ရွှေဘို – ၂၀၂၂ ဇန်နဝါရီ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်းlရွှေဘိုမြို့နယ်၊ ရွာစိုးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ကာ ဝင်ရောက်မီးရှို့ခဲ့ကြောင်း ဒေသခံတွေကပြောပါတယ်။
ဒါအပြင် ဒေသခံပြည်သူနှစ်ဦးကိုလည်း သတ်ဖြတ်သွားတယ်လို့ ဒေသခံကဆိုပါတယ်။
မနေ့ မနက်ပိုင်းက လက်နက်ကြီးတွေပါဝင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုမြို့နယ် သီးလုံးရွာကနေ ရွာစိုးရွာကို အင်အား ၂၀ဝ ကျော်နဲ့ ထွက်ခွါလာပါတယ်။
အဲဒီနောက် ဇီးဖြူကုန်းရွာနဲ့ ရွာစိုးရွာကြားမှာ တစ်နာရီလောက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
ဒီတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်ဘက်က အများအပြားသေဆုံးပြီး ဒဏ်ရာရရှိသွားသူတွေလည်း မနည်းကြောင်း ဒေသခံက ပြောပါတယ်။
အဲဒီနောက် အာဏာသိမ်းစစ်တပ်ဟာ ၆ဝမမ ၊ ၄ဝမမ စတဲ့လက်နက်ကြီးတွေနဲ့ အချက်၃ဝထက်မနည်းရမ်းသမ်းပစ်ခတ်ခဲ့ပြီး အနီးနားရှိ ရွာစိုးရွာက ရွာသူရွာသားများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
ရွာသားနှစ်ဦးကို သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် မီးရိူ့ဖျက်ဆီးခံခဲ့ရကြောင်း၊ ရွာထဲမှာ ကျန်ရစ်ခဲ့တဲ့ ရွာသူရွာသားတချို့ကို ဖမ်းဆီးခဲ့ပြီး လူသားဒိုင်းလုပ်၊ လမ်းပြခိုင်းတာကြောင့် ရွာစိုးရွာအနီးက PDFစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ကာ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံက ပြောပါတယ်။
“အသတ်ခံရတဲ့အထဲမှာ မသန်စွမ်းတစ်ယောက်လည်းပါတယ်ပြောတယ်။ ရွာလုံးကျွတ်ထွက်ပြေးနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်နက်၊ လူအင်အား ကွာခြားမှုကြောင့် ပေးဆပ်ခဲ့ရသော ရွာသားနှစ်ဦးနဲ့ ရွာက ပြည်သူ့အိုးအိမ်စည်းစိမ်တွေအတွက်ပါ နှစ်ဆတိုးပြီး အာဏာသိမ်းစစ်တပ်နဲ့ထောက်တိုင်၊ ပျူ၊ ဒလန်တွေကို ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း SNAKE EYES-PDFအဖွဲ့က ကြေညာပါတယ်။
ပုံစာ – မီးရှို့ခံရတဲ့ ရွာစိုးရွာ။
ဓါတ်ပုံ – ဒေသခံ
#Dailynews

