ရန်ကုန် – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
ယမန်နေ့က ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံခဲ့ရတဲ့ ရွှေညဝါဆရာတော်ဟာ ယခင်ကထက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသော်လည်း အင်းစိန်ထောင်တွင်းဆေးရုံမှာပဲ ဆေးကုသမှုဆက်လက် ခံယူနေရတယ်လို့ ရွှေညဝါဆရာတော်ရဲ့ တပည့်ရင်းတစ်ဦးဖြစ်တဲ့ ဦးဇင်းတစ်ပါးက မော်ကွန်းကို မိန့်ပါတယ်။
ဆရာတော်ဟာ ဇူလိုင် ၂၂ ရက်က အောက်စီဂျင်ကျလို့ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် ICU မှာ ဆေးကုသမှု ခံယူခဲ့ရပြီး ကိုဗစ်စစ်ဆေးရာမှာတော့ မတွေ့ရှိခဲ့ပါဘူး။
ရွှေညဝါဆရာတော် ဦးပညာသီဟ ကို အာဏာသိမ်းစစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅၀၅(ခ)နဲ့ ထောင်ဒဏ် နှစ်နှစ်ချမှတ်ခဲ့ပြီး တစ်နှစ်ကို လျှော့ရက် သုံးလရတယ်လို့ ထိုဦးဇင်းက ဆိုပါတယ်။
“ကျန်းမာရေးအခြေအနေက နဂိုထက်စာရင် ကောင်းတယ်၊ သိပ်ပြီး ဆိုးဆိုးဝါးဝါး မရှိတော့ဘူး။ ဒါပေမဲ့ လမ်းလျှောက်လို့မကောင်းဘူးပေါ့နော်။ လမ်းလျှောက်ရင် မောနေတယ်”လို့ ဆိုပါတယ်။
ရွှေညဝါဆရာတော်ဟာ ဖမ်းဆီးမခံရခင်ကတည်းက လေဖြတ်ရောဂါ၊ အသည်းရောဂါနဲ့ အာရုံကြောအားနည်းရောဂါကို ကုသနေရတာလည်းဖြစ်ပါတယ်။
လက်ရှိမှာတော့ ထောင်ဝင်စာတွေ့ခွင့် ရမရ ကို မသိသေးပေမဲ့ ဒီဇင်ဘာ ၃၀ ရက် ထောင်ဝင်စာပို့တဲ့နေ့မှသာ အသေးစိတ်သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေညဝါဆရာတော်ကို ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး အခုအမိန့်ချမှတ်တဲ့ အချိန်မှာတော့ ၁၀ လ ကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။
#Dailynews