အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ စက်တင်ဘာ ၁၇ (မော်ကွန်း)
COVID-19 အတည်ပြုလူနာ၏ မိသားစုနှင့် ထိစပ်ခဲ့သူများကို ရွှေပြည်သာမြို့နယ်ရှိ Quarantine Center သို့ ပိုဆောင်ထားရာတွင် နေရာထိုင်ခင်းအဆင်မပြေမှုများကြောင့် လူသုံးဆယ်ကျော် အခက်အခဲ ဖြစ်နေကြောင်း ကူညီပေးနေသူများက ပြောသည်။
“ညက အချိန်မတော်ကြီး လာခေါ်သွားတယ်၊ အဲဒီလို လာမခေါ်ခင်မှာ တာဝန်ရှိတဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးကို ကျွန်တော်သွားပြောတယ်။ ဒီလူတွေကို Home Stay နေဖို့ ကျွန်တော်တာဝန်ယူတယ်၊ စားဝတ်နေရေးကိုလည်း ကျွန်တော်တာဝန်ယူတယ်၊ သူတို့ကို ဒီမှာပဲ ထားပေးပါ အဲဒီလို သွားပြောတယ်၊ Quarantine က ဟိုတယ်လို နေရာမျိုး သက်သောင့်သက်သာဆိုရင် ပြဿနာမရှိဘူး၊ ဒီလူတွေထဲမှာ ရက်ပိုင်းအတွင်း မွေးမယ့်ဗိုက်ကြီးသည် ရော၊ လသားကလေးတွေရော ချက်ချင်းကြီး ခေါ်သွားရင် ဒုက္ခရောက်ကုန်မယ်၊ အဲဒါ ပြောတာကို မြို့နယ်အုပ်ချုပ်ရေးမှူးက နားလည်မှု မရှိဘူး” ဟု အကူအညီပေးနေသူတစ်ဦးဖြစ်သည့် ဦးအောင်ကြီးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၁) ရပ်ကွက်၊ မိုးဟိန်းလမ်းတွင် COVID-19 အတည်ပြုလူနာတွေ့ရှိပြီးနောက် ထိုလူနာနှင့် ထိစပ်သည်ဟု ယူဆရသူ ၃၄ ဦးကို မြို့နယ်တာဝန်ရှိသူများက ခေါ်ဆောင်ပြီး အ.ထ.က(၄) စာသင်ကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ ထားရှိရာတွင် အဆင်မပြေမှုများ ကြုံနေရခြင်း ဖြစ်သည်။
ထိုသို့ ခေါ်ယူပြီးနောက် အိပ်ယာ၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးများ မရှိသည့်အပြင်
သောက်စရာရေပင် မရှိကြောင်းကို Quarantine Centre ပို့ဆောင်ခံရသူများက ၎င်းကို ဖုန်းဆက်အကြောင်းကြားသည့်အတွက် သိရှိရကြောင်း ဦးအောင်ကြီးက ရှင်းပြသည်။
“ဘာမှ အဆင်သင့်မရှိဘဲ ပြောရရင် လူလိုသူလို ခေါ်မသွားဘဲနဲ့ ဒီအတိုင်းဖြစ်ကတတ်ဆန်းကြီး အဲဒါကို စိတ်မ ကောင်းဖြစ်တာ” ဟု ၎င်းက ပြောသည်။
ထိုလူ ၃၄ ဦးသည် အတည်ပြုလူနာနှင့် တိုက်ရိုက်ထိတွေ့ခဲ့သူများ မဟုတ်ဘဲ လူနာ၏ မိသားစုဝင်နှင့်သာ ထိတွေ့ ခဲ့သူများဖြစ်သောကြောင့် Home Quarantine ထား၍ ရနိုင်မည်ဟု ထင်ကြောင်း သူက ပြောသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်ထံဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းချပစ်ခြင်းနှင့်သာကြုံရသည်။
ရွှေပြည်သာမြို့နယ်COVID-19 တုန့်ပြန်ရေးနှင့် အရေးပေါ်တားဆီးကာကွယ်ရေး ကော်မတီ နာယက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက လူဦးရေ များပြားနေသည့်အတွက် လိုအပ်ချက်များ ရှိကြောင်း မှတ်ချက်ပြုသည်။
“ဒါက တစ်နိုင်ငံလုံး အမျိုးသားရေးပုံစံ လှုပ်ရှားနေရတဲ့အခါမှာ တစ်ဦးတစ်ယောက်ရဲ့ ဆန္ဒကို လိုက်လျောရင် လည်း အဆင်မပြေဘူး၊ ဒါကိုလည်း ကျွန်တော်တို့ကို နားလည်ပေးပါ၊ လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် အခု လူပေါင်းက အများကြီးပဲ”ဟု ဦးရန်အောင်မင်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်၏ ပြောကြားချက်အရ ရွှေပြည်သာမြို့နယ်တွင် COVID-19 အတည်ပြုလူနာ ၄၀ ဦးခန့်ရှိနေပြီး ဆက်စပ်သူ ၅၀၀ ခန့်ကို ကွန်ပျူတာတက္ကသိုလ်နှင့် စာသင်ကျောင်းများဖြစ်သည့် အထက(၂) ၊ အထက(၄) ၊ အမက(၈) တို့တွင် Quarantine Centre များဖွင့်လှစ်ကာ ဝန်ဆောင်မှုပေးနေသည်။
မြန်မာနိုင်ငံတွင် ယနေ့ မွန်းလွဲပိုင်းအထိ အစိုးရ၏ ထုတ်ပြန်ချက်အရ ပိုးတွေ့အတည်ပြုလူနာ ၃,၈၉၄ ဦး ရှိနေပြီး ထိုအထဲမှ ၅၇ ဦးသေဆုံးခဲ့ကာ ၉၀၈ ဦးဆေးရုံဆင်းခွင့်ရခဲ့ပြီဖြစ်သည်။
မိုးဟိန်းလမ်းမှ ခေါ်ဆောင်သွားသူများအား ထားသည့် Quarantine Centre အားတွေ့ရစဉ် ။
ဓာတ်ပုံ – Aung Gyi (Facebook)
#Dailynews

