့စစ်တပ်တွေကို အသုံးပြုလာသလို စစ်မှုထမ်းသင်တန်းသားအသစ်တွေကိုလည်း အသုံးပြုလာတယ်လို့ တော်လှန်ရေးတပ်တွေက အသိပေးထားပါတယ်။
လက်ရှိထိုးစစ်တွေမှာ စစ်ကောင်စီတပ်ဟာ လေကြောင်း၊ လက်နက်ကြီးပစ်ကူနဲ့ မြေပြင်ထိုးစစ်တွေပါ အသုံးပြုပြီး ထိုးစစ်ဆင်လာတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
၎င်းတိုက်ပွဲတွေကြောင့် ဒေသတွင်းမှာတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တချို့လည်း ထပ်မံပြီး စစ်ဘေးရှောင်ရတဲ့ အခြေအနေတွေရှိကာ စားနပ်ရိက္ခာနဲ့ဆေးဝါးကူအညီတွေ လိုအပ်နေတယ်လို့ ၎င်းစစ်ဘေးရှောင်တချို့က ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ မြောက်ပိုင်းက ဖယ်ခုံမြို့နဲ့ မိုးဗြဲတောင်ပိုင်းက လွိုင်ကော်မြို့တို့ကို ထိန်းချုပ်ထားပေမယ့် တော်လှန်ရေးအင်အားစုတွေဟာ ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ထားတာပါ။
၎င်းဒေသမှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) နဲ့ NUG လက်အောက် PDF တပ်ရင်းတွေအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF) တချို့လည်း လှုပ်ရှားနေပါတယ်။
ပုံစာ – ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – KNDF

